နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။

သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Showing newest posts with label သဂါထာဝဂ္ဂသံယုတ်ပါဠိတော်. Show older posts
Showing newest posts with label သဂါထာဝဂ္ဂသံယုတ်ပါဠိတော်. Show older posts

Monday, April 5, 2010

အမိကို လုပ်ကျွေးသောသူကို...

မာတုပေါသကသုတ်

သာဝတ္ထိနိဒါန်း။ ထိုအခါ၌ အမိကို လုပ်ကျွေးသော ပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏- ''အသျှင်ဂေါတမ အကျွန်ုပ်သည် တရားသဖြင့် ထမင်းကို ရှာမှီးပါ၏၊ တရားသဖြင့် ထမင်းကို ရှာမှီး၍ အမိအဖတို့ကို လုပ်ကျွေးပါ၏။ အသျှင်ဂေါတမ အသို့နည်း၊ ဤသို့ ပြုလေ့ရှိသော အကျွန်ုပ်သည် ပြုဖွယ်ကိစ္စကို ပြုလေ့ရှိသူ ဖြစ်ပါသလော'' ဟု လျှောက်၏၊

''ပုဏ္ဏား ဤသို့ ပြုလေ့ရှိသော သင်သည် ပြုဖွယ်ကိစ္စကို ပြုလေ့ရှိသူ ဖြစ်ပေ၏၊ ပုဏ္ဏား အကြင်သူသည် တရားသဖြင့် ထမင်းကို ရှာမှီး၏၊ တရားသဖြင့် ထမင်းကို ရှာမှီး၍ အမိအဖတို့ကို လုပ်ကျွေး၏၊ ထိုသူသည် များသော ကောင်းမှုတို့ကို ဖြစ်ပွားစေ၏'' ဟု မိန့်တော်မူ၏။

''အကြင်သူသည် အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း တရားသဖြင့် လုပ်ကျွေး၏။ အမိအဖတို့၌ လုပ်ကျွေးခြင်းကြောင့် ထိုလုပ်ကျွေးသော သူကို ပညာရှိတို့သည် ဤဘဝ၌ပင်လျှင် ချီးမွမ်းကုန်၏၊ တမလွန်ဘဝဝယ် နတ်ပြည်၌ မွေ့လျော်ရ၏'' ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသည် ရှိသော် မာတုပေါသကပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါ၏။ ပ။ အသျှင်ဂေါတမ အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့'' ဟု လျှောက်၏။ 205

၉ - မာတုပေါသကသုတ်၊ ဥပါသက၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

ပေးလှူပြီးနောက် နှလုံးမသာခြင်း ဖြစ်ခဲ့သော်...

အပုတ္တကသုတ်

ထိုအခါ ပသေနဒီ ကောသလမင်းသည် နေမွန်းတည့်အခါ၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ပသေနဒီ ကောသလမင်းအား မြတ်စွာဘုရားသည် ''မင်းကြီး သင်သည် ယခု နေမွန်းတည့်အခါ၌ အဘယ်အရပ်က လာခဲ့သနည်း'' ဟု ဤစကားကို မိန့်တော်မူ၏။

အသျှင်ဘုရား ဤသာဝတ္ထိပြည်၌ သူဌေးကြီးသည် သေပါ၏၊
အမွေခံ သားမရှိသော ထိုဥစ္စာကို အကျွန်ုပ်သည် နန်းတော်တွင်းသို့ သွင်း၍ လာခဲ့ပါ၏၊
အသျှင်ဘုရား ရွှေချည်းပင် သိန်းတစ်ရာ ရှိပါ၏၊
ငွေမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊
အသျှင်ဘုရား ထိုသူဌေးကြီး၏ ထမင်းသုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏-
ပုန်းရည်လျှင် နှစ်ခွက်မြောက်သော ဆန်ကွဲထမင်းကို စားသုံး၏။
အဝတ်ကို သုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏-
သုံးလွှာစပ်၍ ချုပ်သော ပိုက်ဆံလျှော်အဝတ်ကို ဝတ်၏။
ယာဉ်ကို သုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏ -
သစ်ရွက်ထီးကိုဆောင်းလျက် ဆွေးမြေ့သောရထားငယ်ဖြင့် သွားပါ၏ဟု လျှောက်၏။

မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး ရှေး၌ ဖြစ်ဖူးသည်ကား ထိုသူဌေးကြီးသည် တဂ္ဂရသိခိအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူစေ၏၊

''ရဟန်းအား ဆွမ်းလှူကြကုန်လော့'' ဟု ဆိုပြီးလျှင် နေရာမှ ထ၍ ဖဲသွား၏၊ ပေးလှူပြီး နောက်၌ကား ''ထိုဆွမ်းကို ကျွန်ယောက်ျားတို့သည်လည်းကောင်း၊ အမှုလုပ်သမား တို့သည် လည်းကောင်း စားရကုန်မူကား မြတ်သေး၏'' ဟု နှလုံးမသာခြင်း ဖြစ်ခဲ့၏၊ အစ်ကို၏ တစ်ယောက်တည်းသော သားကိုလည်း ဥစ္စာဟူသောအကြောင်းကြောင့် အသက်ကို သတ်ခဲ့၏။

မင်းကြီး ထိုသူဌေးကြီးသည် တဂ္ဂရသိခိအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ဆွမ်းကို လှူဒါန်း၏၊ ထိုကံ၏ အကျိုးကြောင့် ကောင်းသောလားရာဖြစ်သော နတ်ပြည်သို့ ခုနစ်ကြိမ် ရောက်ရ၏၊ ထိုကံ၏ အကျိုးကြွင်းဖြင့် သာလျှင် ဤသာဝတ္ထိပြည်၌ပင်လျှင် သူဌေး ခုနစ်ကြိမ်ဖြစ်၏။ မင်းကြီး ထိုသူဌေးကြီးသည် ပေးလှူပြီးနောက် ''ထိုဆွမ်းကို ကျွန်ယောက်ျားတို့သည် လည်းကောင်း၊ အမှု လုပ်သမားတို့သည် လည်းကောင်း စားရကုန်မူကား မြတ်သေး၏'' ဟု နှလုံးမသာခြင်း ဖြစ်၏၊ ထိုကံ၏ အကျိုးကြောင့် မွန်မြတ်သော ထမင်းကို သုံးဆောင်ခြင်း၌ စိတ်မညွတ်၊ မွန်မြတ်သော အဝတ်ကို သုံးဆောင်ခြင်း၌ စိတ်မညွတ်၊ မွန်မြတ်သော ယာဉ်ကို သုံးဆောင်ခြင်း၌ စိတ်မညွတ်၊ မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့ကို သုံးဆောင်ခြင်း၌ စိတ်မညွတ်။

မင်းကြီး ထိုသူဌေးကြီးသည် အစ်ကို၏ တစ်ယောက်တည်းသော သားကို ဥစ္စာဟူသော အကြောင်းကြောင့် အသက်ကို သတ်၏၊ ထိုကံ၏ အကျိုးကြောင့် များစွာသော နှစ်တို့ပတ်လုံး လည်းကောင်း၊ များစွာသော နှစ်အရာတို့ပတ်လုံး လည်းကောင်း၊ များစွာသော နှစ်အထောင်တို့ပတ်လုံး လည်းကောင်း၊ များစွာသော နှစ်အသိန်းတို့ပတ် လုံးလည်းကောင်း ငရဲ၌ ကျက်ဖူး၏။ ထိုကံ၏ အကျိုးကြွင်းဖြင့်သာလျှင် အမွေခံ သားမရှိသော ဤဥစ္စာကို ခုနစ်ကြိမ်တိုင်တိုင် မင်း၏ ဘဏ်တိုက်သို့ သွင်းစေ၏။

မင်းကြီး စင်စစ်ကား ထိုသူဌေးကြီးအား အဟောင်းဖြစ်သော ကုသိုလ်ကံသည်လည်း ကုန်ပြီ၊ အသစ်ဖြစ်သော ကုသိုလ်ကံကိုလည်း မဆည်းပူးအပ်၊ မင်းကြီး ယနေ့ကား သူဌေးကြီးသည် မဟာရောရုဝ ငရဲ၌ ကျက်ရ၏ ဟု မိန့်တော်မူ၏။

အသျှင်ဘုရား သူဌေးကြီးသည် မဟာရောရုဝငရဲသို့ ရောက်၏ ဟူသည် ဤအတိုင်း မှန်ပါသလော ဟု လျှောက်၏။ မင်းကြီး ဤအတိုင်း မှန်၏၊ သူဌေးကြီးသည် မဟာရောရုဝ ငရဲ၌ ကျက်ရ၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

အကြင်စပါးသည် လည်းကောင်း၊ ဥစ္စာသည် လည်းကောင်း၊ ငွေသည် လည်းကောင်း၊ ရွှေသည်လည်းကောင်း၊ သိမ်းဆည်းအပ်သော တစ်စုံတစ်ရာသော အရာဝတ္ထုသည် လည်းကောင်း ရှိ၏။ ထိုသူအားမှီ၍ အသက်မွေးကုန်သော အကြင် ကျွန်ယောက်ျား တို့သည် လည်းကောင်း၊ အမှုလုပ်တို့သည် လည်းကောင်း၊ အခိုင်းအစေတို့သည် လည်းကောင်း ရှိကုန်၏။

အလုံးစုံသော ဥစ္စာကျေးကျွန်ကို ယူ၍ မသွားနိုင်၊ အလုံးစုံကို စွန့်၍ သွားရ၏။ ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း၊ ထိုမှတစ်ပါး စိတ်ဖြင့် လည်းကောင်း အကြင်ကံကို ပြု၏။ ထိုကံသည်သာလျှင် ထိုသူ၏ ဥစ္စာဖြစ်၏၊ ထိုကံကိုလျှင် ယူ၍ သွားရ၏၊ အရိပ်သည် ကိုယ်သို့ အစဉ်လိုက်သကဲ့သို့ ထိုကံသည်ပင် ထိုသူအား အစဉ်လိုက်၏။

ထိုကြောင့် တမလွန်၌ ဖြစ်သောအကျိုးကို ဆည်းပူးသော သူသည် ကုသိုလ် ကောင်းမှုကို ပြုရာ၏၊ ကောင်းမှုတို့သည် တမလွန်ဘဝ၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏ ဟု မိန့်တော်မူ၏။ 131

၁ဝ - ဒုတိယ အပုတ္တကသုတ်၊ ဒုတိယ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Wednesday, March 10, 2010

ပညာရှိတို့သည်...

ဗန္ဓနသုတ်

ပညာရှိတို့သည်
ထိုအနှောင်အဖွဲ့ကိုလည်း ဖြတ်ကုန်၍
ကာမဂုဏ်ချမ်းသာကို ပယ်လျက်
ငဲ့ကွက်ခြင်း မရှိကုန်ဘဲ ထွက်မြောက်ကုန်၏


ထိုအခါ၌ ပသေနဒီကောသလမင်းကြီးသည် လူများအပေါင်းကို နှောင်ဖွဲ့ထားအပ်၏၊ အချို့သောသူတို့ကို ကြိုးတို့ဖြင့်၊ အချို့သောသူတို့ကို လက်ထိပ်တို့ဖြင့်၊ အချို့သောသူတို့ကို သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့ထားအပ် ကုန်၏။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် နံနက်အချိန်၌ သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကုန်၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံ လှည့်လည်ပြီး၍ ဆွမ်းစားပြီးသည့်နောက် ဆွမ်းခံရာမှ ဖဲခဲ့ကုန်သည်ရှိသော် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ကြကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏-

''အသျှင်ဘုရား ပသေနဒီကောသလမင်းကြီးသည် လူများအပေါင်းကို နှောင်ဖွဲ့ ထားအပ်၏၊ အချို့သောသူတို့ကို ကြိုးတို့ဖြင်၊့ အချို့သောသူတို့ကို လက်ထိပ်တို့ဖြင့်၊ အချို့သော သူတို့ကို သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့ထားအပ်ပါကုန်၏'' ဟု လျှောက်ကုန်၏။

မြတ်စွာဘုရားသည်
ထိုအကြောင်းကိုသိ၍
ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏

''သံဖြင့်ပြုအပ်သော အနှောင်အဖွဲ့ကို လည်းကောင်း၊ သစ်သားဖြင့်ပြုအပ်သော အနှောင်အဖွဲ့ကိုလည်းကောင်း၊ လျှော်ဖြင့်ပြုအပ်သော အနှောင်အဖွဲ့ကို လည်းကောင်း၊ ခိုင်မြဲသော အနှောင်အဖွဲ့ဟူ၍ ပညာရှိတို့ မဆိုကုန်။ ကျောက်မျက်ရတနာ နားတောင်းတို့၌ လည်းကောင်း၊ သားသမီးတို့၌လည်းကောင်း၊ မယားတို့၌ လည်းကောင်း အလွန်အမင်း တက်မက်နှစ်သက်သည် ဖြစ်၍ အကြင် ငဲ့ကွက်ခြင်းသည် ရှိ၏။ အပါယ်သို့ ဆောင်တတ်သော လျော့သော အဖြေခက်သော ထိုငဲ့ကွက်ခြင်း အနှောင်အဖွဲ့ကို မြဲသော အနှောင်အဖွဲ့ ဟူ၍ ပညာရှိတို့ ဆိုကုန်၏၊ 121

ပညာရှိတို့သည်
ထိုအနှောင်အဖွဲ့ကိုလည်း ဖြတ်ကုန်၍
ကာမဂုဏ်ချမ်းသာကို ပယ်လျက်
ငဲ့ကွက်ခြင်း မရှိကုန်ဘဲ ထွက်မြောက်ကုန်၏ ဟု ရွတ်ဆိုတော်မူ၏။


၁ဝ - ဗန္ဓနသုတ်၊ ပဌမ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Tuesday, February 9, 2010

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏...

သိဝသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ၌ သိဝနတ်သားသည် ညဥ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံ အချိန်၌ အလွန် နှစ်သက်ဖွယ် အဆင်းရှိသည် ဖြစ်၍ ဇေတဝန် တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုး ပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် မြတ်၏၊ မယုတ်မာ။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပညာကို ရနိုင်၏၊
အခြား သူမိုက် ထံမှ ပညာကို မရနိုင်။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပူဆွေးသူတို့၏ အလယ်၌ မပူဆွေးရ။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ဆွေမျိုးတို့၏ အလယ်၌ တင့်တယ်၏။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့ သည် ကောင်းသောလားရာ သုဂတိဘဝသို့ ရောက်ကုန်၏။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့သည် အမြဲမပြတ် ချမ်းသာစွာ တည်နေရကုန်၏'' ဟု လျှောက်၏။


ထိုအခါ၌ မြတ်စွာဘုရားသည် သိဝနတ်သားကို
ဂါထာဖြင့် တုံ့ပြန်၍ မိန့်တော်မူ၏

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော်
အလုံးစုံသော ဆင်းရဲ အပေါင်းမှ 
လွတ်မြောက် နိုင်၏ ဟု မိန့်တော်မူ၏။
102

၁ - သိဝသုတ်၊ နာနာတိတ္ထိယ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

အဘယ်သို့သောသူကို သီလရှိသောသူဟု ဆိုပါကုန်သနည်း...

နန္ဒနသုတ်

တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နန္ဒနနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏- မြေကြီး အထုနှင့်တူသော ပညာရှိတော်မူသော ဂေါတမမြတ်စွာဘုရား အသျှင်ဘုရားကို မေးမြန်းပါ၏၊ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်အမြင်သည် အပိတ်အပင်မရှိပါ၊

အဘယ်သို့ သဘောရှိသောသူကို သီလရှိသောသူဟု ဆိုပါကုန်သနည်း၊
အဘယ်သို့ သဘောရှိသောသူကို ပညာရှိသောသူဟု ဆိုပါကုန် သနည်း၊
အဘယ်သို့ သဘောရှိသော သူသည် ဆင်းရဲကို လွန်၍ ဖြစ်သနည်း၊
အဘယ်သို့ သဘောရှိသော သူကို နတ်တို့သည် ပူဇော်ပါကုန်သနည်း။

အကြင်သူသည် လောကီလောကုတ္တရာ သီလရှိ၏၊
လောကီလောကုတ္တရာ ပညာရှိ၏၊
ပွားများပြီးသော စိတ်ရှိ၏၊
တည်ကြည်၏၊
ဈာန်၌ မွေ့လျော်၏၊
သတိနှင့် ပြည့်စုံ၏၊
အခါခပ်သိမ်း ပူဆွေးခြင်းမှ ကင်း၏၊
ကိလေသာကို ပယ်ပြီး ဖြစ်၏၊
အာသဝကုန်ပြီး ဖြစ်၏၊
အဆုံးစွန်သော ကိုယ်ကို ဆောင်လေ့ရှိ၏။
ထိုသို့ သဘောရှိသော သူကို သီလရှိသောသူဟု ဆိုကုန်၏၊ ထိုသို့ သဘောရှိသော သူကို ပညာရှိသောသူ ဟု ဆိုကုန်၏၊ ထိုသို့ သဘောရှိသော သူသည် ဆင်းရဲကို လွန်၍ ဖြစ်၏၊ ထိုသို့ သဘောရှိသော သူကို နတ်တို့သည် ပူဇော်ကုန်၏ ဟု မိန့်တော်မူ၏။ 95

၎ - နန္ဒနသုတ်၊ အနာထပိဏ္ဍိက၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Friday, April 24, 2009

သံသရာအယဉ် 'သြဃ'ကို မည်သို့ ကူးမြောက်တော်မူခဲ့ပါသနည်း...

သြဃတရဏသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူ၏၊

ထိုအခါ နတ်သားတစ်ယောက်သည် ညဥ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံ အချိန်၌ အလွန် နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန် တစ်ကျောင်းလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေလျက် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်ကာ မြတ်စွာဘုရားအား...

''အသျှင်- အသျှင်ဘုရားသည် အဘယ်သို့သော အကြောင်းအားဖြင့် သံသရာ အယဉ် 'သြဃ'ကို ကူးမြောက်တော်မူခဲ့ ပါသနည်း'' ဟု လျှောက်၏၊

ဒါယကာနတ်သား ငါသည် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် 'သြဃ'ကို ကူးမြောက်ခဲ့၏ ဟု မိန့်တော်မူ၏။ ''အသျှင်အသျှင်ဘုရားသည် အဘယ်သို့လျှင် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် 'သြဃ'ကို ကူးမြောက်တော်မူခဲ့ပါသနည်း'' ဟု လျှောက်၏၊ ဒါယကာနတ်သား ငါသည် အကြင်အခါ၌ ရပ်တည်နေ၏၊ ထိုအခါ နစ်မြုပ်ရ၏၊ အကြင်အခါ၌ အားထုတ်၏၊ ထိုအခါမျောပါး ရ၏၊

ဒါယကာနတ်သား ဤသို့လျှင် ငါသည် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် 'သြဃ'ကို ကူးမြောက်ခဲ့၏ ဟု ဟောတော်မူ၏။

''သတ္တလောက၌ ရပ်တည်မနေဘဲ အားမထုတ်ဘဲ တဏှာကို ကူးမြောက်တော် မူပြီးသော မကောင်းမှုမှ အပပြုပြီးသော ကိလေသာ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားကို ကြာမြင့်မှပင် ဖူးမြင်ရလေစွ တကား''။

ထိုနတ်သားသည် ဤစကားကို လျှောက်ထား၏၊ မြတ်စွာဘုရားသည် နှစ်သက် လက်ခံတော်မူ၏၊

ထိုအခါ ထိုနတ်သားသည် ''ငါ့အား မြတ်စွာဘုရားသည် နှစ်သက် လက်ခံ တော်မူ၏'' ဟု သိ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။ 1

၁ - သြဃတရဏသုတ်၊ နဠ၀ဂ်၊ ဒေ၀တာသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Wednesday, December 10, 2008

ဒဟရသုတ်- (ငယ်သည်)


ငယ်သည်ဟူ၍ မထေမဲ့မြင် မပြုကြနှင့်...


ဒဟရသုတ်- (ငယ်သည်)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတ၀န်ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ ပသေနဒီ ကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊

ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် {{အသျှင်ဂေါတမသည်လည်း {အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏}ဟူ၍ ၀န်ခံသလော}} ဟု မြတ်စွာဘုရားအား လျှောက်၏၊

မင်းကြီး {{အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏}} ဟူသော စကား ကို ကောင်းစွာ ဆိုလိုသူသည် ငါ့ကိုသာလျှင် (ရည်ညွှန်း၍) ဆိုသည် ဖြစ်ရာ၏။

မင်းကြီး မှန်၏၊
ငါသည် အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏ ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အကြင် သမဏဗြာဟ္မဏတို့သည်လည်း သံဃာနှင့် ပြည့်စုံကုန်၏၊ ဂိုဏ်းနှင့် ပြည့်စုံကုန်၏၊ ဂိုဏ်းဆရာဖြစ်ကုန်၏၊ ထင်ရှားကုန်၏၊ များသော အခြံအရံ ရှိကုန်၏၊ အယူဝါဒကို တီထွင်ကုန်၏၊ လူအများက သူတော်ကောင်းဟု သမုတ် အပ်ကုန်၏။ ဤသမဏဗြာဟ္မဏတို့သည် အဘယ်သူတို့နည်း၊ ပူရဏကဿပ၊ မက္ခလိ ဂေါသာလ၊ နိဂဏ္ဌနာဋပုတ္တ၊ ဗေလဋ္ဌ၏သား သိဉ္စည်း၊ ပကုဓကစ္စာယန၊ လူတို့၏ ဆံပင်ဖြင့် ရက်သောကမ္ဗလာကို ဆောင်သော အဇိတတို့တည်း။

ထိုသမဏဗြာဟ္မဏတို့သော်မှလည်း ငါသည်{{အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏ဟူ၍ ၀န်ခံကုန်သလော}} ဟု မေးအပ်ကုန်သည်ရှိသော် {အတု မရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏}} ဟု ၀န်မခံကုန်၊ အသျှင်ဂေါတမ သည် ဇာတ်အနွယ်အားဖြင့် ငယ်လည်း ငယ်၏၊ ရဟန်းပြုသစ်စလည်း ဖြစ်၏၊ သို့ဖြစ်လျက် အဘယ့်ကြောင့် ၀န်ခံသနည်း ဟု (လျှောက်၏)။

မင်းကြီး {ငယ်၏}ဟူ၍ မထေမဲ့မြင် မပြုအပ်ကုန်...
{ငယ်၏}ဟူ၍ ပြက်ရယ် မပြုအပ်ကုန်သော အရာတို့ကား ဤလေးပါးတို့တည်း။

အဘယ်လေးပါးတို့နည်းဟူမူ-

(၁) မင်းကြီး မင်းသားကို {ငယ်၏}ဟူ၍ မထေမဲ့မြင် မပြုအပ်၊
{ငယ်၏} ဟူ၍ ပြက်ရယ် မပြုအပ်။
(၂) မင်းကြီး မြွေကို {ငယ်၏}ဟူ၍ မထေမဲ့မြင် မပြုအပ်၊
{ငယ်၏} ဟူ၍ ပြက်ရယ် မပြုအပ်။
(၃) မင်းကြီး မီးကို {သေးငယ်၏}ဟူ၍ မထေမဲ့မြင် မပြုအပ်၊
{ငယ်၏} ဟူ၍ ပြက်ရယ် မပြုအပ်။
(၄) မင်းကြီး ရဟန်းကို {ငယ်၏}ဟူ၍ မထေမဲ့မြင် မပြုအပ်၊
{ငယ်၏} ဟူ၍ ပြက်ရယ် မပြုအပ်။

မင်းကြီး {ငယ်၏}ဟူ၍ မထေမဲ့မြင် မပြုအပ်ကုန် {ငယ်၏} ဟူ၍ ပြက်ရယ် မပြုအပ်ကုန်သော အရာတို့ကား ဤလေးပါးတို့တည်း။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး လူနတ်တို့၏ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

၁...
မင်းကြီး လူသည် ဇာတ်အမျိုးနှင့် ပြည့်စုံသော ဇာတ်သုံးမျိုးကို လွန်၍ ဖြစ်သော များသော အခြံအရံရှိသော မင်းသားကို {ငယ်၏} ဟူ၍ မထေမဲ့မြင် မပြုရာ၊ ပြက်ရယ် မပြုရာ။
အကြောင်းမူကား လူတို့ထက်မြတ်သော ထိုမင်းသားသည် မင်းအဖြစ်ကို ရသည်ရှိသော် အမျက်ထွက်သည် ဖြစ်၍ ရာဇဒဏ်ဖြင့် ထိုသူအား ပြင်းစွာ လုံ့လပြုတတ်၏၊ ထို့ကြောင့် မိမိ၏ အသက်ကို စောင့်ရှောက်လိုသူသည် ထိုသို့ မထေမဲ့မြင် ပြုခြင်းမှ ရှောင်ကြဉ်ရာ၏။

၂...
လူသည် ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း အကြင်အရပ်၌ မြွေကို မြင် ရာ၏၊ ထိုအရပ်၌ ထိုမြွေကို {ငယ်၏} ဟူ၍ မထေမဲ့မြင် မပြုရာ၊ ပြက်ရယ် မပြုရာ။
တန်ခိုးရှိသော မြွေသည် အထူးထူး အပြားပြားသော အဆင်းသဏ္ဌာန်တို့ဖြင့် လှည့်လည်တတ်၏၊ ထိုမြွေသည် တစ်ရံတစ်ခါ မိမိအနီးသို့ ရောက်၍ မလိမ္မာသော လူယောက်ျားကို လည်းကောင်း၊ လူမိန်းမကို လည်းကောင်း ကိုက်ရာ၏။ ထို့ကြောင့် မိမိအသက်ကို စောင့်ရှောက်လိုသူသည် ထိုသို့ မထေမဲ့မြင် ပြုခြင်းမှ ရှောင်ကြဉ်ရာ၏။

၃...
မင်းကြီး လူသည် များသော လောင်စာရှိသော အလျှံရှိသော မည်းနက်သည့် သွားရာ လမ်းကြောင်းရှိသော ထိုမီးကို {သေးငယ်၏} ဟူ၍ မထေမဲ့မြင် မပြုရာ၊ ပြက်ရယ် မပြုရာ။
ထိုမီးသည် လောင်စာကို ရသော် ကြီးမားသည်ဖြစ်၍ တစ်ရံတစ်ခါ မိမိအနီးသို့ ရောက်လာသော မလိမ္မာသော လူယောက်ျားကို လည်းကောင်း၊ လူမိန်းမကို လည်းကောင်း လောင်ရာ၏။ ထို့ကြောင့် မိမိအသက်ကို စောင့်ရှောက်လိုသူသည် ထိုသို့ မထေမဲ့မြင် ပြုခြင်းမှ ရှောင်ကြဉ်ရာ၏။ လောင်သည်၏ အစွမ်းအားဖြင့် သုတ်သင်တတ်သော မည်းနက်သည့် သွားရာ လမ်းကြောင်းရှိသော မီးသည် အကြင်တောကိုလောင်၏၊ ထိုတော၌ မြက်သစ်ပင် စသည်တို့သည် နေ့ညဥ့်များ စွာ လွန်ကုန်သော်မှသာ ပေါက်ရောက်နိုင်ကုန်၏။

၅...
မင်းကြီး သီလနှင့် ပြည့်စုံသော ရဟန်းသည် (သီလတည်းဟူသော) တန်ခိုးဖြင့် အကြင် (မထေမဲ့မြင်ပြုအပ်သော) သူကို လောင်တတ်၏။ ထိုသူအား သားသမီး တို့သည် လည်းကောင်း၊ အခြေလေးချောင်းရှိ ကျွဲနွားစသော သားကောင်တို့သည် လည်းကောင်း မဖြစ်ထွန်းကုန်။ အမွေခံတို့သည်လည်း အမွေဥစ္စာကို မရကုန်၊ ထိုသူတို့သည် သားသမီး မရှိကုန်သည် အမွေခံ မရှိကုန်သည် ဖြစ်၍ ထန်းပင်ငုတ် နှင့် တူကုန်၏။

ထို့ကြောင့်သာလျှင် မိမိ၏အကျိုးစီးပွားကို ကောင်းစွာ သိမြင်သော ပညာရှိသော ပုဂ္ဂိုလ်သည် မြွေကို လည်းကောင်း၊ မီးကို လည်းကောင်း၊ များသော အခြံအရံ ရှိသော မင်းကို လည်းကောင်း၊ သီလနှင့် ပြည့်စုံသော ရဟန်းကို လည်းကောင်း ကောင်းစွာ သာလျှင် ကျင့်ရာ၏ ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည်ရှိသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏- {{အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ်ရှိပါ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသော ၀တ္ထုကို လှန်ဘိသကဲ့သို့ လည်းကောင်း၊ ဖုံးလွှမ်းထားသော ၀တ္ထုကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ {မျက်စိအမြင်ရှိသော သူတို့သည် အဆင်းကို မြင်ကြလိမ့်မည်} ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့ လည်းကောင်း ဤအတူသာလျှင် မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်သည် ...
မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ}} ဟု (လျှောက်၏)။

၁ - ဒဟရသုတ်၊ ပဌမ၀ဂ်၊ ကောသလသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ဆက်ဖတ်သင့်တယ်နော်- Read More...

Wednesday, December 3, 2008

ဝတပဒသုတ်- (ကျင့်ဝတ်)

ဝတပဒသုတ်- (ကျင့်ဝတ်)

သာဝတ္ထိနိဒါန်း...
ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်က ခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို အပြည့်အစုံ ကောင်းစွာဆောက်တည်အပ်ကုန်ပြီ၊ ယင်းခုနစ်ပါး ကုန်သော ကျင့်ဝတ်အစုတို့ကို သိကြားမင်းသည် ကောင်းစွာ ဆောက်တည်သည် ၏ အဖြစ်ကြောင့် သိကြားမင်း၏ အဖြစ်ကို ရ၏၊

ခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ဟူသည် အဘယ်တို့နည်း-

(၁) အသက်ထက်ဆုံး အမိအဖကို လုပ်ကျွေးမွေးမြူသူ ဖြစ်ပါအံ့၊
(၂) အသက်ထက်ဆုံး အမျိုးထဲ၌ ကြီးသော သူတို့ကို အရိုအသေ ပြုလေ့ရှိသူ၊
(၃) အသက်ထက်ဆုံး သိမ်မွေ့သော စကားကို ဆိုလေ့ရှိသူ ဖြစ်ပါအံ့၊
(၄) အသက်ထက်ဆုံး ကုန်းစကားကို ဆိုလေ့ မရှိသူ ဖြစ်ပါအံ့၊
(၅) အသက်ထက်ဆုံး လွတ်လွတ် စွန့်ကြဲခြင်းရှိသူ၊ ပေးလှူရန် အခါခပ်သိမ်း စင်ကြယ်သောလက်ရှိသူ၊ စွန့်လှူခြင်း၌ မွေ့လျော်သူ၊ သူတစ်ပါးတို့ တောင်းခံခြင်း ငှါ ထိုက်သူ၊ ပေးကမ်းလှူဒါန်း ဝေဖန်ခြင်း၌ မွေ့လျော်သူဖြစ်၍ ၀န်တိုခြင်းကင်း သော စိတ်ဖြင့် အိမ်ကို အုပ်စိုးနေသူ ဖြစ်ပါအံ့၊
(၆) အသက်ထက်ဆုံး မှန်သော စကားကို ဆိုလေ့ရှိသူ ဖြစ်ပါအံ့၊
(၇) အသက်ထက်ဆုံး အမျက်ထွက်ခြင်း မရှိသူ {{အကယ်၍ ငါ့အား အမျက်ထွက် ခြင်း ဖြစ်စေကာမူ ထိုအမျက်ကို လျင်စွာသာလျှင် ပယ်ဖျောက်နိုင်သူ}} ဖြစ်ပါအံ့၊ ဤသည်တို့တည်း။

ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်က ခုနစ်ပါးကုန်သော ဤ ကျင့်ဝတ်အစုတို့ကို အပြည့်အစုံ ကောင်းစွာဆောက်တည်အပ်ကုန်ပြီ၊ ယင်းခုနစ်ပါး ကုန်သော ကျင့်ဝတ်အစုတို့ကို သိကြားမင်းသည် ကောင်းစွာ ဆောက်တည်သည် ၏ အဖြစ်ကြောင့် သိကြားမင်း၏ အဖြစ်ကို ရပြီဟု ဟောတော်မူ၏။

၁ - ၀တပဒသုတ်၊ ဒုတိယ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ဆက်ဖတ်သင့်တယ်နော်- Read More...

ပုနဗ္ဗသုသုတ်-

ဘီလူးမ မိသားစုတောင် တရားနာခဲ့ကြဘူးပြီ သင်တို့တတွေကော...

ပုနဗ္ဗသုသုတ်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတ၀န်ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့် စပ်သော တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာ ပြ လျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်း စေ၏၊
ထိုရဟန်းတို့သည်လည်း အရိုအသေပြုကာ နှလုံးသွင်းကုန်လျက် စိတ်ဖြင့် အလုံးစုံ တရားစကားကို ကောင်းစွာ မှတ်သားပြီးလျှင် နားစိုက်ထောင်ကုန်၍ တရားနာ ကုန်၏၊

ထိုအခါ၌ ပုနဗ္ဗသုမာတာ ဘီလူးမသည် သားငယ်ကို ဤသို့ နှစ်သိမ့်စေ၏-

{{ချစ်သမီး ဥတ္တရိကာ ငါသည် နတ်လူတို့ကို ဆုံးမတော်မူတတ်သော ဘုရားမြတ် ၏ တရားကို နာနေသမျှအတွင်း ဆိတ်ဆိတ် နေပါလော့၊ ချစ်သား ပုနဗ္ဗသု ဆိတ်ဆိတ်နေ ပါလော့။ မြတ်စွာဘုရားသည် အလုံးစုံသော အထုံးအဖွဲ့ (ဂန္ထ)မှ လွတ်မြောက်စေသော နိဗ္ဗာန်နှင့်စပ်သော တရားစကားကို ဟောတော်မူ၏၊ ဤ တရားတော်၌ မြတ်နိုးခြင်းသည် ငါ့အား ကြာမြင့်မှသာလျှင် ဖြစ်ရာ၏။ လောက၌ မိမိ၏ သားသမီးကို ချစ်အပ်၏၊ လောက၌ မိမိ၏ ခင်ပွန်းကို ချစ်အပ်၏၊ ငါ့အား သားသမီး ခင်ပွန်းလင်ကို ချစ်သည်ထက် ဤတရားကို တောင့်တ ရှာမှီးမှုကို ပိုလွန်၍ ချစ်မြတ်နိုးပါ၏။

သူတော်ကောင်းတို့၏ တရားကို နာကြားခြင်းသည် သတ္တ၀ါတို့အား ဆင်းရဲမှ လွတ်စေသကဲ့သို့ ချစ်ခင်အပ်သော သားသမီးသည်လည်းကောင်း၊ ခင်ပွန်းလင် သည် လည်းကောင်း ဆင်းရဲမှ မလွတ်စေနိုင်။

ဆင်းရဲဖြင့် နှိပ်စက်အပ်သော အိုခြင်း သေခြင်းနှင့် စပ်သော လောက၌ အိုခြင်း သေခြင်းမှ လွတ်ခြင်းငှါ (မြတ်စွာဘုရား) ထိုးထွင်း၍ သိတော်မူသော တရားကို နာခြင်းငှါ ငါသည် အလိုရှိပါ၏၊ ချစ်သား ပုနဗ္ဗသု ဆိတ်ဆိတ် နေပါလော့}} ဟု နှစ်သိမ့်စေ၏။

{{မိခင် ငါသည် စကားမပြော ဆိတ်ဆိတ် နေအံ့၊ ဤဥတ္တရာသည်လည်း ဆိတ် ဆိတ် နေပါ၏၊ တရားကိုသာလျှင် နှလုံးသွင်းပါလော့၊ သူတော်ကောင်းတို့၏တရား ကို နာကြားရခြင်းသည် ချမ်းသာပါ၏။ မိခင် သူတော်ကောင်းတို့၏ တရားကို မသိ သောကြောင့် ဆင်းရဲငြိုငြင်စွာ လှည့်လည်နေရကုန်၏၊ ပြင်းစွာ တွေဝေကုန်သော နတ်လူတို့အား အရောင်ကိုပြုတတ်သော၊ အဆုံးစွန်သော ကိုယ်တော်နှင့်လည်း ယှဉ်တော်မူသော၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော ဤမြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏}} ဟု (ဆို၏)။

{{ရင်၌ဖြစ်သော သားသည် ပညာရှိဖြစ်၍ ကောင်း၏၊ ငါ့သားသည် ဘုရားမြတ်၏ စင်ကြယ်စွာသော တရားကို ချစ်မြတ်နိုး၏။ ချစ်သား ပုနဗ္ဗသု ယခု ငါသည် ၀ဋ်မှ ထွက်မြောက်ပြီ၊ သင်ချစ်သားသည်လည်း ချမ်းသာခြင်းရှိသည် ဖြစ်လော့၊ အရိယာ သစ္စာတို့ကို (ငါတို့ သားသမီးတစ်စုတို့သည်) မြင်အပ်ကုန်ပြီ၊ ငါ၏ ဥတ္တရာ မည် သော ချစ်သမီးသည်လည်း (တရားကို) နာပါလော့}} ဟု (နှစ်သိမ့်စေ၏)။

၇ - ပုနဗ္ဗသုသုတ်၊ ယက္ခသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ဆက်ဖတ်သင့်တယ်နော်- Read More...

Thursday, November 13, 2008

ခေါမဒုဿသုတ်-

ခေါမဒုဿသုတ်-

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ခေါမဒုဿမည်သော သာကီဝင် တို့၏ နိဂုံး၌ နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ခေါမဒုဿနိဂုံးသို့ ဆွမ်းခံ ၀င်တော်မူ၏၊

ထိုအခါ၌ ခေါမဒုဿနိဂုံး၌ နေကုန်သော ပုဏ္ဏားနှင့်အမျိုးသားတို့သည် စည်းဝေး ရာသဘင်၌ တစ်စုံတစ်ရာပြုဖွယ် ကိစ္စကြောင့် စုဝေးကုန်၏၊ မိုးသည်လည်း တစ်ပေါက်တစ်ပေါက် ဆွတ်ဖျန်း၏၊

ထိုအခါ မြတ်စွာဘုရားသည် စည်းဝေးရာသို့ ချဉ်းကပ်တော်မူ၏၊ ခေါမဒုဿနိဂုံးနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် ကြွလာတော်မူသော မြတ်စွာဘုရားကို အဝေးမှ မြင်ကြကုန်လျှင် {{ဦးပြည်း ရဟန်းယုတ်တို့သည်ကား အဘယ်တို့နည်း၊ အဘယ် ဦးပြည်းရဟန်းယုတ်တို့သည် အစည်းအဝေး၌ ကျင့်ဝတ်တရားကို သိနိုင်ကုန် လတ္တံ့နည်း}} ဟု ဆိုကြကုန်၏၊

ထိုအခါ မြတ်စွာဘုရားသည်
ခေါမဒုဿနိဂုံးနေ ပုဏ္ဏားနှင့် အမျိုးသားတို့ကို ဂါထာဖြင့် ရွတ်ဆိုဟောကြား၏-

{{အကြင် အစည်းအဝေး၌ သူတော်ကောင်းတို့သည် မရှိကုန်၊ ဤအစည်းအဝေး သည် သဘင် မမည်။ အကြင် သူတို့သည် တရားကို မပြောဆိုတတ်ကုန်၊ ထိုသူတို့သည် သူတော်ကောင်း မမည်ကုန်။ တပ်မက်မှု {ရာဂ} ကို လည်းကောင်း၊ အမျက်ထွက်မှု {ဒေါသ}ကိုလည်းကောင်း၊ တွေဝေမှု {မောဟ}ကို လည်းကောင်း ပယ်၍ တရားကို ဟောပြောတတ်သူတို့သာ သူတော်ကောင်း ဖြစ်ကုန်၏}} ဟု ဟောတော်မူ၏။

ဤသို့ မိန့်တော်မူသည်ရှိသော် ခေါမဒုဿနိဂုံးနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြကုန်၏-

{{အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိစွတကား၊
အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိစွတကား၊
အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသော ၀တ္ထုကို လှန်ဘိသကဲ့သို့ လည်းကောင်း၊ ဖုံးလွှမ်းထားသော ၀တ္ထုကို ဖွင့်လှစ် ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့ လည်းကောင်း၊ {မျက်စိရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်} ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ဘိ သကဲ့သို့ လည်းကောင်း ဤအတူသာလျှင် အသျှင် ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူပါ၏။

ထိုအကျွန်ုပ်တို့သည် ...
အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ် ပါကုန်၏၊
တရားတော်ကို လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ် ပါကုန်၏။
သံဃာတော်ကို လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ် ပါကုန်၏။

အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာတို့ဟူ၍ မှတ်တော်မူပါလော့}} ဟု (လျှောက်ကုန်၏)။

၁၂ - ခေါမဒုဿသုတ်၊ ဥပါသက၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ဆက်ဖတ်သင့်တယ်နော်- Read More...

ဥဒယသုတ်-(တိုးပွားခြင်း)

မြတ်စွာဘုရားအား ...
{{ဤရဟန်းဂေါတမသည် အရသာ၌ တပ်မက်မောသည် ဖြစ်၍ အဖန်တလဲလဲ လာ၏}}

ဥဒယသုတ်- (တိုးပွားခြင်း၊ပွားစီးခြင်း)

သာဝတ္ထိနိဒါန်း...
ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်း ကို ဆောင်ယူပြီးလျှင် ဥဒယပုဏ္ဏား၏ အိမ်သို့ ချဉ်းကပ်တော်မူ၏၊ ထိုအခါ ဥဒယ ပုဏ္ဏားသည် မြတ်စွာဘုရား၏ သပိတ်ကို ဆွမ်းဖြင့် ပြည့်စေ၏၊

နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ဥဒယပုဏ္ဏား၏ အိမ်သို့ချဉ်းကပ်တော်မူ၏။ ထိုအခါ ဥဒယ ပုဏ္ဏားသည် မြတ်စွာဘုရား၏ သပိတ်ကို ဆွမ်းဖြင့် ပြည့်စေ၏၊

သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ဥဒယပုဏ္ဏား၏ အိမ်သို့ချဉ်းကပ်တော်မူ၏။ ထိုအခါ ဥဒယ ပုဏ္ဏားသည် မြတ်စွာဘုရား၏ သပိတ်ကို ဆွမ်းဖြင့် ပြည့်စေ၍ -

မြတ်စွာဘုရားအား ...
{{ဤရဟန်းဂေါတမသည် အရသာ၌ တပ်မက်မောသည် ဖြစ်၍ အဖန်တလဲလဲ လာ၏}} ဟု လျှောက်၏-

ပုဏ္ဏား ...
မျိုးစေ့ကို အဖန်တလဲလဲပင် စိုက်ပျိုးကုန်၏၊
မိုးမင်းသည် အဖန် တလဲလဲ ရွာသွန်း၏၊
လယ်ထွန်ယောင်္ကျားတို့သည် အဖန်တလဲလဲ လယ်ထွန်ကုန်၏၊
တိုင်းနိုင်ငံသူသည် အဖန်တလဲလဲ စပါးအလို့ငှါ ကပ်ရောက်၏။
ဖုန်းတောင်းယာစကာတို့သည် အဖန်တလဲလဲ တောင်းကုန်၏၊
အလှူရှင်တို့သည် အဖန်တလဲလဲ ပေးလှူကုန်၏၊
ပေးလှူ၍ အဖန်တလဲလဲ နတ်ပြည်ဌာနသို့ ရောက်ရကုန်၏။
နို့ညှစ်သမားတို့သည် အဖန်တလဲလဲ နို့ညှစ်ကုန်၏၊
နွားငယ်သည် အဖန်တလဲလဲ အမိနွားမသို့ ကပ်၏၊
အဖန်တလဲလဲ ပင်ပန်း၏၊ တုန်လှုပ်လည်း တုန်လှုပ်၏၊
ပညာနုံသော သူသည် အဖန်တလဲလဲ အမိဝမ်းသို့ ရောက်ရ၏။
အဖန်တလဲလဲ ပဋိသန္ဓေလည်း နေရ၏၊
သေလည်း သေရ၏၊ အဖန်တလဲလဲ သင်္ချိုင်းသို့ ဆောင်ကုန်၏၊
ပညာကြီးသူသည် အဖန်တလဲလဲ မဖြစ်ခြင်း၏ အကြောင်း နိဗ္ဗာန်ကို ရ၍
အဖန်တလဲလဲ ပဋိသန္ဓေ မနေရ ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည်ရှိသော် ဥဒယပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -
{{အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ ပ ။
အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်း ကပ်သူ ဥပါသကာဟူ၍ မှတ်တော်မူပါလော့}} ဟု (လျှောက်၏)။

၂ - ဥဒယသုတ်၊ ဥပါသက၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ဆက်ဖတ်သင့်တယ်နော်- Read More...

Thursday, September 25, 2008

မိတ္တသုတ်-

မိတ္တသုတ်-

* ခရီးသွားသော သူ၏ အဆွေခင်ပွန်းသည် အဘယ်နည်း၊
* ခရီးသွားသော သူ၏ အဆွေခင်ပွန်းသည် အတူသွားဖော်တည်း၊

* မိမိအိမ်၌ အဆွေခင်ပွန်းသည် အဘယ်နည်း၊
* မိမိ၏ အိမ်၌ အဆွေခင်ပွန်းသည် အမိတည်း၊

* ပြုဖွယ်ကိစ္စရှိသော သူ၏ အဆွေခင်ပွန်းသည် အဘယ်နည်း၊
* ပြုဖွယ်ကိစ္စရှိသော သူ၏ အဆွေခင်ပွန်းသည် သူငယ်ချင်းတည်း၊

* တမလွန်၌ ဖြစ်သော အဆွေခင်ပွန်းသည် အဘယ်နည်း ဟု (လျှောက်၏)။
* အဖန်ဖန် ကိုယ်တိုင် ပြုအပ်သော ကောင်းမှုတို့သည် တမလွန်၌ ဖြစ်သော အဆွေခင်ပွန်းမည်၏ ဟု (မိန့်တော်မူ၏)။

၃ - မိတ္တသုတ်၊ အဒ္ဓ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်။

ဆက်ဖတ်သင့်တယ်နော်- Read More...

Thursday, August 14, 2008

ကဿပဂေါတ္တသုတ်

ကဿပဂေါတ္တသုတ်

အခါတစ်ပါး၌ …
အသျှင်ကဿပဂေါတ္တသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊

အသျှင်ကဿပဂေါတ္တသည် နေ့သန့်စင်ရာသို့ ကပ်၍ သားသတ်မုဆိုးတစ်ယောက် ကို ဆုံးမ၏၊

ထိုအခါ ထို တောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် အသျှင်ကဿပဂေါတ္တအား ထိတ်လန့်စေလိုသည်ဖြစ်၍ ထိုအသျှင်ကဿပဂေါတ္တထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာတို့ဖြင့် ရွတ်ဆို၏-

{{ရဟန်း တောင်ချောက်ကြား၌ သွားလာနေသော ပညာမဲ့၍ အကြောင်းအကျိုး သိနိုင်သည့် စိတ်မရှိသော မုဆိုးကို အခါမဟုတ်သည်၌ ဆုံးမသော ရဟန်းသည် နှုံ့နှေးမိုက်မဲသူကဲ့သို့ အကျွန်ုပ် (ဉာဏ်၌) ထင်ပါ၏။

မုဆိုးမိုက်သည် နားထောင်၏၊ သိကား မသိ။
ကြည့်၏၊ မြင်ကား မမြင်။
တရားဟောသော်လည်း အနက်အဓိပ္ပာယ်ကို မသိနိုင်။

ကဿပ သင်သည် ဆယ်တိုင်သောမီးတို့ကို ညှိထွန်းစေကာမူ (ထိုသားမုဆိုး သည်) အဆင်းတို့ကို မမြင်ရလတံ္တ့၊ ထိုတောမုဆိုးအား (ပညာ) မျက်စိမရှိသည် သာတည်း}} ဟု ရွတ်ဆို၏။

ထိုအခါ၌ အသျှင်ကဿပဂေါတ္တသည် ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။

ကဿပဂေါတ္တသုတ်၊ ၀နသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ဆက်ဖတ်သင့်တယ်နော်- Read More...