နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။

သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Showing newest posts with label မဟာဝဂ်ပါဠိတော်. Show older posts
Showing newest posts with label မဟာဝဂ်ပါဠိတော်. Show older posts

Tuesday, March 9, 2010

သီလပြည့်စုံခြင်း အကျိုးငါးပါး...

ပါဋလိဂါမဝတ္ထု မှ

သီလပြည့်စုံခြင်း အကျိုးငါးပါး

ဥပါသကာတို့ သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၏ အကျိုး 'အာနိသင်' တို့သည် ဤငါးပါးတို့တည်း၊

အဘယ်ငါးပါးတို့နည်း ဟူမူ-

၁...
ဥပါသကာတို့ ဤလောက၌ သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် မမေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ်ဥစ္စာအစုကို ရ၏၊ ဤကား သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၌ ရှေ့ဦးစွာသော အကျိုးအာနိသင်တည်း။

၂...
ဥပါသကာတို့ တစ်ဖန်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူအား ကောင်းသော ကျော်စော သတင်းသည် ပျံ့နှံ့၍ ထွက်၏၊ ဤကား သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၌ နှစ်ခုမြောက် အကျိုး အာနိသင်တည်း။

၃...
ဥပါသကာတို့ တစ်ဖန်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် မင်းပရိသတ် ပုဏ္ဏားပရိသတ် သူကြွယ်ပရိသတ် ရဟန်းပရိသတ် အလယ်သို့ ချဉ်းကပ်ခဲ့သော် မကြောက်မရွံ့ မျက်နှာ မညှိုးငယ်ဘဲ ချဉ်းကပ်ရ၏၊ ဤကား သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်းကြောင့် သုံးခုမြောက် အကျိုးအာနိသင်တည်း။

၎...
ဥပါသကာတို့ တစ်ဖန်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် တွေဝေခြင်း မရှိဘဲ သေရ၏၊ ဤကား သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၌ လေးခုမြောက် အကျိုးအာနိသင်တည်း။

၅...
ဥပါသကာတို့ တစ်ဖန်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ရ၏၊ ဤကား သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၌ ငါးခုမြောက် အကျိုးအာနိသင်တည်း။

ဥပါသကာတို့
သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၌
အကျိုးအာနိသင်တို့သည် ဤငါးပါးတို့တည်း ဟု မိန့်တော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာတို့ကို ကြာမြင့်စွာ ညဥ့်နက်သည်တိုင်အောင် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်း စေပြီးလျှင် ''ဥပါသကာတို့ ညဥ့်ဦးယံ လွန်လေပြီ၊ ယခုအခါ၌ သွားရန်အချိန်ကို သင်တို့ သိကုန်၏၊ သွားရန်မှာ သင်တို့၏ အလိုအတိုင်းပင်ဖြစ်၏''ဟု ပြန်လွှတ်တော်မူ၏။

''ကောင်းပါပြီ အသျှင်ဘုရား'' ဟု ပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ပြန်သွားကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာတို့ ပြန်သွား၍ မကြာမြင့်မှီပင် ဆိတ်ငြိမ်ရာသို့ ဝင်တော်မူ၏။

၁၇၃ - ပါဋလိဂါမဝတ္ထု မှ၊ ဘေသဇ္ဇက္ခန္ဓက၊ မဟာဝဂ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Monday, May 25, 2009

အနာကြီး ငါးမျိုး ...



အနာကြီး ငါးမျိုး ...

တစ်ရံရောအခါ မဂဓတိုင်းတို့၌ နူနာ၊ အိုင်းအမာနာ၊ ယားနာ၊ ချောင်းဆိုးသွေးပါနာ၊ ရူးသွပ်သော အနာအားဖြင့် ငါးမျိုးသော အနာရောဂါတို့သည် ပေါများကုန်၏။ လူတို့သည် ငါးပါးသော အနာတို့ဖြင့် နှိပ်စက်အပ်ကုန်သည်ရှိသော် အဘယ မင်းသား မွေးစားသော ဇီဝကထံသို့ ချဉ်းကပ်ပြီးလျှင် ''ဆရာငါတို့ တောင်းပန်ပါ ကုန်၏၊ ငါတို့ကို ဆေးကုပေးပါလော့'' ဟု ပြောဆို ကုန်၏။

အမောင်တို့ အကျွန်ုပ်သည် များသော ကိစ္စရှိ၏၊ များသော ပြုဖွယ်ရှိ၏၊ အကျွန်ုပ် သည် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးကိုလည်း လုပ်ကျွေးပြုစု ရ၏၊ မောင်းမ အပေါင်းကို လည်းကောင်း၊ ဘုရားအမှူးရှိသော ရဟန်းသံဃာကို လည်းကောင်း လုပ်ကျွေးပြုစုရ၏၊ အကျွန်ုပ်သည် (အမောင်တို့အား) ဆေးကုပေး ခြင်းငှါ မစွမ်းနိုင်ပါဟု (ပြောဆို၏)။

ဆရာ အလုံးစုံသော ဥစ္စာနှစ်သည်လည်း သင့်အား ဖြစ်ပါစေ၊ အကျွန်ုပ်တို့သည် လည်း သင်၏ကျွန်များ ဖြစ်ပါစေကုန်၊ ဆရာ တောင်းပန်ပါကုန်၏၊ အကျွန်ုပ်တို့ကို ဆေးကုပေးပါလော့'' ဟု (ပြောဆိုကုန်၏)။ 

အမောင်တို့ အကျွန်ုပ်သည် များသော ကိစ္စ ရှိ၏၊ များသော ပြုဖွယ်ရှိ၏၊ အကျွန်ုပ် သည် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးကိုလည်း လုပ်ကျွေး ပြုစုရ၏၊ မောင်းမအပေါင်းကို လည်းကောင်း၊ ဘုရားအမှူးရှိသော ရဟန်းသံဃာကို လည်းကောင်း လုပ်ကျွေးပြုစုရ၏၊ အကျွန်ုပ်သည် (အမောင်တို့အား) ဆေးကု ပေးခြင်းငှါ မစွမ်းနိုင်ပါဟု (ပြောဆို၏)။

ထိုအခါ ထိုလူတို့အား- 
''သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ဤရဟန်းတို့သည် ချမ်းသာ သော သဘောရှိကုန်၏၊ ချမ်းသာသော အကျင့်ရှိကုန်၏၊ ကောင်းသော ဘောဇဉ် တို့ကို သုံးဆောင်ကုန်လျက် လေမတိုက်သော အိပ်ရာနေရာတို့၌ အိပ်ရကုန်၏၊ ငါတို့သည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့၏ အထံ၌ ရှင်ရဟန်း ပြုရပါကုန်မူကား ကောင်းလေစွ၊ ထိုသို့ ရဟန်းပြုသည်ရှိသော် ရဟန်း တို့သည်လည်း လုပ်ကျွေးပြုစုကြကုန်လတ္တံ့၊ အဘယမင်းသား မွေးစားသော ဆရာဇီဝကသည်လည်း ဆေးကုလတ္တံ့'' ဟု အကြံဖြစ်၏။

ထို့နောက် ထိုလူတို့သည် ရဟန်းတို့သို့ ချဉ်းကပ်ကုန်ပြီးလျှင် ရဟန်းအဖြစ်ကို တောင်းကုန်၏။ ထိုလူတို့ကို ရဟန်းတို့သည် ရှင်ပြုပေးကုန်၏၊ ပဉ္စင်းခံပေးကုန်၏။ ထိုလူတို့ကို ရဟန်းတို့သည်လည်း လုပ်ကျွေးပြုစုကုန်၏၊ အဘယမင်းသား မွေးစားသော ဇီဝကသည်လည်း ဆေးကုပေး၏။ 

ထိုအခါ ရဟန်းတို့သည် များသော သူနာရဟန်းတို့ကို လုပ်ကျွေးပြုစုကုန်သည် ရှိသော် ''သူနာအတွက် ဆွမ်းပေးလှူပါကုန်၊ သူနာပြုအတွက် ဆွမ်းပေးလှူပါကုန်၊ သူနာအတွက် ဆေးပေးလှူကုန်လော့'' ဟု အတောင်းအရမ်း များကုန်သည်ဖြစ်၍ နေကုန်၏။ အဘယမင်းသား မွေးစားသော ဇီဝကသည်လည်း များစွာသော သူနာ ရဟန်းတို့ကို ဆေးကုရသည် ဖြစ်၍ မင်း၏ အခြားကိစ္စကို ယုတ်လျော့စေ၏။ 88

တစ်ယောက်သော ယောက်ျားသည်လည်း အနာမျိုးငါးပါး နှိပ်စက်သည်ရှိသော် အဘယမင်းသား မွေးစားသော ဆရာဇီဝကထံသို့ ချဉ်းကပ်ပြီးလျှင် ''ဆရာ တောင်းပန်ပါ၏၊ အကျွန်ုပ်ကို ဆေးကုပေးပါလော့'' ဟု ပြောဆို၏။

အမောင် အကျွန်ုပ်သည် များသော ကိစ္စရှိ၏၊ များသော ပြုဖွယ်ရှိ၏။ ပ။ 
အကျွန်ုပ်သည် ဆေးကုပေးခြင်းငှါ မစွမ်းနိုင်ပါဟု (ပြောဆို၏)။

ဆရာ အလုံးစုံသော ဥစ္စာနှစ်သည်လည်း သင့်အား ဖြစ်ပါစေ၊ အကျွန်ုပ်သည် လည်း သင်၏ ကျွန် ဖြစ်ပါစေ၊ ''ဆရာတောင်းပန်ပါ၏၊ အကျွန်ုပ်ကို ဆေးကုပေး ပါလော့'' ဟု ပြောဆိုပြန်၏။

အမောင် အကျွန်ုပ်သည် များသော ကိစ္စရှိ၏၊ များသော ပြုဖွယ်ရှိ၏။ ပ။ 
အကျွန်ုပ်သည် ဆေးကုပေးခြင်းငှါ မစွမ်းနိုင်ပါဟု (ပြောဆို၏)။

ထိုအခါ ထိုယောက်ျားအား - 
''သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ဤရဟန်းတို့သည် ချမ်းသာ သော သဘောရှိကုန်၏၊ ချမ်းသာသော အကျင့်ရှိကုန်၏၊ ကောင်းသော ဘောဇဉ် တို့ကို သုံးဆောင်ကုန်လျက် လေမတိုက်သော အိပ်ရာနေရာတို့၌ အိပ်ရကုန်၏၊ ငါသည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့ထံ ရဟန်း ပြုရမူ ကောင်းလေစွ၊ ထိုသို့ ရဟန်းပြုသည်ရှိသော် ရဟန်းတို့သည်လည်း လုပ်ကျွေးပြုစုကုန်လတ္တံ့၊ အဘယမင်းသား မွေးစားသော ဆရာဇီဝကသည်လည်း
ဆေးကုလတ္တံ့၊ ထိုငါသည် အနာကင်းရှင်းလတ်သော် လူထွက်အံ့'' ဟု အကြံ ဖြစ်၏။

ထို့နောက် ထိုယောက်ျားသည် ရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် ရှင်ရဟန်း အဖြစ်ကို တောင်းလေ၏။ ထိုသူကို ရဟန်းတို့သည် ရှင်ပြုပေးကုန်၏၊ ပဉ္စင်းခံ ပေးကုန်၏။ ထိုရဟန်းကို ရဟန်းတို့သည် လုပ်ကျွေး ပြုစုကုန်၏၊ အဘယမင်းသား မွေးစားသော ဆရာဇီဝကသည်လည်း ဆေးကု၏။ ထိုရဟန်းသည် အနာကင်းရှင်း လတ်သော် လူထွက်၏။ 

အဘယမင်းသား မွေးစားသော ဆရာဇီဝကသည် လူထွက်နေသော ထိုယောက်ျား ကို တွေ့မြင်သောအခါ ''အမောင် သင်သည် ရဟန်းတို့အထံ၌ ရဟန်းပြုဖူးသည် မဟုတ်လော'' ဟု မေးလေ၏။

မှန်ပါသည် ဆရာဟု (ပြောဆို၏)။ ''အမောင် သင်သည် အဘယ့်ကြောင့် ဤသို့ သော အမှုကို ပြုဘိသနည်း'' ဟု (ပြောဆို၏)။ ထိုအခါ ထိုယောက်ျားသည် အဘယမင်းသား မွေးစားသော ဆရာဇီဝကအား ဤအကြောင်းကို ပြောကြား၏။ အဘယမင်းသား မွေးစားသော ဆရာဇီဝက က ''အသျှင်ကောင်းတို့သည် အဘယ့်ကြောင့် အနာမျိုးငါးပါး နှိပ်စက်သူကို ပဉ္စင်းခံပေးကြကုန် သနည်း'' ဟု ကဲ့ရဲ့ ၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။

ထို့နောက် အဘယမင်းသား မွေးစားသော ဆရာဇီဝကသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးနောက် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အဘယမင်းသား မွေးစားသော ဆရာ ဇီဝကသည် မြတ်စွာဘုရားကို ''အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်ကောင်း တို့သည် အနာမျိုးငါးပါး နှိပ်စက်သူကို ရဟန်းမပြုပါစေကုန်လင့်'' ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် အဘယမင်းသား မွေးစားသော ဆရာဇီဝကကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေ ကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထို့နောက် အဘယ မင်းသား မွေးစားသော ဆရာဇီဝကသည် မြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့် သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ဖဲခွါသွားလေ၏။ 

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်း တို့ကို-

''ရဟန်းတို့ အနာမျိုးငါးပါး နှိပ်စက်သောသူကို ရှင်ရဟန်းပြုမပေးရ၊ အကြင် ရဟန်းသည် ရှင် ရဟန်းပြုပေးငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏'' ဟု မိန့်တော်မူ၏။ 89

၂၆ - အနာကြီး ငါးမျိုး၊ မဟာခန္ဓက၊ မဟာဝဂ်ပါဠိတော်။ ဆေးဆရာဇီဝက




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Tuesday, April 14, 2009

ဂေါပက... စောင့်ရှောက်သောသူ ...


ဂေါပကနတ်သား ဝတ္ထု မှ...

(ဂေါပက=စောင့်ရှောက်သောသူ)

အသျှင်ဘုရား ဤကပိလဝတ်ပြည်၌ပင်လျှင် ဘုရား တရား သံဃာ၌ ကြည်ညို၍ ငါးပါးသီလကို စောင့်ထိန်းလေ့ ရှိသည့် ဂေါပိကာမည်သော သာကီဝင်မင်းသမီး သည် ရှိပါ၏၊ ထို (မင်းသမီး)သည် မိန်းမအဖြစ် (မိန်းမဘဝ) ကို စက်ဆုပ်လျက် ယောက်ျားဖြစ်ကြောင်းကို ဖြည့်ကျင့်၍ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက် ၌ ကောင်းသောလားရာ တာဝတိံသာနတ်ပြည်ဝယ် အကျွန်ုပ်တို့၏ သားအဖြစ်သို့ ရောက်လာပါ၏။ ထို (တာဝတိံသာ နတ်ပြည်)၌လည်း ထို(နတ်သား)ကို ''ဂေါပက နတ်သားဂေါပကနတ်သား'' ဟူ၍ ခေါ်ကြပါကုန်၏။

အသျှင်ဘုရား ...
အခြား ရဟန်းသုံးပါးတို့သည်ကား မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်ပါ လျက်ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်လာပါကုန်၏။ ထိုနတ်တို့သည် ကာမဂုဏ် ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာခံစား ပျော်ရွှင်လျက် အကျွန်ုပ်တို့အား ခစားဖျော်ဖြေ ရန် သုဓမ္မာ နတ်သဘင်သို့ လာရောက် ကြပါကုန်၏။

အကျွန်ုပ်တို့အား ခစားဖျော်ဖြေရန် လာရောက်သော ထိုနတ်တို့ကို ဂေါပကနတ် သားသည် (ဤသို့)သတိပေးပြောဆိုပါ၏။


''အသျှင်တို့ သင်တို့သည် အဘယ်ကို ဉာဏ်ဦးလှည့်၍ ထိုမြတ်စွာဘုရား၏ တရား တော်ကို နာခဲ့ကြပါသနည်း၊ အကျွန်ုပ်သည်ကား ဘုရား, တရား, သံဃာ၌ ကြည်ညို၍ ငါးပါးသီလမျှကို စောင့်ထိန်းလေ့ရှိသည့် မိန်းမပင်ဖြစ်သော်လည်း မိန်းမအဖြစ် (မိန်းမဘဝ) ကို စက်ဆုပ်လျက် ယောက်ျားဖြစ်ကြောင်းကို ဖြည့်ကျင့် သဖြင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ တာဝ တိံသာနတ်ပြည်ဝယ် နတ်တို့၏အရှင် သိကြားမင်း၏ သားအဖြစ်သို့ ရောက်လာ ပါ၏၊ ဤတာဝတိံသာ နတ်ပြည်၌လည်း အကျွန်ုပ်ကို ''ဂေါပကနတ်သား ဂေါပက နတ်သား'' ဟူ၍ ခေါ်ကြပါကုန်၏။

အသျှင်တို့ သင်တို့သည်ကား ...
မြတ်စွာဘုရားအထံ၌ မြတ်သောအကျင့်ကို ကျင့်ခဲ့ပါလျက် ယုတ်နိမ့်သော ဂန္ဓဗ္ဗ နတ်မျိုး၌ ဖြစ်လာရကုန်၏၊ အသျှင်တို့ တရားကျင့်ဖက်ပုဂ္ဂိုလ်တို့ကို ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ဖြစ်နေကြသည်တို့ကို မြင်ရကုန်သော အကျွန်ုပ်တို့သည် မမြင်သင့် သော သဘောကို မြင်ရလေကုန်စွတကား''
ဟု (သတိပေးပြောဆိုပါ၏)။

အသျှင်ဘုရား ...
ဂေါပကနတ်သားသည် သတိပေးပြောဆို အပ်ကုန်သော ထိုနတ်သားသုံးယောက် တို့တွင် နတ်သား နှစ်ယောက်တို့သည် မျက်မှောက် ဘဝ၌ပင် (ပဌမဈာန်) သတိ ကို ရလျက် ဗြဟ္မပုရောဟိတဘုံသို့ ရောက်ကုန်၏၊ တစ်ယောက်သော နတ်သား သည်ကား ကာမဘုံ၌ပင် ပျော်၍ နေပါ၏။353

အကျွန်ုပ်သည် စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဥပါသိကာမ ဖြစ်ခဲ့ပါ၏၊ အကျွန်ုပ်၏ အမည်သည် 'ဂေါပိကာ' ဖြစ်ပါ၏၊ အကျွန်ုပ်သည် ဘုရား, တရား၌ အလွန်ကြည်ညိုခဲ့ပါ၏၊ သံဃာကိုလည်း ကြည်ညိုသော စိတ်ဖြင့် လုပ် ကျွေးခဲ့ပါ၏။ ထိုမြတ်စွာဘုရား တရားတော်၏ ကောင်းမြတ်ခြင်း ကြောင့်သာလျှင် အကျွန်ုပ်သည်တာဝတိံသာနတ်ပြည်သို့ ရောက်၍ သိကြားမင်း၏ တန်ခိုး အာနု ဘော် ကြီးသော သားဖြစ်ရပါ၏၊ ဤ (တာဝတိံသာနတ်ပြည်) ၌လည်း အကျွန်ုပ်ကို
'ဂေါပက'ဟု ခေါ်ကြပါကုန်၏။ ထိုအခါ ဂန္ဓဗ္ဗနတ်မျိုး၌ ရောက်၍ နေကုန်သော ရှေးက မြင်ဖူးကုန်သော ရဟန်း ဖြစ်ခဲ့ကုန်သော ဤနတ်တို့ကို မြင်ရပါ၏။ မှန်ပါ၏၊

ဂေါတမမြတ်စွာ ဘုရား၏ တပည့်ရဟန်း ဖြစ်ခဲ့ကုန်သော ထိုနတ်တို့ကို အကျွန်ုပ် တို့သည် ရှေးလူ ဖြစ်စဉ်က ခြေဆေးရေ ခြေနယ်ဆီတို့ဖြင့် ချီးမြှောက်ပူဇော်၍ ဆွမ်းဖြင့် လည်းကောင်း၊ အဖျော်ဖြင့် လည်းကောင်း လုပ်ကျွေးပြုစုခဲ့ ပါကုန်၏၊ ဤ
အသျှင်တို့သည် အဘယ်ကို ဉာဏ်ဦးလှည့်၍ မြတ်စွာဘုရား၏ တရားတော်တို့ကို နာယူခဲ့ကြပါကုန်သနည်း။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ထိုးထွင်းသိတော်မူ၍ ကောင်းစွာ ဟောကြားအပ်သော တရားတော်ကို ကိုယ်တိုင် သိခဲ့ရပါ၏၊ အကျွန်ုပ်သည် အသျှင်တို့ကိုပင် ဆည်းကပ် ကိုးကွယ်လျက် အရိယာ တို့ ကောင်းစွာ ဟောအပ်သော တရားတို့ကို ကြားနာရသဖြင့် တာဝတိံသာနတ် ပြည်သို့ ရောက်၍ သိကြားမင်း၏ တန်ခိုးအာနုဘော်ကြီးသော သား ဖြစ်ရပါ၏။ အသျှင်တို့ သင်တို့သည်ကား မြတ်စွာဘုရားကို ဆည်းကပ်ရပါကုန်လျက် အမြတ် ဆုံး အကျင့်ကိုကျင့်ကြရပါကုန်လျက် ယုတ်နိမ့်သော ဂန္ဓဗ္ဗ နတ်မျိုး၌ ဖြစ်ကြရ ကုန်၏။ အသျှင်တို့၏ ဘဝအကျိုးပေးသည် မသင့်လျော်လေစွတကား၊ တရားကျင့် ဖက် ပုဂ္ဂိုလ်တို့ကိုယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်နေကြသည်တို့ကို မြင်ရကုန် သော အကျွန်ုပ်တို့သည် မမြင်သင့်သော သဘောကို မြင်ရလေကုန်စွ တကား။ အသျှင်တို့ (သင်တို့သည်) ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်နေကြရသောကြောင့် တာဝတိံသာ နတ်တို့ကို ခစားဖျော်ဖြေရန် လာကြရ ကုန်၏။

လူ့ဘောင်၌ နေသော အကျွန်ုပ်၏ ဤထူးခြား သောအဖြစ်ကို ရှုစမ်းပါလော့။ ထို (အကျွန်ုပ်သည်) ရှေးဘဝ၌ မိန်းမဖြစ်လျက် ယခုအခါ၌ နတ်စည်းစိမ်တို့နှင့် ပြည့်စုံ သော နတ်ယောက်ျား ဖြစ်လာရပါ၏၊ ဤသို့ ဂေါတမမြတ်စွာဘုရား၏ တပည့် ဂေါပကနတ်သားသည် သတိပေး ပြောဆိုအပ်ကုန်သော ထိုနတ်သား သုံးယောက် တို့သည် သံဝေဂရကြကုန်၍ ဂေါပကနတ်သားထံ အညီအညွတ် သွားကြပြီးလျှင် ငါတို့သည် (တရားထူးကို ရခြင်းငှါ) ယခု အားထုတ်ကုန်တော့အံ့၊ ပြင်းစွာအား ထုတ်ကုန်တော့အံ့၊ သူတစ်ပါးတို့၏ အစေခံမဖြစ် ကုန်တော့အံ့ဟု ဆိုကုန်၍၊ ထို (သုံးယောက်) တို့တွင်နှစ်ယောက်သော နတ်တို့သည် ဂေါတမမြတ်စွာဘုရား၏ အဆုံးအမတို့ကို အဖန်ဖန် အောက်မေ့လျက် အားထုတ်ခြင်းကို ဖြစ်စေကုန်၏။ ဤနတ်ပြည်၌ပင် စိတ်တို့ကို တပ်မက်ခြင်းကင်းစေ၍ ကာမဂုဏ်တို့၌ အပြစ်ကို မြင်ကုန်၏။

ဆင်ပြောင်ကြီးသည် မြဲစွာ ဖွဲ့ချည်ထားသော ကြိုးတို့ကို ဖြတ်သကဲ့သို့၊ ထိုနတ် နှစ်ယောက်တို့သည် လွန်မြောက်နိုင်ခဲသော မာရ်နတ်၏ နှောင်ကြိုးဖြစ် ကုန်သော ကာမသံယောဇဉ် ကာမ အနှောင်အဖွဲ့တို့ကို ဖြတ်၍ တာဝတိံသာနတ်တို့ ကို ကျော်လွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏၊ ရာဂကင်းခြင်းကို ပြုကုန်လျက် အနာဂါမ် ဖြစ်ကုန်သော သူရဲကောင်းနတ်သား နှစ်ယောက်တို့သည် သိကြားမင်း နှင့်တကွ ပဇာပတိနတ်မင်း နှင့်တကွ သုဓမ္မာနတ်သဘင်သို့ ပါဝင်တက်ရောက် ကုန်သော အလုံး စုံသောနတ်တို့ကိုကျော်လွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏၊ နတ်တို့ကို စိုးမိုးသော သိကြားမင်းသည် ထို (နတ်) တို့ကို မြင်၍ဤနတ်သား နှစ်ယောက်တို့သည် ယုတ် နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်လာကုန်သော်လည်း တာဝတိံသာနတ်တို့ကို ကျော် လွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏ဟု (ဆိုလျက်) နတ်အပေါင်း၏ အလယ်၌ သံဝေဂဖြစ် လေ၏။ ထိုဂေါပကနတ်သားသည် သံဝေဂဖြစ်နေသော သိကြားမင်း၏ စကားကို ကြား၍ သိကြားမင်းကို (ဤသို့) ပြောဆို၏။

နတ်တို့၏အရှင် သိကြားမင်း လူ့ပြည်၌ ဘုရားသည် ပွင့်တော်မူလျက်ရှိ၏။ ကာမဂုဏ်တို့ကို နှိမ်နင်းနိုင်သော သကျမုနိ 'သာကီဝင်မင်းသား ဘုရားသျှင်' ဟု ကျော်စော၏။ ထိုနတ်တို့သည် ပဌမဈာန်သတိမှ ကင်းလွတ်လျက် ရှိကုန်သော ထို မြတ်စွာဘုရား၏ သားတော်တို့ပင် ဖြစ်ပါကုန်၏၊ အကျွန်ုပ် သတိပေးအပ်သည် ဖြစ်၍ ပဌမဈာန်သတိကို ရကြပါကုန်ပြီ။ ထိုနတ်သားသုံးယောက်တို့တွင် နတ်သား တစ်ယောက်သည် ဤဂန္ဓဗ္ဗနတ်မျိုး၌ ထာဝစဉ်နေသူ အာဝါသိက ဖြစ်နေပါ၏၊ နှစ်ယောက်သော နတ်သားတို့သည်ကား ဂန္ဓဗ္ဗနတ်မျိုး၌ ကပ်ရောက်၍ နေလာ ကုန်သော်လည်း အနာဂါမိမဂ်သို့ ရောက်လျက် တည်ကြည်သော စိတ်ရှိကုန်၍ နတ်တို့ကိုပင်သော်လည်း ယုတ်ညံ့သည် ထင်ပါကုန်၏။ ဤ (သာသနာတော်၌) တရားတော်ကို ထင်ရှားစေကုန်သော ဂုဏ်နှင့်ပြည့်စုံသည့် ဤသို့သော တပည့် သာဝကတို့ ရှိပါကုန်၏။

ထိုတပည့် သာဝကတို့တွင် တစ်စုံတစ်ယောက်သော တပည့်သာဝကသည် ဘုရား စသည်၌ အဘယ်သို့ ယုံမှားတော့ အံ့နည်း၊ မယုံမှားတော့သည်သာ ဖြစ်၏။ သြဃလေးပါးကို ကူးမြောက်တော်မူ ပြီးသော၊ ဝိစိကိစ္ဆာကို ဖြတ်တောက်တော် မူပြီးသော၊ မာရ်ငါးပါးကို အောင်တော်မူသော၊ လူသုံးပါးတို့ထက် မြတ်တော်မူ သော မြတ်စွာဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးကြပါကုန်စို့ ဟု (ပြောဆို၏)။

အသျှင်ဘုရား...
ထို နတ်သားသုံးယောက်တို့တွင် နတ်သားနှစ်ယောက်တို့သည် ဤနတ်ပြည်၌ အသျှင်ဘုရား၏တရားကို သိကုန်သောကြောင့် ဗြဟ္မပုရောဟိတ ကိုယ်ခန္ဓာကို ရ၍ အနာဂါမိမဂ်ဟူသော တရားထူးကို ရကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ် တို့သည် ဤတရားထူးကို ရခြင်းငှါ လာရောက်ကြပါ ကုန်၏၊

အသျှင်ဘုရား မြတ်စွာဘုရားသည် အခွင့်ပေးတော်မူပါသော် အကျွန်ုပ်တို့သည် ပြဿနာကို မေးလိုပါကုန်၏ ဟု (လျှောက်၏)။354

ထိုအခါ မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်၏-
''ဤသိကြားမင်းသည်* ရှည်စွာသော နေ့ညဥ့်ပတ်လုံး စင်ကြယ်သော အကျင့် ရှိခဲ့ ၏၊ မည်သည့် ပြဿနာကို မေးသည်ဖြစ်စေ အကြောင်းနှင့်စပ်သော ပြဿနာကို သာ မေးလတ္တံ့၊ အကြောင်းနှင့်မစပ်သော ပြဿနာကို မမေးလတ္တံ့။ ထိုသိကြား မင်း မေး၍ ငါဖြေလတ်သော် ထိုအဖြေကို လျင်မြန်စွာပင် သိလတ္တံ့'' ဟု အကြံ ဖြစ်၏။355

ထိုအခါ မြတ်စွာဘုရားသည် ...
နတ်တို့၏အရှင် သိကြားမင်းကို ဂါထာဖြင့် မိန့်ကြားတော်မူ၏-
''သိကြားမင်း သင်၏ စိတ်၌ မေးလိုသော ပြဿနာကို ငါ့အား မေးလော့၊ ထိုထိုပြဿနာအတွက် ဖြစ်ပေါ်နေသော သင်၏ ယုံမှားခြင်း ဝိစိကိစ္ဆာကို အဆုံး တိုင် ပြေရှင်းအောင် ငါ ဖြေရှင်းအံ့'' ဟု (မိန့်တော်မူ၏)။356

ဂေါပကနတ်သား ဝတ္ထု-မှ၊ သက္ကပဥှသုတ်၊ မဟာဝဂ်ပါဠိတော်။

*။ မစလရွာ မာဃလုလင်ဘဝမှ စ၍ စင်ကြယ်ခြင်းကို မြင်၍ မြတ်စွာဘုရား ဤစကားကို ဆို၏ဟု အဋ္ဌကထာ၌လာ၏။

စိတ်ဆင်းရဲ ကင်းချင်ကုန်လျက် ...



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Sunday, December 14, 2008

သီလပျက်စီးသူ၏ အပြစ်-

သီလပျက်စီးသူ၏ အပြစ် ၅-ပါး-

မြတ်စွာဘုရားသည် နာဠန္ဒာမြို့၌ အလိုရှိသမျှနေတော်မူပြီးလျှင်
{{အာနန္ဒာ လာသွားကုန်အံ့၊ ပါဋလိရွာဆီသို့ ချဉ်းကပ်ကုန်အံ့}} ဟု
အသျှင်အာနန္ဒာအား မိန့်တော်မူ၏။

{{အသျှင်ဘုရား ကောင်းပါပြီ}} ဟု အသျှင်အာနန္ဒာသည်
မြတ်စွာဘုရားအား ၀န်ခံ၏။

ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာတို့နှင့်အတူ ပါဋလိရွာသို့ ကြွရောက်တော်မူ၏။ ပါဋလိရွာသား ဥပါသကာတို့သည် {{မြတ်စွာဘုရား ပါဋလိ ရွာသို့ ရောက်တော်မူ၏}} ဟု ကြားကုန်၏၊ ထိုအခါ ပါဋလိရွာသား ဥပါသကာတို့ သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ကုန်ပြီးသော် {{မြတ်စွာဘုရားသည် အကျွန်ုပ်တို့၏ ဧည့်တည်းခိုရာ ဇရပ်ကို လက်ခံတော်မူပါ မြတ်စွာဘုရား}} ဟု မြတ်စွာဘုရားအား လျှောက်ကုန် ၏။
မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူ၏။

ထိုအခါ ပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိသဖြင့် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဧည့်တည်းခိုရာဇရပ်သို့ ချဉ်းကပ်ကုန်၍၊ ထိုဧည့်တည်းခိုရာဇရပ်၌ ခင်းနှီးအပြည့် ခင်းခြင်း ထိုင်နေစရာတို့ကို ပြင်ထားခြင်း ရေပြည့်အိုးကြီးကို တည်ထားခြင်း ဆီမီးထွန်းထားခြင်းတို့ကို ပြုပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြန်ကုန်၏၊ ချဉ်းကပ်ပြီး၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်ပြီးသော် ပါဋ လိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏-

{{အသျှင်ဘုရား ဧည့်တည်းခိုရာ ဇရပ်၌ ခင်းနှီးအပြည့် ခင်းပြီးပါပြီ၊ ထိုင်နေစရာ တို့ကိုလည်း ပြင်ထားပြီးပါပြီ၊ ရေပြည့်အိုးကြီးကိုလည်း တည်ထားပြီးပါပြီ၊ ဆီမီးကို လည်း ထွန်းထားပြီးပါပြီ။ အသျှင်ဘုရား ယခုအခါ၌ ကြွတော်မူရန် အချိန်ကို မြတ်စွာဘုရား သိတော်မူပါသည် (ကြွရန်မှာ မြတ်စွာဘုရား၏ အလိုတော်အတိုင်း ပင် ဖြစ်ပါသည်)}} ဟု (လျှောက်ကုန်၏)။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက် ရဟန်းသံဃာနှင့်အတူ ဧည့်တည်းခိုရာ ဇရပ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ခြေဆေးတော်မူ၍ ဧည့်တည်းခိုရာ ဇရပ်သို့ ၀င်ပြီးသော် အလယ်တိုင်ကို မှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာ ထိုင်နေတော်မူ၏။

ရဟန်းသံဃာသည်လည်း ခြေဆေး၍ ဧည့်တည်းခိုရာ ဇရပ်သို့ ၀င်ပြီးသော် အနောက်ဘက် နံရံကိုမှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကို သာလျှင် ရှေ့ထား၍ ထိုင်နေ၏။

ပါဋလိရွာသား ဥပါသကာတို့သည်လည်း ခြေဆေးကုန်၍ ဧည့်တည်းခိုရာ ဇရပ်သို့ ၀င်ကုန်ပြီးသော် အရှေ့ဘက် နံရံကို မှီလျက် အနောက်အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်နေကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာတို့ကို မိန့်တော်မူ၏-

ဥပါသကာတို့ ...
သီလမရှိသူ၏ သီလပျက်ခြင်း၌ ဤငါးပါးသော အပြစ်တို့သည် ရှိကုန်၏။

အဘယ့်ငါးပါးတို့နည်းဟူမူ...

၁...
ဥပါသကာတို့ ဤလောက၌ ...
သီလမရှိသော သီလပျက်သောသူသည် မေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ် ဆုံးရှုံးခြင်းသို့ ရောက်၏၊ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ ရှေးဦးစွာသော အပြစ်ပေတည်း။

၂...
ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း ...
သီလမရှိသော သီလပျက်သောသူ၏ မကောင်းသော ကျော်စော သတင်းသည် ပျံ့နှံ့၍ထွက်၏၊ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ နှစ်ခုမြောက် အပြစ် ပေတည်း။

၃...
ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း ...
သီလမရှိသော သီလပျက်သောသူသည် မင်းပရိသတ် ရဟန်းပရိသတ် ပုဏ္ဏား ပရိသတ် သူကြွယ်ပရိသတ်အလယ်သို့ ချဉ်းကပ်ခဲ့သော် ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာ ညှိုးငယ်လျက် ချဉ်းကပ်ရ၏၊ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ သုံးခုမြောက် အပြစ်ပေတည်း။

၎...
ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း ...
သီလမရှိသော သီလပျက်သောသူသည် တွေတွေဝေေ၀ ဖြစ်လျက် သေရ၏၊ ဤကား သီလမရှိသောသူ၏ သီလပျက်ခြင်း၌ လေးခုမြောက် အပြစ်ပေတည်း။

၅...
ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း ...
သီလမရှိသော သီလပျက်သောသူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသောလားရာ ပျက်စီး၍ကျရောက်ရာ ငရဲ၌ ဖြစ်ရ၏၊ ဤကား သီလမရှိသော သူ၏ သီလပျက်ခြင်း၌ ငါးခုမြောက် အပြစ်ပေတည်း။

ဥပါသကာတို့
သီလမရှိသူ၏ သီလပျက်ခြင်း၌ အပြစ်တို့သည် ဤငါးပါးတို့ပေတည်း။

မဟာပရိနိဗ္ဗာနသုတ်၊ မဟာဝဂ်ပါဠိတော်၊ ဒီဃနိကာယ်။

ဒုဿီလသုတ် (သီလပျက်စီးသူ) သို့ ...


ဆက်ဖတ်သင့်တယ်နော်- Read More...

Tuesday, August 26, 2008

မြေ ငလျင်လှုပ်ခြင်း အကြောင်း ရှစ်ပါး-

မြေ ငလျင်လှုပ်ခြင်း အကြောင်း ရှစ်ပါး

အာနန္ဒာ မြေ ငလျင် ပြင်းစွာ လှုပ်ခြင်း၏ အကြောင်း အထောက်အပံ့တို့ကား ဤရှစ်ပါးတို့တည်း။

အဘယ် ရှစ်ပါးတို့နည်း ဟူမူ ...

၁။ အာနန္ဒာ ဤမဟာပထ၀ီ မြေကြီးသည် ရေ၌ တည်၏၊ ရေသည် လေ၌ တည်၏၊ လေသည် ကောင်းကင်၌ တည်၏။ အာနန္ဒာ ပြင်းထန်စွာ လေတိုက်သောအခါ ရေကို လှုပ်စေကုန်၏၊ ရေလှုပ်သော် မြေကို လှုပ်စေ၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ရှေးဦးစွာသော အကြောင်း အထောက်အပံ့ ပေတည်း။

၂။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း တန်ခိုးနှင့်ပြည့်စုံသော (အဘိညာဉ်) စိတ်၌ လေ့လာပြီးသော သမဏသည် လည်းကောင်း ဗြာဟ္မဏသည် လည်းကောင်း ကြီးသော တန်ခိုးအာနုဘော် ရှိသော နတ်သည် လည်းကောင်း အားနည်းသော မြေ (ကသိုဏ်းဈာန်) သညာနှင့် အားကြီးသော ရေ (ကသိုဏ်းဈာန်) သညာတို့ကို ပွါးများပြီးလျှင် ဤမြေကြီးကို လှုပ်စေ၏၊ တုန်လှုပ်စေ၏၊ ပြင်းစွာတုန်လှုပ်စေ၏၊ သွက်သွက်ခါ တုန်လှုပ်စေ၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ နှစ်ခုမြောက် အကြောင်း အထောက်အပံ့ ပေတည်း။

၃။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ဘုရားလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ သတိရှိလျက် ဆင်ခြင်လျက် အမိဝမ်းတိုက်သို့ သက်ရောက်သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ် ၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ သုံးခုမြောက် အကြောင်း အထောက်အပံ့ ပေတည်း။

၎။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ဘုရားလောင်းသည် သတိရှိလျက် ဆင်ခြင် လျက် အမိဝမ်းတိုက်မှ ဖွားမြင်သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ(ငလျင်) အကြီး အကျယ် လှုပ်ခြင်း၏ လေးခုမြောက် အကြောင်း အထောက်အပံ့ ပေတည်း။

၅။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူ သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ဤကား မြေ(ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ငါးခုမြောက် အကြောင်း အထောက်အပံ့ ပေတည်း။

၆။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားကို ဟောတော်မူ သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ(ငလျင်) အကြီး အကျယ် လှုပ်ခြင်း၏ ခြောက်ခုမြောက် အကြောင်း အထောက်အပံ့ ပေတည်း။

၇။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် သတိရှိလျက် ဆင်ခြင် လျက် အသက်ရှည်ရန် ပြုပြင်မှု (အာယုသင်္ခါရ) ကို စွန့်လွှတ်တော် မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ(ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ခုနစ်ခုမြောက် အကြောင်း အထောက်အပံ့ ပေတည်း။

၈။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် ခန္ဓာနာမ်ရုပ် အကြွင်းမရှိ သော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ၀င်စံတော် မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက် ခါ တုန်လှုပ်၏၊ ဤကား မြေ(ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ရှစ်ခုမြောက် အကြောင်းအထောက်အပံ့ ပေတည်း။

အာနန္ဒာ မြေ(ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ အကြောင်းအထောက်အပံ့တို့ ကား ဤရှစ်ပါးတို့ပေတည်း။

မဟာပရိနိဗ္ဗာနသုတ်၊ မဟာဝဂ်ပါဠိတော်။

ဆက်ဖတ်သင့်တယ်နော်- Read More...

Thursday, August 21, 2008

သီလရှိသူ၏ အကျိုး ၅-ပါး


သီလရှိသူ၏ အကျိုး ၅-ပါး

စည်းစိမ်ရလျှင်း၊ သတင်းကောင်းပြန့်၊
မရွံ့ပရိသာ၊ သေခါမတွေ၊
သေရွာနတ်လား၊ ကျိုးငါးပါး၊ မှတ်သားသီလ၀န္တ။

မူရင်းအတိုင်း ဖတ်ကြရအောင်...

သီလရှိသူ၏ အကျိုး
ဥပါသကာတို့ သီလရှိသူ၏ သီလပြည့်စုံခြင်း၌ ဤငါးပါးသော အကျိုး အာနိသင် တို့သည် ရှိကုန်၏။

အဘယ်ငါးပါးတို့နည်းဟူမူ-
ဥပါသကာတို့ ဤလောက၌ သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် မမေ့ လျော့ခြင်းကြောင့် များစွာသော စည်းစိမ်အစုကို ရ၏၊ ဤကား သီလရှိသူ၏ သီလ နှင့်ပြည့်စုံခြင်း၌ ရှေးဦးစွာသော အကျိုး {အာနိသင်} ပေတည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူ၏ ကောင်းသော ကျော်စော သတင်းသည် ပျံ့နှံ့၍ ထွက်၏၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ နှစ်ခုမြောက်အကျိုး {အာနိသင်} ပေတည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် မင်းပရိသတ် ရဟန်းပရိသတ် ပုဏ္ဏားပရိသတ် သူကြွယ်ပရိသတ် အလယ်သို့ ချဉ်းကပ်ခဲ့ရသော် မကြောက်မရွံ့ မျက်နှာ မညှိုးငယ်ဘဲ ချဉ်းကပ်ရ၏၊ ၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ သုံးခုမြောက် အကျိုး{အာနိသင်} ပေတည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့် ပြည့်စုံသော သူသည် တွေဝေခြင်းမရှိဘဲ သေရ၏၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ လေးခု မြောက် အကျိုး {အာနိသင်} ပေတည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်၌ ဖြစ်ရ၏၊ ဤကား သီလရှိသူ၏ သီလနှင့် ပြည့်စုံခြင်း၌ ငါးခုမြောက် အကျိုး {အာနိသင်} ပေတည်း။

ဥပါသကာတို့ သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ အကျိုး {အာနိသင်} တို့သည် ဤငါးပါးတို့ပေတည်း ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာတို့ကို ကြာမြင့်စွာ ညဥ့်အချိန်ပတ်လုံး (ညဥ့်နက်သည်တိုင်အောင်)တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည် စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးလျှင် {{ဥပါသကာတို့ ညဥ့်ဦးယံ လွန်လေပြီ၊ ယခုအခါ၌ သွားရန် အချိန်ကို သင်တို့သိကုန်၏ (သွားရန်မှာ သင်တို့၏ အလိုအတိုင်းပင်ဖြစ်၏)}} ဟု ပြန်လွှတ်တော်မူ၏။

{{အသျှင်ဘုရား ကောင်းပါပြီ}}ဟု ပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာ ဘုရားအား ၀န်ခံပြီးလျှင်နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြု ၍ ပြန်သွားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာတို့ ပြန်သွား၍ မကြာမြင့်မီ ဆိတ်ငြိမ်ရာသို့ ၀င်တော်မူ၏။

မဟာပရိနိဗ္ဗာနသုတ်-မှ၊ မဟာဝဂ်ပါဠိတော်။

သီလအကျင့်ပျက်စီးသော ပုဂ္ဂိုလ်-

ဘာကြောင့်သီလခေါ်


ဆက်ဖတ်သင့်တယ်နော်- Read More...

Monday, August 11, 2008

အ၀တ်မ၀တ်သောအကျင့်ကို ပယ်ခြင်း-

အ၀တ်မ၀တ်သောအကျင့်ကို ပယ်ခြင်း-


စီဝရက္ခန္ဓက

တစ်ရံရောအခါ တစ်ပါးသော ရဟန်းသည် အ၀တ်မပါဘဲလျက် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို အသျှင်ဘုရား မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ခေါင်းပါးခြင်း ကိလေသာကို ခါထုတ်ခြင်း ကြည်ညိုဖွယ်ကိုဆောင်ခြင်း ကိလေသာကို ဖျက်ဆီး ခြင်း လုံ့လကို အားထုတ်ခြင်း၏ ဂုဏ်ကို ချီးမွမ်းတော်မူလေ့ရှိ၏။

အသျှင်ဘုရား ဤအ၀တ်မ၀တ်ဘဲနေသောအကျင့်သည် များစွာသော အကြောင်း ဖြင့် အလိုနည်းခြင်းငှါ ရောင့်ရဲလွယ်ခြင်းငှါ ခေါင်းပါးခြင်းငှါ ကိလေသာကို ခါထုတ် ခြင်းငှါ ကြည်ညိုဖွယ်ကို ဆောင်ခြင်းငှါ ကိလေသာကို ဖျက်ဆီးခြင်းငှါ လုံ့လကို အားထုတ်ခြင်းငှါ ဖြစ်ပါ၏။

အသျှင်ဘုရား တောင်းပန်ပါ၏၊
မြတ်စွာဘုရားသည် ရဟန်းတို့အား အ၀တ်မ၀တ်သောအကျင့်ကို ခွင့်ပြုတော်မူပါ လော့ဟု လျှောက်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား (ဤအမှုသည် ရဟန်းတို့အား) မလျောက်ပတ် မလျော်ကန် မသင့်တင့်၊ ရဟန်းတို့၏ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်သည် အဘယ့်ကြောင့် တိတ္ထိတို့ ဆောက်တည်အပ်သော အ၀တ်မ၀တ်သော အကျင့်ကို ဆောက်တည် ဘိသနည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား ဤ(သင်ပြုမိသောအမှု)သည် မကြည် ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ကဲ့ရဲ့ တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ရဟန်းတို့ တိတ္ထိတို့ဆောက် တည်အပ်သော အ၀တ်မ၀တ်သော အကျင့်ကို မဆောက်တည်အပ်၊

အကြင်ရဟန်းသည် ဆောက်တည်ငြားအံ့၊
ထိုရဟန်းအား {{ထုလ္လစ္စဉ်းအာပတ် သင့်၏}} ဟု မိန့်တော်မူ၏။

မဟာဝဂ်ပါဠိတော်

ဆက်ဖတ်သင့်တယ်နော်- Read More...

သင်္ကန်းဖြစ်ပေါ်လာပုံ-

သင်္ကန်းဖြစ်ပေါ်လာပုံ-

* ဖြတ်သောသင်္ကန်းကို ခွင့်ပြုတော်မူခြင်း *

မြတ်စွာဘုရားသည် ဒက္ခိဏာဂိရိဇနပုဒ်သို့ ဒေသစာရီ ကြွချီတော်မူချိန်။
မြတ်စွာဘုရားသည် လေးထောင့်ကန်သင်းဖွဲ့သော...
အစဉ်ဖွဲ့သော အကြားအကြား၌ အကန့်ဖွဲ့သော...
ခရီးဆုံကဲ့သို့ဖွဲ့သော မဂဓတိုင်းသူတို့၏ လယ်မြေကို မြင်တော်မူ၍...

အသျှင်အာနန္ဒာကို အာနန္ဒာ သင်သည် လေးထောင့်ကန်သင်းဖွဲ့သော
အစဉ်ဖွဲ့သော အကြားအကြား၌ အကန့်ဖွဲ့သော
ခရီးဆုံကဲ့သို့ဖွဲ့သော မဂဓတိုင်းသူတို့၏ လယ်မြေကို မြင်ပါ၏လော။
မြင်ပါသည် အသျှင်ဘုရား။

အာနန္ဒာ သင်သည် ရဟန်းတို့အတွက်
ဤသို့ သဘောရှိသော သင်္ကန်းတို့ကို စီရင်ခြင်းငှါ စွမ်းနိုင်ပါမည်လော။
စွမ်းနိုင်ပါသည် အသျှင်ဘုရား။

ထို့နောက် မြတ်စွာဘုရားသည် ဒက္ခိဏာဂိရိဇနပုဒ်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီးလျှင် တစ်ဖန် ရာဇဂြိုဟ်ပြည်သို့ ပြန်ကြွတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် များစွာသော ရဟန်းတို့၏ သင်္ကန်းတို့ကို စီရင်ပြီး၍ မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ဘုန်းတော်ကြီးသော အသျှင်ဘုရား တပည့်တော်စီမံပြီးသော သင်္ကန်းတို့ကို ကြည့်ရှုတော်မူပါဘုရား။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင်၊ ရဟန်းတို့ အာနန္ဒာသည် ပညာရှိပေစွ၊ ရဟန်းတို့ အာနန္ဒာ သည် ကြီးသောပညာရှိပေစွ၊ အာနန္ဒာသည် ငါဘုရား အကျဉ်းအားဖြင့် ဟောအပ် သော ပါဠိတော်၏ အနက်ကို အကျယ်အားဖြင့်သိ၏၊ အနားပတ် တလုပ်မြောင်း ရှည်ကိုလည်း ပြု၏၊ တလုပ်မြောင်းငယ်ကိုလည်း ပြု၏၊ အိမ်ဝန်းကြီးကိုလည်း ပြု၏၊ အိမ်ခွဲကိုလည်း ပြု၏၊ အလယ်ခေါင်ကိုလည်း ပြု၏၊ ခေါင်ရံကိုလည်း ပြုဘိ၏၊ လည်ထိရာ၌ ခံသော အနားပတ်ကိုလည်း ပြုဘိ၏၊ မြင်းခေါင်းထိရာ၌ ခံသော အနားပတ်ကိုလည်း ပြု၏၊ လက်လိပ်ကိုလည်းပြု၏၊ ဖြတ်လည်း ဖြတ်၏၊ ဓားဖြတ်ခြင်းဖြင့် ကြမ်းတမ်း၍ ရဟန်းတို့အား လျောက်ပတ်၏၊ ရန်သူတို့သည် လည်း အလိုမရှိအပ်။

ရဟန်းတို့ ဖြတ်သောဒုကုဋ်၊ ဖြတ်သော ကိုယ်ဝတ်၊ ဖြတ်သော သင်းပိုင်ကို ခွင့်ပြု၏ ဟု မိန့်တော်မူ၏။

၂၁၆၊ စီဝရက္ခန္ဓ၊ မဟာဝဂ်ပါဠိတော်။

ဆက်ဖတ်သင့်တယ်နော်- Read More...

Sunday, May 18, 2008

ဝိသာခါ၏ ဆုတောင်း-


ဆုတောင်း

သူတော်ကောင်းတို့ တောင်းသောဆု ပြည့်ခဲ့ရဖူးပြီ-


ဝိသာခါဝတ္ထု

ဝိသာခါတောင်းသော ဆု (၈) ပါး

အသျှင်ဘုရား အကျွန်ုပ်သည်-
(၁) သံဃာတော်အား အသက်ထက်ဆုံး မိုးရေခံသင်္ကန်းကို လှူလိုပါ၏။
(၂) ဧည့်သည်အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။
(၃) ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
(၄) သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
(၅) သူနာပြုရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
(၆) သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။
(၇) အမြဲယာဂုလှူလိုပါ၏။
(၈) ဘိက္ခုနီသံဃာအား ရေသနုပ်ကို လှူလိုပါ၏ ဟု လျှောက်၏။

ထို့နောက် မြတ်စွာဘုရားသည် မိဂါရမာတာမည်သော ၀ိသာခါကို ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူ၏။

ဝိသာခါ ငါ၏တပည့်သည် ဆွမ်း အဖျော်အလှူကို လှူ၏၊
လွန်စွာ ၀မ်းမြောက်၏၊
အကျင့်သီလနှင့် ပြည့်စုံ၏။
ဝန်တိုခြင်းကို နှိပ်စက်လျက် နတ်ပြည်၏ အကြောင်း ဖြစ်သော၊
စိုးရိမ်ခြင်းကို ပယ်တတ်သော၊
ချမ်းသာကို ဆောင်တတ်သော အလှူကို ပေးလှူ တတ်၏။

ထိုတပည့်မသည် ကိလေသာမြူကင်းသော၊
အပါယ်သို့လားစေတတ်သည့် ကိလေသာလည်း မရှိသော
အရိယာမဂ်သို့ ရောက်၍ နတ်၌ ဖြစ်သော အသက်ရှည်ခြင်းကို ရ၏။
ကောင်းမှုကို အလိုရှိသော၊
ချမ်းသာခြင်းနှင့် ပြည့်စုံသော၊
နာဖျားခြင်းမရှိသော ထိုတပည့်မသည်
နတ်ပြည်၌ ကြာမြင့်စွာ မွေ့လျော်ရ၏ဟု အနုမောဒနာပြုတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် မိဂါရမာတာမည်သော ၀ိသာခါကို
ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုပြီးလျှင် နေရာမှ ထကာ ဖဲကြွတော်မူ၏။

ဆက်ဖတ်မည် ဆိုပါလျှင် အောက်တွင်-

မဟာဝဂ်ပါဠိတော်၊ စီဝရက္ခန္ဓက ၂၁၉ - ၀ိသာခါဝတ္ထု။


ဆက်ဖတ်သင့်တယ်နော်- Read More...

ဝိသာခါ သင်သည် အဘယ်သို့သော အကျိုးထူးကို ကောင်းစွာ မြင်၍
ငါ့အား ရှစ်ပါးသောဆုတို့ကို တောင်းသနည်း ဟု မေးတော်မူ၏။


(၁) အသျှင်ဘုရား အကျွန်ုပ်သည် ယခုအခါ ကျွန်မကို ““ဟယ် ကျွန်မ သွားချေ၊ အရံကျောင်းတော်သို့သွား၍ အသျှင်ဘုရား အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီဟု (မြတ်စွာဘုရားအား) အချိန်တန်ကြောင်းကိုလျှောက်လေလော့”” ဟု စေလွှတ်လိုက်ပါသည်။ အသျှင်ဘုရား ထိုအခါ ကျွန်မသည် အရံကျောင်းတော်သို့ သွားသည်ရှိသော် သင်္ကန်းကို ချထားကုန်လျက် ကိုယ်ကို မိုးရေခံနေကုန်သော ရဟန်းတို့ကို မြင်၍““အရံကျောင်းတော်၌ ရဟန်းတို့ မရှိကုန်၊ အာဇီဝကတို့သည် ကိုယ်ကို မိုးရေခံကာ နေကုန်၏”” ဟု (မှတ်ထင်ကာ) အကျွန်ုပ်ထံသို့ လာပြီးလျှင် အကျွန်ုပ်ကို ““အရှင်မ အရံကျောင်းတော်၌ ရဟန်းတို့ မရှိပါကုန်၊ အာဇီဝကတို့သည် ကိုယ်ကို မိုးရေခံကာ နေပါကုန်၏”” ဟု ပြောကြားပါသည်။

(၂) အသျှင်ဘုရား အ၀တ်မဆီးအချည်းနှီး နေခြင်းသည် မစင်ကြယ်ပါ၊ စက်ဆုပ်ဖွယ် ရွံ့ရှာဖွယ်ဖြစ်ပါသည်။ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကိုကောင်းစွာ မြင်သည်ဖြစ်၍ သံဃာတော်အား အသက်ထက်ဆုံး မိုးရေခံသင်္ကန်းကို လှူလိုပါ၏။

(၃) အသျှင်ဘုရား ထို့ပြင်လည်း ဧည့်သည်အာဂန္တုဖြစ်သော ရဟန်းသည် ခရီးကို မကျွမ်းကျင်သည်ဖြစ်၍ ဆွမ်းခံအပ်, မခံအပ်သော အိမ်ကို မသိသဖြင့် ပင်ပန်းစွာ ဆွမ်းခံရပါ၏၊ ထိုဧည့်သည် အာဂန္တုရဟန်းသည် အကျွန်ုပ်၏ အာဂန္တုတို့အား လှူသော ဆွမ်းကို စားပြီးမှ ခရီးကို သိသည်ဖြစ်၍ ဆွမ်းခံအပ်, မခံအပ်သော အိမ်ကို သိသဖြင့် မပင်ပန်းဘဲ ဆွမ်းခံရပါလိမ့်မည်၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ အသက်ထက်ဆုံး ဧည့်သည် အာဂန္တုရဟန်းသံဃာအား ဆွမ်းလှူရန် အလိုရှိပါသည်။

(၄) အသျှင်ဘုရား ထို့ပြင်လည်း ခရီးသွားရဟန်းသည် မိမိဆွမ်းကို ရှာရသည်ရှိသော် အဖော်ကုန်သည်မှလည်း ကျန်ရစ်ပါလိမ့်မည်၊ သွားလိုသောကျောင်းသို့ အချိန်အခါမဲ့၌ ရောက်ပါလိမ့်မည်၊ ပင်ပန်းစွာခရီးရှည် သွားရပါလိမ့်မည်။ ထိုရဟန်းသည် အကျွန်ုပ်၏ ခရီးသွားရဟန်းတို့အား လှူသော ဆွမ်းကိုစားပြီးမှ သွားရသော် အဖော်ကုန်သည်မှ မကျန်ဘဲရှိပါလိမ့်မည်၊ သွားလိုသောကျောင်းသို့ အချိန်အခါ၌ ရောက်ပါလိမ့်မည်၊ မပင်ပန်းဘဲ ခရီးရှည် သွားနိုင်ပါလိမ့်မည်၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ အသက်ထက်ဆုံး ခရီးသွားရဟန်းသံဃာအား ဆွမ်းလှူရန် အလိုရှိပါသည်။

(၅) အသျှင်ဘုရား ထို့ပြင်လည်း နာဖျားသော ရဟန်းအား လျောက်ပတ်သော ဘောဇဉ်တို့ကို မရခြင်းကြောင့် အနာသော်လည်း တိုးပွားပါလိမ့်မည်၊ သေခြင်းသော်လည်း ဖြစ်ပါလိမ့်မည်။ အကျွန်ုပ်၏သူနာ ရဟန်းတို့အား လှူသောဆွမ်းကို စားရသော ထိုရဟန်းအား အနာသည် မတိုးပွါးလတ္တံ့ သေခြင်းသည်လည်း မဖြစ်လတ္တံ့၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ အသက်ထက်ဆုံး သူနာရဟန်းသံဃာအား ဆွမ်းကို လှူရန် အလိုရှိပါသည်။

(၆) အသျှင်ဘုရား ထို့ပြင်လည်း သူနာပြုရဟန်းသည် မိမိဆွမ်းကို ရှာရသည်ရှိသော် နာဖျားသောရဟန်း၏ ဆွမ်းကို နေမြင့်မှ ဆောင်ရလတ္တံ့၊ ဆွမ်းငတ်ပြတ်လတ္တံ့၊ ထိုသူနာပြုရဟန်းသည် အကျွန်ုပ်၏ သူနာပြုရဟန်းတို့အား လှူသော ဆွမ်းကို စားရသော် နာဖျားသော ရဟန်း၏ ဆွမ်းကို စောစောဆောင်နိုင်ပါလတ္တံ့၊ ဆွမ်းငတ်ပြတ်ခြင်း မဖြစ်ပါလတ္တံ့၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာမြင်သည် ဖြစ်၍ အသက်ထက်ဆုံး သူနာပြုရဟန်းသံဃာအား ဆွမ်းကို လှူရန် အလိုရှိပါသည်။

(၇) အသျှင်ဘုရား ထို့ပြင်လည်း နာဖျားသော ရဟန်းအား လျောက်ပတ်သော ဆေးတို့ကို မရခြင်းကြောင့် အနာသော်လည်း တိုးပွါးပါလတ္တံ့၊ သေခြင်းသော်လည်း ဖြစ်ပါလတ္တံ့၊ အကျွန်ုပ်၏ သူနာတို့အားလှူသော ဆေးကို စားရသော ထိုရဟန်းအား အနာသည်လည်း မတိုးပွါးပါလတ္တံ့၊ သေခြင်းသည်လည်း မဖြစ်ပါလတ္တံ့၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ အသက်ထက်ဆုံး သူနာရဟန်းသံဃာအား ဆေးလှူရန် အလိုရှိပါသည်။

(၈) အသျှင်ဘုရား ထို့ပြင်လည်း မြတ်စွာဘုရားသည် အန္ဓက၀ိန္ဒရွာ၌ ဆယ်ပါးသော အကျိုးတို့ကို
မြင်တော်မူသဖြင့် ယာဂုကို ခွင့်ပြုတော်မူ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ထိုဆယ်ပါးသော အကျိုးတို့ကို ကောင်းစွာ မြင်သည်ဖြစ်၍ သံဃာတော်အား အသက်ထက်ဆုံး အမြဲယာဂုလှူရန် အလိုရှိပါ၏။

အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းမိန်းမတို့သည် အစီရ၀တီမြစ်၌ ပြည့်တန်ဆာမတို့နှင့် အတူ အ၀တ်မဆီး အချည်းအနှီးဖြင့် တစ်ခုတည်းသော ရေဆိပ်၌ ရေချိုးကုန်၏၊ အသျှင်ဘုရား ထိုပြည့်တန်ဆာမတို့သည် ရဟန်းမိန်းမတို့ကို ““အသျှင်မတို့ ငယ်ကုန်သော သင်တို့သည် အဘယ့်ကြောင့် အကျင့်ကို ကျင့်ကုန်သနည်း၊ ကာမဂုဏ်တို့ကို ခံစားသင့်သေးသည် မဟုတ်ကုန်လော၊ အိုမင်းသောအခါ၌ ကျင့်ကုန်လော့၊ ဤသို့ ကျင့်သည်ရှိသော် သင်တို့အား နှစ်ပါးသော အကျိုးတို့ကို ယူအပ်သည် ဖြစ်ကုန်လတ္တံ့”” ဟု ပြက်ရယ်ဆိုပါ၏။

အသျှင်ဘုရား ထိုရဟန်းမိန်းမတို့သည် ပြည့်တန်ဆာမတို့က ပြက်ရယ်ပြုအပ်ကုန်သည် ဖြစ်၍ မျက်နှာမသာယာ ဖြစ်ရပါကုန်သည်၊ အသျှင်ဘုရား မိန်းမအား အ၀တ်မဆီးအချည်းနှီး နေခြင်းသည် မစင်ကြယ်ပါ၊ စက်ဆုပ် ရွံရှာဖွယ် ဖြစ်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည် ဖြစ်၍ ဘိက္ခုနီသံဃာအား အသက်ထက်ဆုံး ရေသနုပ်လှူရန် အလိုရှိပါသည် ဟု လျှောက်၏။

ဝိသာခါ သင်သည် အဘယ်အာနိသင်ကို ကောင်းစွာ မြင်သည်ဖြစ်၍ ငါ့အား ရှစ်ပါးသောဆုတို့ကို တောင်းသနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား ဤသာသနာတော်၌ ၀ါမှကျွတ်သော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ်္ထိပြည်သို့ လာကုန်လတ္တံ့၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ““အသျှင်ဘုရား ဤမည်သော ရဟန်းကား သေပါပြီ၊ ထိုရဟန်း၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်၌ ဖြစ်ခြင်းကား အဘယ်ပါနည်း (အကျွတ်တရားရခြင်းကား အဘယ်နည်း)”” ဟု မေးကုန်လတ္တံ့။ မြတ်စွာဘုရားသည် ထိုကွယ်လွန်ခဲ့သော ရဟန်းကိုသောတာပတ်္တိဖိုလ်သို့ ရောက်၏ ဟူ၍သော် လည်းကောင်း၊ သကဒါဂါမိဖိုလ်သို့ ရောက်၏ ဟူ၍သော် လည်းကောင်း၊ အနာဂါမိဖိုလ်သို့ ရောက်၏ ဟူ၍သော် လည်းကောင်း၊ အရဟတ္တဖိုလ်သို့ ရောက်၏ ဟူ၍သော် လည်းကောင်း ဟောကြားတော်မူလတ္တံ့။

အကျွန်ုပ်သည် ထိုရဟန်းတို့ထံ ချဉ်းကပ်ပြီးလျှင် ““အသျှင်ဘုရားတို့ ထိုအသျှင်သည် သာဝတ်္ထိပြည်သို့ လာဖူးပါသလော”” ဟု မေးအံ့။

ထိုရဟန်းသည် ““သာဝတ်္ထိပြည်သို့ လာဖူး၏”” ဟု အကျွန်ုပ်အား အကယ်၍ ပြောဆိုကုန်ငြားအံ့၊ ဤသို့ဆိုသောအခါ၌ ဧကန်မုချ ထိုအသျှင်သည် ငါ၏ မိုးရေခံသင်္ကန်းကိုသော်လည်း သုံးဆောင်ဖူး၏၊ ဧည့်သည်တို့အား လှူသော ဆွမ်းကိုသော် လည်းကောင်း၊ ခရီးသွားတို့အား လှူသော ဆွမ်းကိုသော် လည်းကောင်း၊ သူနာတို့အား လှူသော ဆွမ်းကိုသော် လည်းကောင်း၊ သူနာပြု ရဟန်းတို့အား လှူသော ဆွမ်းကိုသော် လည်းကောင်း၊ နာဖျားသော ရဟန်းတို့အား လှူသော ဆေးကိုသော် လည်းကောင်း၊ အမြဲလှူသော ယာဂုကိုသော် လည်းကောင်း သုံးဆောင်ဖူး၏”” ဟု ဆုံးဖြတ်ခြင်းသို့ရောက်ပါအံ့။

ထိုသုံးဆောင်ဖူးသော ရဟန်းကို အောက်မေ့သော အကျွန်ုပ်အား ၀မ်းမြောက်ခြင်း ဖြစ်လတ္တံ့၊ ၀မ်းမြောက်သော အကျွန်ုပ်အား နှစ်သက်ခြင်း ဖြစ်လတ္တံ့၊ နှစ်သက်သော စိတ်ရှိသော အကျွန်ုပ်၏ ကိုယ်သည် ငြိမ်းအေးလတ္တံ့၊ ငြိမ်းအေးသော ကိုယ်ရှိသော အကျွန်ုပ်သည် ချမ်းသာကို ခံစားရလတ္တံ့၊ ချမ်းသာသော အကျွန်ုပ်၏ စိတ်သည် တည်ကြည်လတ္တံ့၊ ထိုတည်ကြည်ခြင်းသည် အကျွန်ုပ်အား ဣနြေ္ဒကို ပွါးစေခြင်း ဗိုလ်ကို ပွါးစေခြင်း ဗောဇ္ဈင်ကို ပွါးစေခြင်း ဖြစ်လတ္တံ့၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးအာနိသင် ကို ကောင်းစွာ မြင်သည် ဖြစ်၍ မြတ်စွာဘုရားအား ရှစ်ပါးသော ဆုတို့ကို တောင်းပါသည် ဟု လျှောက်၏။

ဝိသာခါ ကောင်းပေစွ၊ ကောင်းပေစွ။ ၀ိသာခါ သင်သည် ဤအကျိုးအာနိသင်ကို ကောင်းစွာမြင်သည် ဖြစ်၍ ငါ့အား ရှစ်ပါးသော ဆုတို့ကို တောင်းသည်မှာ ကောင်းပေစွ၊ ၀ိသာခါ သင့်အား ရှစ်ပါးသော ဆုတို့ကို ခွင့်ပြု၏ ဟု မိန့်တော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် မိဂါရမာတာမည်သော ၀ိသာခါကို ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူ၏။

ဝိသာခါ ငါ၏ အကြင်တပည့်မသည် ဆွမ်း အဖျော်အလှူကို လှူ၏၊ လွန်စွာ ၀မ်းမြောက်၏၊ အကျင့်သီလနှင့် ပြည့်စုံ၏။ ၀န်တိုခြင်းကို နှိပ်စက်လျက် နတ်ပြည်၏ အကြောင်း ဖြစ်သော၊ စိုးရိမ်ခြင်းကို ပယ်တတ်သော၊ ချမ်းသာကို ဆောင်တတ်သော အလှူကို ပေးလှူ တတ်၏။ ထိုတပည့်မသည် ကိလေသာမြူကင်းသော၊ အပါယ်သို့လားစေတတ်သည့် ကိလေသာလည်း မရှိသော အရိယာမဂ်သို့ ရောက်၍ နတ်၌ ဖြစ်သော အသက်ရှည်ခြင်းကို ရ၏။ ကောင်းမှုကို အလိုရှိသော၊ ချမ်းသာခြင်းနှင့် ပြည့်စုံသော၊ နာဖျားခြင်းမရှိသော ထိုတပည့်မသည် နတ်ပြည်၌ ကြာမြင့်စွာ မွေ့လျော်ရ၏ဟု အနုမောဒနာပြုတော်မူ၏။
ထို့နောက် မြတ်စွာဘုရားသည် မိဂါရမာတာမည်သော ၀ိသာခါကို ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုပြီးလျှင် နေရာမှ ထကာ ဖဲကြွတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ရဟန်းတို့ မိုးရေခံသင်္ကန်းကို လည်းကောင်း ဧည့်သည်တို့အား လှူသော ဆွမ်းကို လည်းကောင်း၊ ခရီးသွားတို့အား လှူသော ဆွမ်းကိုလည်းကောင်း၊ သူနာရဟန်းအား လှူသော ဆွမ်းကို လည်းကောင်း၊ သူနာပြုရဟန်းအား လှူသော ဆွမ်းကို လည်းကောင်း၊ သူနာအား လှူသော ဆေးကို လည်းကောင်း၊ အမြဲလှူသော ယာဂုကို လည်းကောင်း၊ ဘိက္ခုနီ သံဃာအား ရေသနုပ်ကို လည်းကောင်း ခွင့်ပြု၏ဟု မိန့်တော်မူ၏။

ဝိသာခါအခန်း ပြီး၏။

မဟာဝဂ်ပါဠိတော်၊ စီဝရက္ခန္ဓက ၂၁၉ - ၀ိသာခါဝတ္ထု။

ဆက်ဖတ်သင့်တယ်နော်- Read More...

Monday, May 12, 2008

ပြိတ္တာဖြစ်ပုံ-

ဦးခေါင်းကို အစဉ်ရိုက်ခွဲကြသဖြင့် ဆင်းရဲကြီးစွာ ခံနေရသော ပြိတ္တာဖြစ်ပုံကို-

ပြိတ္တာ-

ပေတ၀တ္ထု ပါဠိတော်မှ

မဟာဝဂ်၊ သဋ္ဌိကူဋပေတ၀တ္ထု။

ကြောက်လန့်ပြေးသွား သံတူခြောက်သောင်းတို့သည် ဦးခေါင်းကို အစဉ်ရိုက်ခွဲကြသဖြင့် ဆင်းရဲကြီးစွာ ခံနေရသော ပြိတ္တာဖြစ်ပုံကို မြင်လေသော်-

သင်သည် အဘယ် အကြောင်းကြောင့် ရူးသောသူကဲ့သို့ လည်းကောင်း၊
ကြောက်လန့်သဖြင့် တုန်လှုပ်သော သားသမင်ကဲ့သို့ လည်းကောင်း ထိုမှ ဤမှ ပြေးသွားသနည်း၊ သင်သည် ယုံမှားမရှိလောက်အောင်ပင် ယုတ်ညံ့သော အသက်မွေးမှုရှိလျက် အဘယ်အကြောင်းကြောင့် မြည်တမ်းနေဘိသနည်းဟု အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏။

အရှင်ဘုရား အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသောလားရာ ဒုဂ္ဂတိဘုံသို့ လားရောက်ရသော ပြိတ္တာ ဖြစ်ပါ၏၊ အရှင်ဘုရား အကျွန်ုပ်သည် မကောင်းမှုကံကို ပြုခဲ့မိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏။

ခြောက်သောင်းတိတိ ပြည့်သော သံတူတို့သည် အကျွန်ုပ်၏ ဦးခေါင်း၌ အချင်းခပ်သိမ်း ကျပါကုန်၏၊ ထိုခြောက်သောင်းကုန်သော သံတူတို့သည် အကျွန်ုပ်၏ ဦးခေါင်းကို ခွဲလည်း ခွဲကြပါကုန်၏ဟု ပြိတ္တာက လျှောက်၏။

သင်သည် ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း အဘယ် မကောင်းမှု ကံကို ပြုခဲ့ပါသနည်း၊ အဘယ် မကောင်းမှုကံ၏ အကျိုးကြောင့် ဤဆင်းရဲကို ခံရသနည်း။

အရှင်ဘုရား အကျွန်ုပ်သည် သစ်ပင်ရင်း၌ ထိုင်နေတော်မူသော အရိယာမဂ်ဖြင့် ပွါးစေအပ်ပြီးသည့် ဣနြေ္ဒရှိသော အရဟတ္တဖိုလ် ဈာန်လည်းရှိသော ကိလေသာကြောင့် ဖြစ်သည့် ဘေးလည်း
မရှိသော သုနေတ္တအမည်ရှိသော ပစ္စေက ဗုဒ္ဓါကို မြင်ခဲ့ပါ၏။

ထိုအခါ ထိုပစ္စေကဗုဒ္ဓါ၏ ဦးခေါင်းကို ကျောက်စရစ်တို့ဖြင့် ပစ်ခတ်သောအားဖြင့် ခွဲခဲ့ဖူးပါ၏၊ အရှင်ဘုရား ထိုကံ၏ အကျိုးကြောင့် ဤသို့သော ဆင်းရဲကို ခံရပါ၏။

ခြောက်သောင်းတိတိ ပြည့်သော သံတူတို့သည် အကျွန်ုပ်၏ ဦးခေါင်း၌ အချင်းခပ်သိမ်း ကျပါကုန်၏၊ ထိုခြောက်သောင်းသော သံတူတို့သည် အကျွန်ုပ်၏ ဦးခေါင်းကို ခွဲလည်း ခွဲကြပါကုန်၏ဟု ပြိတ္တာက လျှောက်၏။

သဋ္ဌိကူဋပေတ၀တ္ထု ပြီး၏။

မဟာဝဂ်ပါဠိတော်။
သင်တို့ ဤကဲ့သို့ မခံစားလိုသော် ဘုရား တရား သံဃာကို မပြစ်မှားကြစေလို။

ဆက်ဖတ်သင့်တယ်နော်- Read More...