နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။

သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Showing newest posts with label ခုဒ္ဒကနိကာယ်. Show older posts
Showing newest posts with label ခုဒ္ဒကနိကာယ်. Show older posts

Tuesday, April 6, 2010

မဏ္ဍူကဒေဝပုတ္တဝိမာန

မဏ္ဍူကဒေဝပုတ္တဝိမာနဝတ္ထု


ရေကန်၌ ဖါးသတ္တဝါဖြစ်စဉ် တနေ့သ၌ ဘုရားတရားတော်ကို နာယူခိုက် နွားကျောင်းသား၏ လက်ချက်ဖြင့် အသက်ဆုံး၍ နတ်ပြည်၌ တန်ခိုးအာနုဘော် အကျော်အစော အရောင်အဝါ ပြည့်စုံစွာ ဖြစ်လာရသော နတ်သား။

တန်ခိုးအားဖြင့် လည်းကောင်း, အခြံအရံ အကျော်အစောအားဖြင့် လည်းကောင်း ထွန်းလင်း တောက်ပလျက် အလွန်နှစ်သက်ဖွယ်ရှိသော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းတောက်ပစေလျက် ငါ၏ ခြေတော်တို့ကို ရှိခိုးသောသူကား အဘယ်သူပါနည်း ဟု မြတ်စွာဘုရားကမေးတော်မူ၏။ 857

အကျွန်ုပ်သည် ရှေးဘဝက ရေ၌ ပေါက်ဖွား၍ ရေ၌ ကျက်စားသော ဖားသတ္တဝါ ဖြစ်ခဲ့ဖူးပါ၏၊ အရှင်ဘုရား၏ တရားတော်ကို နာနေစဉ် နွားကျောင်းသားသည် အကျွန်ုပ်ကို သေစေခဲ့ပါ၏။ 858

တစ်ခဏမျှ စိတ်ကြည်ညိုခြင်း၏ အကြောင်းကြောင့်ဖြစ်သော အကျွန်ုပ်၏ ပြည့်စုံခြင်းကို လည်းကောင်း, အခြံအရံများခြင်းကို လည်းလောင်း ရှုတော်မူပါလော့၊ အကျွန်ုပ်၏ အာနုဘော်ကိုလည်း ရှုတော်မူပါလော့၊ အကျွန်ုပ်၏ ကိုယ်ရေအဆင်းကို လည်းကောင်း, အရောင်အဝါကို လည်းကောင်း ရှုတော်မူပါလော့။ 859

ဂေါတမနွယ်ဖွား မြတ်စွာဘုရား တရားတော်ကို ရှည်ကြာစွာသော ကာလပတ်လုံး နာကုန်သော သတ္တဝါတို့သည်ကား စိုးရိမ်ပူပန်ခြင်း မရှိရာဖြစ်သော မတုန်လှုပ်သော နိဗ္ဗာန် အရပ်သို့ မချွတ် ရောက်ကြရကုန်သည်သာတည်း ဟု ဖြေကြား၏။ 860

၁ - မဏ္ဍူကဒေဝပုတ္တဝိမာနဝတ္ထု၊ မဟာရထ၀ဂ်၊ ၂ - ပုရိသဝိမာန၊ ခုဒ္ဒကနိကာယ်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Sunday, March 21, 2010

ငါသည် သပိတ်အလှူကို ပေးလှူခဲ့၏...

ပတ္တဒါယကတ္ထေရအပဒါန်

ကိုယ်နှုတ်နှလုံးကို လွန်စွာ ဆုံးမတော်မူသဖြင့် ဖြောင့်မတ်သည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားအား ငါသည် သပိတ်အလှူကို ပေးလှူခဲ့၏။20

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေး ကမ္ဘာထက်၌ သပိတ်လှူဒါန်းခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သပိတ်ကို လှူရခြင်း၏ အကျိုးပေတည်း။ 21

လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက် ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံး အမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ 22

ဤသို့လျှင် အသျှင်ပတ္တဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

၆ - ပတ္တဒါယကတ္ထေရအပဒါန်၊ တုဝရဒါယက၀ဂ်၊ ထေရာပဒါန်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

ငါသည် တိဝရာပြည်မြတ်၌ ပန်းပဲသမား ဖြစ်ခဲ့၏...

ဝါသိဒါယကတ္ထေရအပဒါန်

ရှေးအခါက ငါသည် တိဝရာပြည်မြတ်၌ ပန်းပဲသမား ဖြစ်ခဲ့၏၊ ငါသည် ရန်သူတို့သည် မအောင်အပ်သော မြတ်စွာဘုရားအား ပဲခွပ်တစ်ခုကို ပေးလှူခဲ့၏။ 36

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေး ကမ္ဘာထက်၌ ပဲခွပ်ကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပဲခွပ်လှူရခြင်း၏ အကျိုးပေတည်း။ 37

လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက် ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ 38

ဤသို့လျှင် အသျှင်ဝါသိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

၁ဝ - ဝါသိဒါယကတ္ထေရအပဒါန်၊ ဥဒကာသန၀ဂ်၊ ထေရာပဒါန်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Monday, March 1, 2010

ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကို လည်းကောင်း...

အဋ္ဌိပုဉ္ဇသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။

ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်စုဆောင်းထားသူလည်း ရှိခဲ့မူ စုဆောင်းထားတိုင်းလည်း မပျက်စီးခဲ့မူ တစ်ကမ္ဘာပတ်လုံး ပြေးသွား ကျင်လည်သော ပုဂ္ဂိုလ်တစ်ယောက်၏ ကြီးစွာသော အရိုးပေါင်း အရိုးပုံ အရိုးစုသည် ဤဝေပုလ္လတောင်ကြီးမျှပင် ရှိသည် ဖြစ်ရာ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက် သဘောကို ...
တစ်ကမ္ဘာပတ်လုံး ကျင်လည် ပြေးသွားရသော ပုဂ္ဂိုလ်တစ်ယောက်၏ အရိုးစုသည် တောင်မျှလောက် အစုအပုံရှိသည် ဖြစ်ရာ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။

ထိုတောင်ကိုမူကား ...
မဂဓတိုင်းတို့၏ ဂိရိဗ္ဗဇမည်သော ရာဇဂြိုဟ် မြို့ဝယ် ဂိဇ္ဈကုဋ်တောင်၏
မြောက်ဘက်၌ တည်သော ကြီးသော ဝေပုလ္လတောင်ဟု ဆိုအပ်၏။

ဒုက္ခသစ္စာကို လည်းကောင်း ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကို လည်းကောင်း၊ ဒုက္ခကို လွန်မြောက်ရာ 'နိရောဓ' သစ္စာကို လည်းကောင်း၊ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ္ဂသစ္စာ ဟု ဆိုအပ်သော အရိယသစ္စာတို့ကို လည်းကောင်း၊ အကြင်အခါ၌ ကောင်းသော ပညာဖြင့် မြင်၏။ ထိုအခါ ထိုပုဂ္ဂိုလ် သည် ကာမဘုံ၌ ခုနစ်ကြိမ် အလွန်ပြေးသွား၍ သံယောဇဉ် အားလုံးတို့၏ ကုန်ခြင်းကြောင့် ဒုက္ခ၏ အဆုံးကို ပြုလေတော့၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၎ - အဋ္ဌိပုဉ္ဇသုတ်၊ တတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Sunday, January 24, 2010

ဝက်မျက်နှာ

သူကရမုခပေတ


ကိုယ်ဖြင့် စောင့်စည်း၍
နှုတ်ဖြင့် မစောင့်စည်းခဲ့သောကြောင့်
ကွယ်လွန်သောအခါ ရွှေအဆင်းနှင့်တူသော ကိုယ်
ဝက်မျက်နှာဖြင့်တူသော မျက်နှာဖြင့် ပြိတ္တာဖြစ်ရသူ

သင်၏ ကိုယ်သည် အလုံးစုံ ရွှေအဆင်းရှိသည်ဖြစ်၍ အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပ၏၊ သင်၏ မျက်နှာသည်ကား ဝက်မျက်နှာနှင့် တူ၏၊ သင်သည် ရှေးဘဝက အဘယ်ကံကို ပြုခဲ့ဖူးသနည်းဟု အသျှင်နာရဒက မေး၏။

အသျှင်နာရဒ ရှေးဘဝက အကျွန်ုပ်သည် ကိုယ်ဖြင့် စောင့်စည်းသူ ဖြစ်ခဲ့ပါ၏၊ နှုတ်ဖြင့်မူကား မစောင့်စည်းခဲ့ပါ၊ ထို့ကြောင့် အကျွန်ုပ်၏ အဆင်းသည် အရှင်ဘုရား မြင်ရသည့်အတိုင်း ကိုယ်မှာ ရွှေအဆင်း မျက်နှာကား ဝက်မျက်နှာနှင့်တူသော အဆင်းသဏ္ဌာန် ရှိပါ၏။

အသျှင်နာရဒ ထို့ကြောင့် အကျွန်ုပ်သည် အရှင့်အား ပြောဆိုလိုပါ၏၊ ဤအဖြစ်သနစ်ကို အရှင်ဘုရား ကိုယ်တိုင် မြင်ရပါပြီ၊ နှုတ်ဖြင့် မကောင်းမှုကို မပြုပါလင့်၊ ဝက်မျက်နှာနှင့်တူသူ မဖြစ်ပါစေလင့်ဟု ပြိတ္တာက ဖြေဆို၏။

၂ - သူကရမုခပေတဝတ္ထု၊ ဥရဂ၀ဂ်၊ ပေတ၀တ္ထုပါဠိတော်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Monday, January 11, 2010

မြတ်စွာဘုရားတို့၏ အဆုံးအမတော်...

ပိဏ္ဍောလသုတ်


အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင် တိစီဝရိတ်ဓုတင်ဆောင်ကာ အလိုနည်းသူ ရောင့်ရဲ လွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန် သော ဝီရိယရှိသူ ဓုတင်တရားကို ဟောပြော တတ်သူ လွန်ကဲသော အရဟတ္တဖိုလ်သမာဓိ စိတ်ကို မပြတ် အားထုတ်သူ အသျှင်ပိဏ္ဍောလဘာရဒွါဇသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။

မြတ်စွာဘုရားသည် အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင် တိစီဝရိတ်ဓုတင်ဆောင်ကာ အလိုနည်းသူ ရောင့်ရဲလွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန်သော ဝီရိယရှိသူ ဓုတင်တရားကို ဟောပြောတတ်သူ လွန်ကဲသော အရဟတ္တဖိုလ် သမာဓိစိတ်ကို မပြတ် အားထုတ်သူ အသျှင် ပိဏ္ဍောလဘာရဒွါဇကို မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသည်ကို မြင်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍...
ထိုသိသောအချိန်၌-





''တစ်စုံတစ်ယောက်ကိုမျှ နှုတ်ဖြင့် မစွပ်စွဲခြင်း လည်းကောင်း၊ ကိုယ်ဖြင့် မညှဉ်းဆဲခြင်း လည်းကောင်း၊ ပါတိမောက္ခသီလ၌ စောင့်စည်းခြင်း လည်းကောင်း၊ ဘောဇဉ်၌ အတိုင်းအရှည်ကို သိခြင်း လည်းကောင်း၊ ဆိတ်ငြိမ်သော ကျောင်း အိပ်ရာ နေရာ၌ နေခြင်း လည်းကောင်း၊ လွန်ကဲသော စိတ်၌ အားထုတ်ခြင်း လည်းကောင်း ဤကား မြတ်စွာဘုရားတို့၏ အဆုံးအမတော်တည်း'' ဟု ဤဥဒါန်းကို
ကျူးရင့်တော်မူ၏။

၆ - ပိဏ္ဍောလသုတ်၊ မေဃိယ၀ဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Monday, December 21, 2009

သေမင်းမမြင်နိုင်သော လောက...


မောဃရာဇမာဏဝပုစ္ဆ


သေမင်းမမြင်နိုင်သော လောက...

မောဃရာဇသည် ဤသို့ မေးလျှောက်၏...

အကျွန်ုပ်သည်သာကီနွယ်ဖွား မြတ်စွာဘုရားကို နှစ်ကြိမ်တိုင် မေးလျှောက်ခဲ့ပါပြီ၊ စက္ခုငါးပါး ရှိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်အား ဖြေကြားတော် မမူခဲ့ပါ၊ ဝိသုဒ္ဓိနတ် ရဟန်းမြတ် ဖြစ်တော်မူသော အသျှင်ဘုရားသည် သုံးကြိမ် တိုင် မေးမှသာလျှင် ဖြေကြားတော်မူ၏ဟု အကျွန်ုပ် ကြားရဖူးပါသည်။ 1123 - 1

ဤလောကသည်လည်းကောင်း၊ အခြားလောကသည်လည်းကောင်း၊ နတ်နှင့်တကွ သော ဗြဟ္မာလောကသည် လည်းကောင်း၊ ဂေါတမအနွယ် ဖြစ်တော်မူသော အခြံ အရံ အကျော်အစော ရှိတော်မူသော အသျှင်ဘုရား၏ အယူကို မသိပါ။ 1124 - 2

ဤသို့ အလွန်မြတ်သည်ကို သိမြင်တော်မူလေ့ရှိသော မြတ်စွာဘုရားထံသို့ ပြဿနာ မေးလိုသဖြင့် အကျွန်ုပ် လာရောက်ပါ၏၊ လောကကို အဘယ်သို့ ရှုသူကို သေမင်းသည် မမြင်နိုင်ပါသနည်း။ 1125 - 3

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
မောဃရာဇ အခါ ခပ်သိမ်း အောက်မေ့မှု 'သတိ' ရှိလျက် မိမိကိုယ်ဟု စွဲလမ်းယူမှု 'အတ္တာနုဒိဋ္ဌိ' ကို နုတ်ပယ်၍ လောကကို ဆိတ်သုဉ်းသောအားဖြင့် ရှုလော့၊ ဤသို့ ရှုသည်ရှိသော် သေမင်းကို လွန်မြောက် နိုင်ရာ၏၊ ဤသို့ လောကကို ရှုသောသူကို သေမင်းသည် မမြင်နိုင်။ 1126 - 4

၁၅ - မောဃရာဇမာဏဝပုစ္ဆ၊ ပါရာယနဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Friday, December 18, 2009

သြော် ချမ်းသာပေစွ ချမ်းသာပေစွ...

ဘဒ္ဒိယသုတ်


သြော် ချမ်းသာပေစွ ချမ်းသာပေစွ...


အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် အနုပိယမြို့ သရက်တော၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ ကာဠီဂေါဓာ သာကီဝင်မင်းသမီး၏ သားဖြစ်သော အသျှင်ဘဒ္ဒိယသည် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ'' ဟု မပြတ် ဥဒါန်းကျူးရင့်၏။

ကာဠီဂေါဓာ သာကီဝင်မင်းသမီး၏သား အသျှင်ဘဒ္ဒိယသည် တော၌နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည် ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ'' ဟု မပြတ် ဥဒါန်းကျူး ရင့်သည်ကို များစွာသော ရဟန်းတို့ ကြားကြ၍ ထိုရဟန်းတို့အား ဤသို့ အကြံဖြစ်၏ ''ငါ့သျှင်တို့ မချွတ် ဧကန် ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယသည် မမွေ့လျော်ဘဲ မြတ်သော အကျင့်ကို ကျင့်၏။ ထိုအသျှင် ဘဒ္ဒိယသည် လူ့ဘဝက ခံစားခဲ့ဖူးသော မင်းစည်းစိမ်ကို အစဉ်အောက်မေ့လျက် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ'' ဟု မပြတ် ဥဒါန်းကျူးရင့်၏ဟု ဤအကြံသည် ဖြစ်၏။

ထို့နောက် များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်ကြကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏ ''အသျှင်ဘုရား ကာဠီဂေါဓာ၏ သား အသျှင်ဘဒ္ဒိယသည် တော၌ နေသည် ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည် ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ 'သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ' ဟု
မပြတ်ဥဒါန်းကို ကျူးရင့်ပါ၏။ မချွတ်ဧကန် ကာဠီဂေါဓာ၏သား အသျှင် ဘဒ္ဒိယသည် မမွေ့လျော်ဘဲ မြတ်သောအကျင့်ကို ကျင့်၏။ ထိုအသျှင်ဘဒ္ဒိယသည် လူ့ဘဝက ခံစားခဲ့ဖူးသော မင်းစည်းစိမ်ကို အစဉ်အောက်မေ့လျက် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ'' ဟု မပြတ် ဥဒါန်းကျူးရင့်ပါ၏ ဟု လျှောက်ထား ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို ခေါ်၍ ''ရဟန်း လာလော့၊ ငါ၏ စကားဖြင့် ဘဒ္ဒိယရဟန်းကို 'ငါ့သျှင် ဘဒ္ဒိယ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏' ဟု ခေါ်ချေလော့'' ဟု မိန့်တော်မူ၏။

''အသျှင်ဘုရား ကောင်းပါပြီ'' ဟု ထိုရဟန်းသည် မြတ်စွာဘုရား၏ စကားတော်ကို ဝန်ခံ၍ ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယထံသို့ ချဉ်းကပ်၍ ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယကို ''ငါ့သျှင်ဘဒ္ဒိယ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏'' ဟု ဤသို့ ပြောကြား၏။ ''ငါ့သျှင် ကောင်းပါပြီ''ဟု ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယသည် ထိုရဟန်း၏ စကားကို ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရား ကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်၏။

တစ်ခုသော အရပ်၌ ထိုင်နေသော ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယကို မြတ်စွာ ဘုရားသည် ဘဒ္ဒိယ သင်သည် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ'' ဟု မပြတ် ဥဒါန်းကျူးရင့်၏ဟု ငါ ကြားရခြင်းသည် မှန်သလောဟု မိန့်တော်မူ၏။

အသျှင်ဘုရား မှန်ပါ၏ဟု လျှောက်ထား၏။

ဘဒ္ဒိယ သင်သည် အဘယ်အကြောင်းကို သိမြင်သောကြောင့် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည် ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော်ချမ်းသာပေစွ'' ဟု မပြတ် ဥဒါန်းကို ကျူးရင့် သနည်းဟု မိန့်တော်မူ၏။

အသျှင်ဘုရား တပည့်တော်သည် ရှေးလူအဖြစ်ဖြင့် မင်းပြုစဉ် နန်းတော်တွင်း နန်းတော်ပြင်၌ လည်း အစောင့်အရှောက်ကို ကောင်းစွာ စီရင်အပ်ပါ၏။ မြို့တွင်း မြို့ပြင်၌လည်း အစောင့်အရှောက်ကို ကောင်းစွာ စီရင် အပ်ပါ၏။ ဇနပုဒ်အတွင်း ဇနပုဒ် အပြင်၌လည်း အစောင့်အရှောက်ကို ကောင်းစွာ စီရင်အပ်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်သည် ဤသို့ စောင့်ရှောက်အပ် လုံခြုံစေအပ်သည် ဖြစ်သော်လည်း ကြောက်ရွံ့ ထိတ်လန့်သည်ဖြစ်၍ နေရပါ၏။ အသျှင်ဘုရား တပည့်တော်သည် ယခုအခါ၌မူကား တော၌နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ မကြောက်မရွံ့ မထိတ် မလန့်သည် ဖြစ်၍ တစ်ယောက်တည်း ကြောင့်ကြမဲ့ ကြက်သီးမွေးညင်း မထဘဲ သူတစ်ပါးနှင့်စပ်သော အသက်မွေးခြင်း ရှိသည်ဖြစ်၍ သားသမင်စိတ်ထားဖြင့် နေရပါ၏။ အသျှင်ဘုရား တပည့်တော်သည် ဤအကြောင်းကို သိမြင်သည်ဖြစ်၍ တော၌ နေသည်ဖြစ်စေ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ'' ဟု မပြတ် ဤဥဒါန်းကို ကျူးရင့်ပါ၏ ဟု လျှောက်ထားလေ၏။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌-

''အကြင်ပုဂ္ဂိုလ်၏ အတွင်းစိတ်၌ အမျက် 'ဒေါသ' တို့သည် မရှိကုန်။ ဤသို့ ပြည့်စုံခြင်း ပျက်စီးခြင်းကိုလည်း လွန်မြောက်၏။ ဘေးကင်း၍ ချမ်းသာသော ကြောင့်ကြကွာသော ထိုပုဂ္ဂိုလ်ကို နတ်တို့သည်ပင် မြင်ရန် မစွမ်းနိုင်ကုန်'' ဟု ဤဥဒါန်းကို ကျူးရင့်တော် မူ၏။ 20 ၂၀

၁ဝ - ဘဒ္ဒိယသုတ်၊ မုစလိန္ဒဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Tuesday, December 8, 2009

အမျှဝေသဖြင့် ချမ်းသာသုခ ရရှိကြသူ...




သာဏဝါသီထေရပေတဝတ္ထု

သာဏမထေရ်၏ မိဘဆွေမျိုးများသည် အကုသိုလ်ကို ပြုခဲ့ကြသောကြောင့် သေလွန်ကြသောအခါ ပြိတ္တာဘဝ၌ အဝတ်မပါ အစာမရ ဒုက္ခကြီးစွာ တွေ့နေကြရသည်ကို သာဏမထေရ် တွေ့မြင်၍ အလှူ အတန်းပြုကာ အမျှဝေသဖြင့် ချမ်းသာသုခ ရရှိကြသော ပြိတ္တာများ။

မကောင်းမှုမှ ငြိမ်းအေးစေပြီးသော ပွါးများပြီးသော ဣနြေ္ဒရှိသော ကုဏ္ဍိမြို့သား ပေါဋ္ဌပါဒမည်သော မထေရ်သည် သာဏတောင်၌ သီတင်းသုံးနေတော်မူ၏။ ထိုသာဏဝါသီမထေရ်၏ အမိ အဖ အစ်ကိုတို့သည် မကောင်းမှုကံကို ပြုကြကုန် သောကြောင့် မကောင်းသော အလားရှိကာ ယမမင်းနိုင်ငံ ပြိတ္တာဘုံလျှင် လားရာ ရှိကုန်သည်ဖြစ်၍ ဤလူ့ပြည်မှ ပြိတ္တာဘုံသို့ လားရောက်ကြရကုန်၏။ 408-9

ဒုဂ္ဂတိဘုံသို့ လားရောက်ကြရကုန်သော ထိုသူတို့သည် အပ်ဖြင့် ထိုးဆွသကဲ့သို့ ငတ်မွတ်ခြင်းဖြင့် အနှိပ်စက်ခံရသူ၊ ပင်ပန်းသော ကိုယ်စိတ်ရှိသူ၊ အဝတ်မရှိသူ၊ ပိန်ချုံးသူ၊ ထိတ်လန့် ကြောက်ရွံ့ကြသူ၊ များစွာ ကြောက်ခြင်းရှိသူတို့ ဖြစ်ကြကုန်လျက် ကြမ်းတမ်းသော မကောင်းမှု ရှိကြကုန်ရကား မိမိကိုယ်ကို ထင်စွာ မပြဝံ့ကြကုန်။ 410

ထိုသာဏဝါသီမထေရ်၏ အစ်ကိုသည် အဝတ်မပါဘဲ ခြေတစ်ဖဝါး သွားသာရှိ သော လမ်းကျဉ်း၌ အဆောတလျင် တစ်ယောက်တည်း လေးဘက်ထောက် သွားလျက် မထေရ်အား ကိုယ်ထင်ပြ၏။ 411
မထေရ်သည်ကား နှလုံးမသွင်းသောကြောင့် စကားမဆိုမူ၍ လွန်သွား၏၊ ထိုပြိတ္တာသည်လည်း ဤသို့ မထေရ်အား သိစေ၏၊ အကျွန်ုပ်သည် သင်၏ အစ်ကိုပါတည်း၊ ပြိတ္တာဘုံသို့ ရောက်နေရပါ၏။ 412

အရှင်ဘုရား သင်၏ အမိသည် လည်းကောင်း၊ အဖသည် လည်းကောင်း မကောင်းမှုကံကို ပြုကြကုန်သောကြောင့် မကောင်းသော အလားရှိကာ ယမမင်းနိုင်ငံ ပြိတ္တာဘုံလျှင် လားရာရှိကုန်သည်ဖြစ်၍ ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ကြရကုန်၏။ 413

ဒုဂ္ဂတိဘုံသို့ လားရောက်ကြရကုန်သော ထိုအမိ အဖတို့သည် အပ်ဖြင့် ထိုးဆွသကဲ့သို့ ငတ်မွတ်ခြင်းဖြင့် အနှိပ်စက်ခံရသူ၊ ပင်ပန်းသော ကိုယ်စိတ်ရှိသူ၊ အဝတ်မရှိသူ၊ ပိန်ချုံးသူ၊ ထိတ်လန့် ကြောက်ရွံ့ကြသူ၊ များစွာ ကြောက်ခြင်း ရှိသူတို့ ဖြစ်ကြကုန်လျက် ကြမ်းတမ်းသော မကောင်းမှု ရှိကြကုန်ရကား မိမိကိုယ်ကို ထင်စွာ မပြဝံ့ကြကုန်။ 414

အရှင်ဘုရား သနားခြင်း ရှိတော်မူသော အရှင်ဘုရားသည် သနားစောင့်ရှောက် ချီးမြှောက်တော်မူပါလော့၊ အကျွန်ုပ်တို့အတွက် ပေးလှူ၍ ကုသိုလ်အဖို့ကို ရည်ညွှန်း ပေးဝေပါလော့၊ အရှင်ဘုရား ပေးလှူအပ်သော အလှူဒါနဖြင့် ကြမ်းတမ်းသော မကောင်းမှုရှိသော မိဖတို့သည် မျှတကြပါကုန်လတ္တံ့ဟု အစ်ကို ပြိတ္တာက ပြော၏။ 415

သာဏဝါသီမထေရ်သည် လည်းကောင်း၊ အခြားရဟန်း တစ်ဆယ့်နှစ်ပါးတို့သည် လည်းကောင်း ဆွမ်းခံလှည့်လည်ကြကုန်၍ ဆွမ်းကိစ္စဟူသော အကြောင်းကြောင့် တစ်ပေါင်းတည်း စုဝေးကြကုန်၏။ 416

သာဏဝါသီမထေရ်သည် အလုံးစုံသော ရဟန်းတို့အား ''အရှင်တို့ အရှင်တို့သည် ရသမျှသော ဆွမ်းကို အကျွန်ုပ်အား ပေးကြပါကုန်လော့၊ ဆွေမျိုးတို့ကို ချီးမြှောက်ရန် သံဃာအား ဆွမ်းလုပ်ကျွေးခြင်းကို အကျွန်ုပ် ပြုလိုပါ၏'' ဟု ပြောဆို၏။ 417

တစ်ကျိပ်နှစ်ပါးသော ရဟန်းတို့သည် သာဏဝါသီမထေရ်အား ရသမျှ ဆွမ်းကို လှူဒါန်းဆောင်နှင်းကြကုန်၏၊ သာဏဝါသီမထေရ်သည် သံဃာကို ပင့်ဖိတ်၏၊ သာဏဝါသီမထေရ်သည် ပေးလှူပြီးလတ်သော် ''ငါ၏ ဤအလှူသည် ဆွေမျိုးတို့ အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ'' ဟု အမိအား လည်းကောင်း၊ အဖအား လည်းကောင်း၊ အစ်ကိုအား လည်းကောင်း အလှူ၏ အဖို့ကို ရည်ညွှန်း ပေးဝေ၏။ 418

ရည်ညွှန်း ပေးဝေပြီးသည်၏ အခြားမဲ့၌ ပြိတ္တာတို့အား စင်ကြယ်မွန်မြတ်၍ အရသာနှင့် ပြည့်စုံသော အထူးထူးသော အရသာရှိသည့် ဟင်းတို့နှင့် ယှဉ်သော ဘောဇဉ်သည် ဖြစ်ပေါ်လာတော့၏။ 419

ထိုနောက် အစ်ကိုသည် အဆင်းခွန်အားနှင့် ပြည့်စုံလျက် ချမ်းသာခြင်း ရှိသည်ဖြစ်၍ ကိုယ်ထင်ပြ၏၊ အရှင်ဘုရား ဘောဇဉ်သည် များပြားလှပါ၏၊ သို့သော် ကြည့်တော်မူပါဦးလော့၊ အကျွန်ုပ်တို့သည် အဝတ်မဆီး အချည်းနှီးသာ ဖြစ်ကြပါကုန်သေး၏၊ အရှင်ဘုရား အကျွန်ုပ်တို့ အဝတ် ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လ ပြုတော်မူပါဦးလော့ဟု အစ်ကို ပြိတ္တာက သာဏဝါသီမထေရ်ကို လျှောက်ပြန်၏။ 420

သာဏဝါသီမထေရ်သည် အမှိုက်ပုံမှ အနားပြတ်သော ပုဆိုး အပိုင်းအစတို့ကို ရှာမှီး ကောက်ယူ၍ ပုဆိုးကြမ်း သင်္ကန်းပြုလျက် စာတုဒ္ဒိသာ သံဃာအား ပေးလှူ၏။ 421

သာဏဝါသီမထေရ်သည် သင်္ကန်း ပေးလှူပြီး၍ ''ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ'' ဟု အမိအား လည်းကောင်း၊ အဖအား လည်းကောင်း၊ အစ်ကိုအား လည်းကောင်း အလှူ၏ အဖို့ကို ရည်ညွှန်းပေးဝေ၏။ 422

ရည်ညွှန်း ပေးဝေသည်၏ အခြားမဲ့၌ ပြိတ္တာတို့အား အဝတ်တို့သည် ဖြစ်ကုန်၏၊ ထို့နောက် အစ်ကို ပြိတ္တာသည် ကောင်းသော အဝတ်ကို ဝတ်လျက် မထေရ်အား မိမိကိုယ်ကို ကိုယ်ထင်ပြ၏။ 423

နန္ဒမင်း၏ တိုင်းနိုင်ငံ၌ အကြင်မျှလောက် အဝတ်ပုဆိုးတို့သည် ရှိပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့၏ အဝတ် ပုဆိုးတို့သည် ထိုအဝတ်တို့ထက် များပါ ကုန်၏။ 424

ပိုးကမ္ဗလာထည်တို့သည် လည်းကောင်း၊ ခေါမထည် ဝါချည်ထည်တို့သည် လည်းကောင်း အလျားအနံအားဖြင့်လည်း ကျယ်ပြန့်ပါကုန်၏၊ အဖိုးများစွာလည်း ထိုက်ပါကုန်၏၊ ထိုအဝတ်တို့သည် လည်းကောင်း ကင်၌သာ တွဲရရွဲကျကုန်၏။

ထိုအကျွန်ုပ်တို့သည် စိတ်နှစ်သက်ရာရာ အဝတ်ကို ဝတ်ဆင်ရပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည် အိမ်တို့ကို ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လ ပြုတော်မူပါဦးလော့ဟု လျှောက်ပြန်၏။ 426

သာဏဝါသီမထေရ်သည် သစ်ရွက်မိုးကျောင်းကို ဆောက်လုပ်၍ စာတုဒ္ဒိသာ သံဃာအား ပေးလှူ၏၊ သာဏဝါသီမထေရ်သည် ပေးလှူပြီး၍ ''ငါ၏ ဤအလှူ သည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ'' ဟု အမိအား လည်းကောင်း၊ အဖအား လည်းကောင်း၊ အစ်ကိုအား လည်းကောင်း အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏။ 427

ရည်ညွှန်း ပေးဝေပြီးသည်၏ အခြားမဲ့၌ ထိုပြိတ္တာတို့အား ပုံစံတူဖြစ်သော စုလစ်မွန်းချွန် အထွတ်တပ်သော အိမ်တို့သည် ဖြစ်ပေါ်ကုန်၏။

ဤပြိတ္တာဘုံ၌ ငါတို့၏ အိမ်တို့သည် အကြင်သို့သော သဘောရှိ၏၊ ဤသို့သော သဘောရှိသော အိမ်တို့သည် လူ့ပြည်တို့၌ မရှိပါကုန်၊ နတ်ပြည်တို့၌ အိမ်တို့သည် အကြင်သို့သော သဘောရှိကုန်၏၊ ဤပြိတ္တာဘုံ၌ ငါတို့၏ အိမ်တို့သည် ထိုသို့သော သဘောရှိပါကုန်၏။ 429

အကျွန်ုပ်တို့၏ အိမ်တို့သည် အရောင်ဖြင့် ထွန်းပလျက် ထက်ဝန်းကျင်အရပ် လေးမျက်နှာတို့ကို တင့်တယ်စေပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည် သောက်ရေကို ရနိုင်လောက်သော အခြင်းအရာအားဖြင့် လုံ့လ ပြုတော်မူပါဦးလော့ဟု လျှောက်၏။ 430

သာဏဝါသီမထေရ်သည် ဓမကရိုဏ်ရေစစ်ကို (ရေဖြင့်) ပြည့်စေ၍ စာတုဒ္ဒိသာ သံဃာအားပေးလှူ၏၊ မထေရ်သည် ရေပေးလှူပြီး၍ ''ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ'' ဟု အမိအား လည်းကောင်း၊ အဖအား လည်းကောင်း၊ အစ်ကိုအား လည်းကောင်း အလှူ၏ အဖို့ကို ရည်ညွှန်း ပေးဝေတော်မူ၏။ 431

ရည်ညွှန်း ပေးဝေပြီးသည်၏ အခြားမဲ့၌ ထိုပြိတ္တာတို့အား သောက်ရေသည် ဖြစ်၏၊ အေးမြသော ရေရှိကုန်သော၊ ကောင်းသော ဆိပ်ကမ်း ရှိကုန်သော၊ အေးမြ၍ မွှေးပျံ့ကြိုင်လှိုင်သော ရနံ့ ရှိကုန်သော၊ ကောင်းစွာ ဖန်ဆင်းအပ်ကုန်သော နက်သော လေးထောင့်ရေကန်တို့သည် ပဒုမ္မာကြာ, ဥပ္ပလကြာတို့ဖြင့် ဖုံးလွှမ်းကုန်သည်ဖြစ်၍ ရေ၏ အထက်၌ ကြာဝတ်ဆံတို့ဖြင့် ဖုံးလွှမ်းလျက် ပြည့်ကုန်၏။ 432-433

ထိုပြိတ္တာတို့သည် ထိုရေကန်၌ ချိုးသောက်ပြီးနောက် သာဏဝါသီမထေရ်အား ကိုယ်ထင်ပြကုန်၏၊ အရှင်ဘုရား သောက်ရေသည် များပြားလှပါပြီ၊ အကျွန်ုပ်တို့၏ ခြေတို့သည် နာကျင်ပါကုန်၏၊ ပြတ်ကွဲပါကုန်၏၊ ကျောက်စရစ်, သမန်းမြက်, ဆူးငြောင့်ရှိသော အရပ်၌ လှည့်လည်ကြရကုန်သော အကျွန်ုပ်တို့သည် ခြေခွင်လျက် သွားကြရပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည် ယာဉ်ကို ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လ ပြုတော်မူပါဦးလော့ဟု လျှောက်ကြကုန်၏။ 434-5

သာဏဝါသီမထေရ်သည် တစ်လွှာ တစ်ထပ်သာရှိသော ဖိနပ်ကိုရ၍ စာတုဒ္ဒိသာသံဃာအား ပေးလှူ၏၊ မထေရ်သည် ပေးလှူပြီး၍ ''ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ'' ဟု အမိအား လည်းကောင်း၊ အဖအား လည်းကောင်း၊ အစ်ကိုအား လည်းကောင်း အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏။ 436

ရည်ညွှန်း ပေးဝေပြီးသည်၏ အခြားမဲ့၌ မထေရ်၏ အဆွေအမျိုး ပြိတ္တာတို့သည် ရထားဖြင့် မထေရ်ထံသို့ လာကုန်၏၊ အရှင်ဘုရား ထမင်းကို လှူခြင်းဖြင့် လည်းကောင်း၊ အဝတ်ပုဆိုးကို လှူခြင်းဖြင့် လည်းကောင်း - 437

အိမ်ကို လှူခြင်းဖြင့် လည်းကောင်း၊ သောက်ရေကို လှူခြင်းဖြင့် လည်းကောင်း၊ ယာဉ် (ဖိနပ်)ကို လှူခြင်းဖြင့် လည်းကောင်း (ယာဉ်ကို ပေးလှူခြင်း, ထမင်းစသည့် ပစ္စည်းလေးပါးကို ပေးလှူခြင်း) နှစ်ပါးစုံဖြင့် အရှင်ဘုရားသည် အကျွန်ုပ်တို့ကို သနား ချီးမြှောက်အပ်ပါကုန်၏၊ အရှင်ဘုရား လောက၌ သနားခြင်း ကရုဏာ ရှိသော ရဟန်းကို ရှိခိုးခြင်းငှါ လာရောက်ကြပါကုန်၏ဟု လျှောက်ကုန်၏။

၂ - သာဏဝါသီထေရပေတဝတ္ထု၊ စူဠဝဂ်၊ ပေတဝတ္ထုပါဠိတော်။ ခုဒ္ဒကနိကာယ်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Sunday, December 6, 2009

အဖော်မပါ တစ်ယောက်တည်း နေရပါမူ ကောင်းလေစွ...

နာဂသုတ်


အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်း၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာ မိန်းမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ။ ထိုအခါ မြတ်စွာဘုရားအား ''ငါသည် ယခုအခါ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ၊ ငါသည် ပရိသတ် အပေါင်းမှ ထွက်၍ တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် နေရပါမူ ကောင်းလေစွ'' ဟု အကြံသည် ဖြစ်၏။

ထို့နောက် မြတ်စွာဘုရားသည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် ကောသမ္ဗီ ပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ ကောသမ္ဗီပြည်၌ ဆွမ်းခံ လှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြွလျက် ကိုယ်တိုင် ကျောင်း အိပ်ရာ နေရာကို သိမ်းဆည်း၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် အလုပ်အကျွေးကိုလည်း မခေါ် ရဟန်းသံဃာကိုလည်း မပန်ကြားဘဲ အဖော်မပါ တစ်ပါးတည်း ပါလိလေယျက တောအုပ်သို့ ဒေသစာရီ ကြွတော်မူ၏။ အစဉ်သဖြင့် ဒေသစာရီ ကြွတော်မူလတ်သော် ပါလိလေယျက တောအုပ်သို့ ဆိုက်ရောက် တော်မူ၏။

မြတ်စွာဘုရားသည် ထိုပါလိလေယျကရွာ ရက္ခိတတောအုပ် အင်ကြင်းပင်ပျို အနီး၌ နေတော်မူ၏။ ဆင်ပြောင်ကြီး တစ်ကောင်သည်လည်း ဆင်ပေါက် ဆင်မ ဆင်ရွေ နို့စို့ဆင်ငယ်တို့နှင့် ရောပြွမ်းသည် ဖြစ်၍ အညွန့် ပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ ထိုဆင်ပြောင်ကြီး ချိုး၍ ချိုး၍ ချသော သစ်ခက် သစ်ကိုင်းကိုလည်း အခြား ဆင်တို့ စားကုန်၏။ ထိုဆင်ပြောင်ကြီးသည် နောက်ကျုကုန်သော ရေတို့ကိုလည်း သောက်ရ၏။ ရေဆိပ်မှ တက်သော ထိုဆင်ပြောင်ကြီး၏ ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။ ရောပြွမ်းသည် ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာ စွာ မနေရ။

ထိုအခါ ထိုဆင်ပြောင်ကြီးအား ''ငါသည် ယခုအခါ၌ ဆင်ထီး ဆင်မ ဆင်ပေါက် ဆင်ငယ်တို့နှင့် ရောပြွမ်း၍ နေရ၏။ အဖျားပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ ငါ ချိုး၍ ချိုး၍ ချသော အကိုင်းအခက်ကိုလည်း ဆင်ပေါက် ဆင်ငယ်တို့သည် စားကုန်၏။ နောက်ကျုသော ရေကိုလည်း သောက်ရ၏။ ရေဆိပ်မှတက်သော ငါ၏ ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။

ငါသည် ရောပြွမ်းသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ၊ ငါသည် ဆင်အုပ် မှ ထွက်၍ တစ်ကောင်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် နေရပါမူ ကောင်းလေစွ'' ဟု ဤအကြံသည် ဖြစ်၏။

ထို့နောက် ထိုဆင်ပြောင်ကြီးသည် ဆင်အုပ်မှ ဖဲ၍ ပါလိလေယျကရွာ ရက္ခိတတောအုပ် အင်ကြင်းပင်ပျို အနီး၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ နေ၏။ ထိုအခါ ထိုဆင်ပြောင်ကြီးသည် မြတ်စွာဘုရား နေတော်မူရာ အရပ်ကိုလည်း စိမ်းစိုသော မြက်သစ်ပင် မရှိအောင် ပြု၏။ နှာမောင်း ဖြင့်လည်း မြတ်စွာဘုရား၏ သောက်ရေ သုံးဆောင်ရေကို တည်ထား၏။

ထို့နောက် ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းတော်မူသော မြတ်စွာဘုရားအား ''ငါသည် ရှေးအခါက ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမ မင်း အမတ် တိတ္ထိ တိတ္ထိတပည့်တို့ နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ၊ ''ထိုငါသည် ယခုအခါ၌ ရဟန်းယောက်ျား ရဟန်း မိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမ မင်းမင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် မရောပြွမ်းဘဲ နေသောကြောင့် ချမ်းသာစွာ နေရ၏'' ဟု စိတ်အကြံ ဖြစ်၏။

ထိုဆင်ပြောင်ကြီးအားလည်း ''ငါသည် ရှေးအခါက ဆင်ပေါက် ဆင်မ ဆင်ရွေ နို့စို့ဆင်ငယ်တို့နှင့် ရောပြွမ်းလျက် နေရသည် ဖြစ်၍ အညွန့်ပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ ငါ ချိုး၍ ချိုး၍ချသော သစ်ခက် သစ်ကိုင်းကိုလည်း ဆင်ငယ်တို့သည် စားကုန်၏။ ငါသည် နောက်ကျုသော ရေတို့ကိုလည်း သောက်ရ၏။ ရေဆိပ်မှတက်သော ငါ၏ ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။ ရောပြွမ်းသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ။ ထိုငါသည် ယခုအခါ ဆင်ထီး ဆင်မ ဆင်ပေါက်ဆင်ငယ်တို့နှင့် မရောပြွမ်းဘဲ နေရ၏။ အဖျားမပြတ်သော မြက်တို့ကိုလည်း စားရ၏။ ငါ ချိုး၍ ချိုး၍ချသော သစ်ခက် သစ်ကိုင်းတို့ကိုလည်း ဆင်ငယ်တို့သည် မစားကုန်။ ကြည်လင်သော ရေတို့ကိုလည်း သောက်ရ၏။ ဆိပ်ကမ်းမှတက်သော ငါ၏ ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် မသွားကုန်။ မရောပြွမ်းသောကြောင့် ချမ်းသာစွာ နေရ၏''ဟု ဤသို့ စိတ်အကြံ ဖြစ်၏။

ထို့နောက် မြတ်စွာဘုရားသည် မိမိ၏ ကာယဝိဝေကကို သိ၍ ထိုဆင်ပြောင်ကြီး၏ စိတ်အကြံကိုလည်း မိမိစိတ်ဖြင့် သိတော်မူ၍ ထိုသိသော အချိန်၌- ''ဘုရားတည်း ဟူသော ဆင်ပြောင်ကြီးသည် တစ်ပါးတည်း တော၌ မွေ့လျော်ကုန် သကဲ့သို့ ဤဆင်ပြောင်ကြီးသည်လည်း တစ်စီးတည်း တော၌ မွေ့လျော်၏။ ထို့ကြောင့် မြတ်စွာဘုရားတည်းဟူသော ဆင်ပြောင်ကြီး၏ ထိုတစ်ပါးတည်း မွေ့လျော်သော စိတ်သည် လှည်းစွယ်ရန်းနှင့် တူသော အစွယ်ရှိသော ဆင်ပြောင်ကြီး၏ တစ်စီးတည်း မွေ့လျော်သော စိတ်နှင့်တူမျှ၏'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 35

၅ - နာဂသုတ်၊ မေဃိယဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Friday, November 6, 2009

အမှန်မပြော ကုန်းတိုက်စကား ဆိုခဲ့သောကြောင့်

ကူဋဝိနိစ္ဆယိကပေတဝတ္ထု

ကျောက်ကုန်းသားကို ဖြတ်တောက် စားရသူ

တရားရုံးတော်၌ အမှန်မပြော ကုန်းတိုက်စကား ဆိုခဲ့သောကြောင့် သေလွန်သော အခါ နတ်ဝတ်တန်ဆာ နတ်သမီး အခြွေအရံတို့ဖြင့် အာနုဘော်ကြီးစွာ ခံစားရ သော်လည်း ကြောက်ခမန်းလိလိ မိမိ ကျောက်ကုန်းသားကို ဖြတ်တောက် စားသောက်နေရသော ပြိတ္တာ

ယောက်ျား သင်သည် နတ်ပန်းကို ပန်ဆင်လျက် ဦးရစ်ပေါင်းကာ လက်ကောက်စသော လက်ဝတ်တန်ဆာရှိသူ ဖြစ်ပေ၏၊ သင်၏ ကိုယ်ကို စန္ဒကူးနံ့သာဖြင့် လိမ်းကျံလျက် ကြည်လင်သော မျက်နှာ အဆင်းရှိသူ တက်သစ်စနေ၏ အဆင်းကဲ့သို့ တင့်တယ်သူ ဖြစ်ဘိ၏။ 499

သင်၏ ပရိသတ်၌ အကျုံးဝင်ကုန်သော သင်၏ ဤအခြွေအရံ နတ်တို့သည် လည်းကောင်း၊ သင်၏ တစ်သောင်းသော အခြွေအရံ နတ်သမီးတို့သည် လည်းကောင်း ခရုသင်း, လက်ကောက်, လက်ကြပ်တန်ဆာကို ဝတ်ဆင်ကြ ကုန်၏၊ ရွှေနားသွယ်ပန်းကိုလည်း ထူးဆန်းစွာ ပန်ဆင် ကြကုန်၏။ 500

သင်သည် ကြီးသော အာနုဘော်ရှိ၏၊ ကြက်သီးမွေးညင်း ထလောက်အောင် အဆင်း သဏ္ဌာန်ရှိပါပေ၏၊ (သို့ပါသော်လည်း) မိမိ၏ ကျောက်ကုန်းသားတို့ကို ကိုယ်တိုင်ဖြတ်၍ ခဲစားနေရဘိ၏။ 501

သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း အဘယ် မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် မိမိ၏ ကျောက်ကုန်းသားတို့ကို ကိုယ်တိုင်ဖြတ်၍ ခဲစားဘိသနည်းဟု အသျှင်နာရဒက မေး၏။ 502

အရှင်ဘုရား အကျွန်ုပ်သည် သက်ရှိလောက၌ မိမိ၏ အကျိုးမဲ့ဖြစ်ရန် ကုန်းတိုက်စကား မုသားစကားဖြင့် လည်းကောင်း၊ ကောက်ကျစ်စဉ်းလဲခြင်း လှည့်ပတ်ခြင်းဖြင့် လည်းကောင်း ပြုကျင့်ခဲ့မိပါ၏။ 503

ထိုတရားစီရင်ရာ အရပ်၌ အကျွန်ုပ်သည် ပရိသတ်လယ်သို့ ရောက်၍ အမှန် ဆိုရမည့် အခါ ကြုံကြိုက် ဖြစ်ပေါ်လာသည်ရှိသော် အကျိုးအကြောင်းကို စွန့်ပစ်၍ အဓမ္မသို့ အစဉ်လိုက်ခဲ့မိပါ၏။ 504

အကြင်သူသည် ကျောက်ကုန်းသားကို ခဲစားသည်နှင့်တူစွာ ချောပစ်ကုန်းတိုက် မုသား ပြောဆိုတတ်၏၊ အကျွန်ုပ်သည် ယနေ့ မိမိကျောက်ကုန်းသားကို ခဲစားရသကဲ့သို့ ထို့အတူ ချောပစ်ကုန်းတိုက် မုသား ပြောဆိုတတ်သော ထိုသူသည် မိမိကျောက်ကုန်းသားကို ခဲစားရ၏။ 505

အသျှင်နာရဒ ဤအကျွန်ုပ်၏ ရုပ်အဆင်းကို အရှင်ဘုရား ကိုယ်တိုင် မြင်ရပါပြီ၊ သနားစောင့်ရှောက်တတ်ကုန်သော သူတစ်ပါးအကျိုးကို ကျင့်ခြင်း၌ လိမ္မာ ကုန်သော ဘုရားစသော သူတော်ကောင်းတို့ ဆိုဆုံးမသော ''သင်သည် ကုန်းတိုက်သော စကားကို မပြောဆိုလင့်၊ မုသား မပြောဆိုလင့်၊ အကျွန်ုပ်ကဲ့သို့ မိမိကျောက်ကုန်းသားကို စားရသည် မဖြစ်စေလင့်'' ဟူသော စကားမျိုးကိုသာ အကျွန်ုပ် ပြောဟောလိုပါ၏ဟု ပြိတ္တာက လျှောက်၏။ 506

၉ - ကူဋဝိနိစ္ဆယိကပေတဝတ္ထု၊ စူဠဝဂ်၊ ပေတဝတ္ထုပါဠိတော်။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Sunday, November 1, 2009

ဤသည်ပင်လျှင် ဆင်းရဲ၏ အဆုံးတည်း...

စတုတ္ထနိဗ္ဗာနပဋိသံယုတ္တသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့် စပ်သော တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေတော်မူ၏။

ထိုရဟန်းတို့သည် အရိုအသေပြု၍ နှလုံးသွင်းလျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ပြီးလျှင် နားစိုက်ကာ တရားကို နာကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌-

''ရုပ်အစရှိသော သင်္ခါရ၌ တဏှာ ဒိဋ္ဌိတို့ဖြင့် မှီသောသူအား တဏှာ ဒိဋ္ဌိတို့ဖြင့် တုန်လှုပ်၏။ တဏှာဒိဋ္ဌိတို့ဖြင့် မမှီသောသူအား တုန်လှုပ်မှု မရှိ၊ တုန်လှုပ်မှု မရှိသော် ငြိမ်းအေး၏။ ငြိမ်းအေးမှု ရှိလတ်သော် ညွတ်မှုတဏှာ မဖြစ်၊ ညွတ်မှု တဏှာ မရှိသော် ပဋိသန္ဓေအားဖြင့် ဤဘဝသို့ လာခြင်း, စုတေအားဖြင့် ထိုဘဝသို့ သွားခြင်း မဖြစ်၊ လာခြင်း သွားခြင်း မရှိသော် စုတေခြင်း ပဋိသန္ဓေနေခြင်း မဖြစ်၊ စုတေခြင်း ပဋိသန္ဓေနေခြင်း မရှိသော် မျက်မှောက်ဘဝ၌ လည်းကောင်း၊ တမလွန်ဘဝ၌ လည်းကောင်း၊ နှစ်ပါးစုံဘဝ၌ လည်းကောင်း မဖြစ်တော့လတ္တံ့။ ဤသည်ပင်လျှင် ဆင်းရဲ၏ အဆုံးတည်း'' ဟု ဤ ဥဒါန်းကို ကျူးရင့်တော်မူ၏။ 74

၎ - စတုတ္ထနိဗ္ဗာနပဋိသံယုတ္တသုတ်၊ ပါဋလိဂါမိယဝဂ်၊ ဥဒါန်းပါဠိတော်၊

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Thursday, October 29, 2009

သေမင်း မမြင်ရာ နိဗ္ဗာန်သို့ ...

စူဠပန္ထကသုတ်...

အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင် စူဠပန္ထကသည် မြတ်စွာဘုရား၏ မနီးမဝေး၌ သတိကို ရှေးရှုထင်စေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။

မြတ်စွာဘုရားသည် မနီးမဝေး၌ သတိကို ရှေးရှုထင်စေပြီးလျှင်ကိုယ်ကို ဖြောင့်မတ်စွာထား၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်စူဠပန္ထကကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌-

''ကောင်းစွာ ထားအပ်သောကိုယ် ကောင်းစွာ ထားအပ်သော စိတ်ရှိသည်ဖြစ်၍ ရပ်သော် လည်းကောင်း၊ ထိုင်သော် လည်းကောင်း၊ ထိုမှတစ်ပါး လျောင်းသော် လည်းကောင်း ဤသို့ သတိကို ကောင်းစွာထားသော ရဟန်းသည် ရှေ့နောက်ဖြစ်သော အကျိုးထူးကို ရရာ၏။ ရှေ့နောက်ဖြစ်သော အကျိုးထူးကို ရသောကြောင့် သေမင်း မမြင်ရာ နိဗ္ဗာန်သို့ ရောက်နိုင်ရာ၏'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 50

၁ဝ - စူဠပန္ထကသုတ်၊ သောဏဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

ငါတို့သည် ရိုသေမှု အလေးပြုမှုရအောင် လုပ်ကြကုန်အံ့...


ပိဏ္ဍပါတိကသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ ရေခံတက်ပင်ရောက်ရာ ကရေရိ- (ရေခံတက်ပင်) တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကြကုန်သော များစွာသော ရဟန်းတို့အား ဤကြားညှပ်စကားသည် ဖြစ်ပေါ်လာ၏။


ငါ့သျှင်တို့ ဆွမ်းခံလှည့်လည်သော
ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရံဖန်ရံခါ
နှစ်သက်ဖွယ် ရူပါရုံတို့ကို မျက်စိ ဖြင့် မြင်ရ၏။
နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရ၏။
နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရ၏။
နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက်ရ၏။
နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကို ကိုယ်ဖြင့် တွေ့ထိရ၏။


ငါ့သျှင်တို့ ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရိုသေမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူကာ ဆွမ်းခံလှည့်လည်၏။ ငါ့သျှင်တို့ ယခု ငါတို့ သည်လည်း ပိဏ္ဍပါတ်ဓုတင် ဆောင်ကြကုန်အံ့၊ ငါတို့သည်လည်း ရံဖန်ရံခါ နှစ်သက်ဖွယ် ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရကုန် အံ့၊ နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရကုန်အံ့၊ နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရကုန်အံ့၊ နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့် လျက်ရကုန်အံ့၊ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကိုကိုယ်ဖြင့် တွေ့ထိရကုန်အံ့၊ ငါတို့သည်လည်း ရိုသေမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူကြကာ ဆွမ်းခံလှည့်လည်ကြကုန်အံ့ဟု ထိုရဟန်းတို့၏ ဤကြားညှပ် စကားသည် မပြီးပြတ်သေး။

ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းနေရာမှ ထ၍ ရေခံတက်ပင် ရောက်ရာ ကရေရိတန်ဆောင်းဝန်းသို့ ချဉ်းကပ်လျက် ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စုဝေးနေထိုင်ကြ ကုန်သနည်း။ သင်တို့၏ မပြီးပြတ်သေးသော ကြားညှပ်စကားသည် အဘယ်နည်း'' ဟု မိန့်တော်မူ၏။

အသျှင်ဘုရား ဤအရပ်၌ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ ရေခံတက်ပင် ရောက်ရာ ကရေရိတန်ဆောင်း ဝန်း၌ စုဝေး ထိုင်နေကြကုန်သော တပည့်တော်တို့အား ဤကြားညှပ် စကားသည် ဖြစ်ပါ၏။ ငါ့သျှင်တို့ ဆွမ်းခံလှည့်လည် သော ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရံဖန်ရံခါ နှစ်သက်ဖွယ် ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရ၏။ နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရ၏။ နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရ၏။ နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက် ရ၏။ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကို ကိုယ်ဖြင့် တွေ့ထရိ ၏။ ငါ့သျှင်တို့ ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရိုသေမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူကာ ဆွမ်းခံလှည့်လည်၏။ ငါ့သျှင်တို့ ယခု ငါတို့သည်လည်း ပိဏ္ဍပါတ် ဓုတင် ဆောင်ကြကုန်အံ့၊ ငါတို့သည်လည်း ရံဖန်ရံခါ နှစ်သက်ဖွယ် ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရကုန်အံ့၊ နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရကုန်အံ့၊ နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရကုန်အံ့၊ နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက် ရကုန်အံ့၊ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကို ကိုယ်ဖြင့် တွေ့ထိရကုန်အံ့၊ ငါတို့သည်လည်း ရိုသေမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူကြကာ ဆွမ်းခံ လှည့်လည်ကြကုန်အံ့။

အသျှင်ဘုရား ဤစကားသည် တပည့်တော်တို့၏ မပြီးပြတ်သေးသော ကြားညှပ် စကားပါတည်း။ ထိုအခါ မြတ်စွာဘုရားသည် ကြွရောက်လာပါ၏ဟု လျှောက်ကုန်၏။

ရဟန်းတို့ ...
ယုံကြည်မှု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြု ကြသော အမျိုးကောင်းသားတို့အား ဤသို့ သဘောရှိသော စကားကို ပြောဆိုခြင်းသည် မလျောက်ပတ်။

ရဟန်းတို့ ...
စုဝေးနေထိုင်ကြကုန်သော သင်တို့အား တရားနှင့်စပ်သော စကားကိုသော် လည်းကောင်း၊ မြတ်သော ဆိတ်ဆိတ်နေခြင်းကိုသော် လည်းကောင်း ဤနှစ်ပါး ကိုသာ ပြုသင့်၏ဟု မိန့်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထို သိသောအချိန်၌- ''ရဟန်းသည် မျက်မှောက် မျက်ကွယ်၌ ချီးမွမ်းကျော်စောသံကို မှီသူ အကယ်၍ မဖြစ်ခဲ့မူ ပိဏ္ဍပါတ်ဓုတင်ကို ဆောင်ကာ မိမိကိုယ်ကို မွေးမြူသော သူတစ်ပါးတို့ မွေးမြူမှုကို မခံမူ၍ တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန်းအား နတ်တို့ ချစ်မြတ်နိုးကုန်၏'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 28

၈ - ပိဏ္ဍပါတိကသုတ်၊ နန္ဒဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

သရက်သီးမှည့်ကို ပေးလှူ၍...

အမ္ဗဝနပေတဝတ္ထု - (အမ္ဗဝန=သရက်တော)


လူ့ဘဝ၌ ကျန်ရစ်သူသမီးက
သရက်သီးမှည့် ရေချမ်းနှင့် ယာဂုကို ပေးလှူ၍ အမျှဝေသောကြောင့်
ရေကန် သရက်ဥယျာဉ်တို့ဖြင့် ချမ်းသာခွင့်ရသော ပြိတ္တာ။


သင်၏ ဤရေကန်သည် အလွန် နှလုံးမွေ့လျော်ဖွယ်ရှိ၍ ညီညွတ်သော အပြင်လည်း ရှိပေ၏၊ ကောင်းသော ဆိပ်ကမ်းလည်း ရှိ၏၊ များသော ရေလည်း ရှိ၏၊ ကောင်းစွာ ပွင့်သော ပန်းလည်း ရှိ၏၊ ပျားပိတုန်း အပေါင်းတို့ဖြင့် ပြွမ်း၏၊ သင်သည် နှစ်သက်ဖွယ်သော ဤရေကန်ကို အဘယ် အကြောင်းကြောင့် ရအပ်သနည်း။ 796

နတ်သား သင်၏ ဤသရက်ဥယျာဉ်သည် အလွန် နှလုံးမွေ့လျော်ဖွယ် ရှိ၏၊ ဥတု သုံးပါးလုံး ချမ်းသာကို ရွက်ဆောင်လျက် အသီးတို့ကို ဆောင်၏၊ အခါခပ်သိမ်း ပွင့်၏၊ ပျားပိတုန်း အပေါင်းတို့ဖြင့် ပြွမ်း၏၊ ဤဗိမာန်ကို သင်သည် အဘယ်အကြောင်းကြောင့် ရအပ်သနည်းဟု ကုန်သည်များကမေး၏။ 797

ကုန်သည်တို့ အကျွန်ုပ်၏ သမီးသည် အကျွန်ုပ်ကို ရည်၍ သရက်သီးမှည့်ကို လည်းကောင်း၊ ရေကို လည်းကောင်း၊ ယာဂုကို လည်းကောင်း ပေးလှူ၏၊ သမီး၏ ထိုပေးလှူသော အလှူကြောင့် ဤသရက် ဥယျာဉ်၌ သရက်သီးမှည့်ကို လည်းကောင်း၊ ဤရေကန်၌ ရေကို လည်းကောင်း ဤဗိမာန် ပဒေသာပင် စသည်တို့၌ နှလုံးမွေ့လျော်ဖွယ်ရှိ၍ ချမ်းအေးသော အရိပ်ကို အကျွန်ုပ် ရပါ၏ဟု ပြိတ္တာက ပြောဆို၏။ 798

အလှူပေးခြင်း၏ လည်းကောင်း၊ ဣနြေ္ဒကို ဆုံးမခြင်း၏ လည်းကောင်း၊ သီလ စောင့်ထိန်းခြင်း၏ လည်းကောင်း အကျိုးကို ကုသိုလ်ကံသည် ဤသို့ပင် မျက်မှောက်ဘဝ၌ ခံစားအပ်သော အကျိုးရှိ၏ဟု ကြည့်ရှုကြကုန်လော့၊ အကျွန်ုပ်သည် ရှေးက အရှင်သခင်တို့ အိမ်၌ ကျွန်မ ဖြစ်ပြီး၍ ယခုအခါ အိမ်ကို အစိုးရသော ချွေးမ ဖြစ်ပါ၏ဟု ပြိတ္တာ၏ သမီးက ရွတ်ဆို၏။ 799

၁၂ - အမ္ဗဝနပေတဝတ္ထု၊ မဟာဝဂ်၊ ပေတဝတ္ထုပါဠိတော်။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Thursday, October 22, 2009

ကိစ္စလည်းနည်း ရလည်းရလွယ်သောပစ္စည်း...

သုလဘသုတ် - (ရလွယ်သည်)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ကိစ္စလည်းနည်းကုန် ရလည်းရလွယ်ကုန် အပြစ်လည်းကင်းကုန်သော ထိုအရာဝတ္ထုတို့သည် ဤလေးမျိုးတို့ တည်း၊ အဘယ်လေးမျိုးတို့နည်း-

ရဟန်းတို့
သင်္ကန်းတို့တွင် ပံ့သကူ သင်္ကန်းသည် ကိစ္စလည်း နည်း၏၊ ရလည်းရလွယ်၏၊ ထိုပံ့သကူသင်္ကန်းသည် အပြစ်လည်း မရှိ၊

ရဟန်းတို့
ဘောဇဉ်တို့တွင် သလုံးမြင်းခေါင်းဖြင့် ရင်းနှီး၍ ရအပ်သော ဆွမ်းသည် ကိစ္စလည်း နည်း၏၊ ရလည်းရလွယ်၏၊ ထိုဆွမ်းသည် အပြစ်လည်း မရှိ၊

ရဟန်းတို့
ကျောင်းတို့တွင် သစ်ပင်ရင်းဟူသော ကျောင်းသည် ကိစ္စလည်း နည်း၏၊ ရလည်းရလွယ်၏၊ ထိုကျောင်းသည် အပြစ်လည်း မရှိ၊

ရဟန်းတို့
ဆေးတို့တွင် နွားကျင်ငယ်ဖြင့် ထုံအပ်သော ဆေးသည် ကိစ္စလည်း နည်း၏၊ ရလည်းရလွယ်၏၊ ထိုဆေးသည် အပြစ်လည်းမရှိ၊

ရဟန်းတို့ ကိစ္စလည်းနည်း ရလည်းရလွယ် အပြစ်လည်း မရှိကုန်သော ထို အရာဝတ္ထုတို့သည် ဤလေးမျိုးတို့တည်း၊

ရဟန်းတို့ ရဟန်းသည် ကိစ္စနည်းသဖြင့် လည်းကောင်း၊ ရလွယ်သဖြင့် လည်းကောင်း၊ အပြစ်မရှိသဖြင့် လည်းကောင်း အကြင် ရောင့်ရဲ၏၊ ထိုရဟန်း၏ ဤရောင့်ရဲခြင်းကို သီလ သံဝရစသည်တို့တွင် တစ်ပါး အပါအဝင်ဖြစ်၍ အရိယမဂ်၏ အကြောင်း အင်္ဂါဟု ငါဆို၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို-
''အပြစ်မရှိသဖြင့် လည်းကောင်း၊ ကိစ္စနည်းသဖြင့် လည်းကောင်း၊ ရလွယ်သဖြင့် လည်းကောင်း ရောင့်ရဲသော ရဟန်းအား ကျောင်း သင်္ကန်း အဖျော်ဘောဇဉ်ကို အကြောင်းပြု၍ စိတ်ပင်ပန်းမှု မဖြစ်၊ အရပ်မျက်နှာကို မညှဉ်းဆဲ။ အရိယမဂ် အားလျော်ကုန်သော အကြင်တရားတို့ကို မြတ်စွာဘုရား ဟောကြားတော် မူအပ်ကုန်၏၊ ထိုတရားတို့ကို မမေ့မလျော့ ကျင့်သော ရောင့်ရဲလွယ်သော ထိုရဟန်းသည် သိမ်းကျုံးယူနိုင်၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။ ဤအနက် သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၂ - သုလဘသုတ်၊ စတုက္ကနိပါတ်၊ ဣတိဝုတ်ပါဠိတော်။ 111


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Wednesday, October 21, 2009

သာမာဝတီ ဥပါသိကာမတို့၏ လားရာဂတိကား အဘယ်ပါနည်း...

ဥတေနသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ ဥတေနမင်းသည် ဥယျာဉ်သို့ ထွက်သွားစဉ် နန်းတော်ကို မီးလောင်၏။ သာမာဝတီ အမှူးရှိသော မိန်းမငါးရာတို့သည်လည်း သေကြကုန်၏။

ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် ကောသမ္ဗီပြည်သို့ ဆွမ်းခံဝင်ကုန်၏။ ကောသမ္ဗီပြည်၌ ဆွမ်းခံ လှည့်လည်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ''အသျှင်ဘုရား ယနေ့ ဥတေနမင်း ဥယျာဉ်သို့ ထွက်သွားစဉ် နန်းတော်ကို မီးလောင်ပါ၏။ သာမာဝတီ အမှူးရှိသော မိန်းမငါးရာတို့သည်လည်း သေကြကုန်၏။ အသျှင်ဘုရား ထိုဥပါသိ ကာမတို့၏ လားရာဂတိကား အဘယ်ပါနည်း။ တမလွန်ဘဝကား အဘယ်ပါနည်း'' ဟု လျှောက်ကုန်၏။

ရဟန်းတို့ ဤဥပါသိကာမအပေါင်းတို့တွင်... သောတာပန် ဥပါသိကာမတို့သည် ရှိကုန်၏။ သကဒါဂါမ်ဥပါသိကာမတို့သည် ရှိကုန်၏။ အနာဂါမ် ဥပါသိကာမတို့ သည် ရှိကုန်၏။ ရဟန်းတို့ အလုံးစုံသော ဥပါသိကာမတို့သည် အကျိုးမဲ့ မဟုတ်ကုန်မူ၍ သေကြရကုန်၏ဟု မိန့်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည်
ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌ -

''လောကသည် မောဟဖြင့် ဖွဲ့ယှက် ဖုံးလွှမ်းရကား အကြောင်းနှင့် ပြည့်စုံသကဲ့သို့ ထင်ရ၏။ ဥပဓိတို့ဖြင့် အဖွဲ့ခံရသော သူမိုက်သည် အဝိဇ္ဇာဟူသော အမိုက်တိုက်ဖြင့် ခြံရံအပ်ရကား မြဲသကဲ့သို့ ထင်ရ၏။ အနိစ္စစသည်တို့၏ အစွမ်းဖြင့် ရှုသူ မဂ်ပညာဖြင့် မြင်သူအား ရာဂစသော ကြောင့်ကြမှု မရှိနိုင် တော့ချေ'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 70

၁ဝ - ဥတေနသုတ်၊ စူဠဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

မမြဲဟု အဖန်ဖန်ရှုသောဉာဏ်သည်...

မမြဲဟု အဖန်ဖန်ရှုသောဉာဏ်သည် သုံးပါးသော ဥပါဒါန်တို့မှ လွတ်၏။

၁... ဒိဋ္ဌုပါဒါန်၊
၂... သီလဗ္ဗတုပါဒါန်၊
၃... အတ္တဝါဒုပါဒါန်မှ လွတ်၏။


ဆင်းရဲဟု အဖန်ဖန်ရှုသောဉာဏ်သည် တစ်ပါးသော ဥပါဒါန်မှ လွတ်၏။

၁... ကာမုပါဒါန်မှ လွတ်၏။


အနှစ်မရှိ အလိုသို့ မလိုက်ဟု အဖန်ဖန်ရှုသောဉာဏ်သည် သုံးပါးသော ဥပါဒါန်တို့မှ လွတ်၏။

၁... ဒိဋ္ဌုပါဒါန်၊
၂... သီလဗ္ဗတုပါဒါန်၊
၃... အတ္တဝါဒုပါဒါန်မှ လွတ်၏။


ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုသောဉာဏ်သည် တစ်ပါးသော ဥပါဒါန်မှ လွတ်၏။

၁... ကာမုပါဒါန်မှ လွတ်၏။


တပ်မက်မှုကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသောဉာဏ်သည် တစ်ပါးသော ဥပါဒါန်မှ လွတ်၏။

၁... ကာမုပါဒါန်မှ လွတ်၏။


ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသောဉာဏ်သည် လေးပါးသော ဥပါဒါန်တို့မှ လွတ်၏။

၁... ကာမုပါဒါန်၊
၂... ဒိဋ္ဌုပါဒါန်၊
၃... သီလဗ္ဗတုပါဒါန်၊
၎... အတ္တဝါဒုပါဒါန်မှ လွတ်၏။


တစ်ဖန် စွန့်လွှတ်ခြင်းကို အဖန်ဖန်ရှုသောဉာဏ်သည် လေးပါးသော ဥပါဒါန်တို့မှ လွတ်၏။

၁... ကာမုပါဒါန်၊
၂... ဒိဋ္ဌုပါဒါန်၊
၃... သီလဗ္ဗတုပါဒါန်၊
၎... အတ္တဝါဒုပါဒါန်မှ လွတ်၏။


အနိမိတ္တကို အဖန်ဖန် ရှုသောဉာဏ်သည် သုံးပါးသော ဥပါဒါန်တို့မှ လွတ်၏။

၁... ဒိဋ္ဌုပါဒါန်၊
၂... သီလဗ္ဗတုပါဒါန်၊
၃... အတ္တဝါဒုပါဒါန်မှ လွတ်၏။


အပ္ပဏိဟိတကို အဖန်ဖန်ရှုသောဉာဏ်သည် တစ်ပါးသော ဥပါဒါန်မှ လွတ်၏။

၁... ကာမုပါဒါန်မှ လွတ်၏။


ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသောဉာဏ်သည် သုံးပါးသော ဥပါဒါန်တို့မှ လွတ်၏။

၁... ဒိဋ္ဌုပါဒါန်၊
၂... သီလဗ္ဗတုပါဒါန်၊
၃... အတ္တဝါဒုပါဒါန်မှ လွတ်၏။


၁... မမြဲဟု အဖန်ဖန် ရှုသောဉာဏ်၊
၂... အနှစ်မရှိ အလိုသို့ မလိုက်ဟု အဖန်ဖန်ရှုသောဉာဏ်၊
၃... အနိမိတ္တကို အဖန်ဖန် ရှုသောဉာဏ်၊
၎... ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသောဉာဏ်၊
ဤဉာဏ်လေးပါးတို့သည် ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဟူသော ဥပါဒါန်သုံးပါးတို့မှ လွတ်ကုန်၏။

၁... ဆင်းရဲဟု အဖန်ဖန်ရှုသောဉာဏ်၊
၂...ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုသောဉာဏ်၊
၃... တပ်မက်မှုကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသောဉာဏ်၊
၎... အပ္ပဏိဟိတကို အဖန်ဖန်ရှုသောဉာဏ်၊
ဤဉာဏ်လေးပါးတို့သည် ကာမုပါဒါန် ဟူသော တစ်ပါးသော ဥပါဒါန်မှ လွတ်ကုန်၏။

၁... ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသောဉာဏ်၊
၂... တစ်ဖန်စွန့်လွှတ်ခြင်းကို အဖန်ဖန်ရှုသောဉာဏ်
ဟူသော ဤဉာဏ်နှစ်ပါးတို့သည် ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဟူသော ဥပါဒါန်လေးမျိုးတို့မှ လွတ်ကုန်၏။ ဤကား အနုပါဒါစိတ္တဿဝိမောက္ခတည်း။ 68

မဟာဝဂ်၊ မှ၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Sunday, October 18, 2009

ကာမကို မှီဝဲမှုတို့သည် ဤသုံးပါးတို့တည်း...

ကာမူပပတ္တိသုတ်...

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- ရဟန်းတို့ ကာမကို မှီဝဲမှုတို့သည် ဤသုံးပါးတို့တည်း၊

အဘယ်သုံးပါးတို့နည်း-

၁...
အမြဲထင်ရှားရှိသော ကာမကို မှီဝဲသူတို့ လည်းကောင်း၊

၂...
ကိုယ်တိုင် ဖန်ဆင်း၍ မွေ့လျော်တတ်သူ နိမ္မာနရတိနတ်တို့ လည်းကောင်း၊

၃...
သူတစ်ပါးတို့ ဖန်ဆင်းသော ကာမ၌ မိမိအလိုသို့ လိုက်စေသော ပရနိမ္မိတ ဝသဝတ္တီနတ်တို့ လည်းကောင်းတို့တည်း၊

ရဟန်းတို့ ကာမကို မှီဝဲမှုတို့သည် ဤသုံးပါးတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို -
''အကြင် ပရနိမ္မိတဝသဝတ္တီနတ်တို့သည် သူတစ်ပါး ဖန်ဆင်းသော ကာမ၌ မိမိ အလိုသို့ လိုက်စေကုန်၏၊ အကြင် နိမ္မာနရတိနတ်တို့သည် ကိုယ်တိုင်ဖန်ဆင်း၍ မွေ့လျော်တတ်ကုန်၏၊ ဆိုခဲ့ပြီးသော နတ်တို့မှ တစ်ပါးကုန်သော အကြင်လူ အစရှိသော ကာမ ခံစားသူတို့သည် အမြဲထင်ရှားရှိသော ကာမကို မှီဝဲကုန်၏၊ ထိုသတ္တဝါအားလုံးတို့သည် ဤဘဝ တစ်ပါးသောဘဝဟု ဆိုအပ်သော သံသရာ ကို မလွန်နိုင်ကုန်။

ပညာရှိသည် ကာမ ခံစားသူတို့၌ ဖြစ်သော ထိုအပြစ်မျိုးကို သိ၍ နတ်၌ ဖြစ်သော ကာမလူ၌ဖြစ်သော ကာမအားလုံးတို့ကို စွန့်ပစ်ရာ၏။

ပညာရှိတို့သည် ချစ်အပ်သော သဘောရှိသော ရူပါရုံစသည်တို့၌ သုခဝေဒနာကို သာယာမှုဖြင့် တပ်မက်သော လူသာမန်တို့ လွန်မြောက်နိုင်ခဲသည့် တဏှာ အလျဉ်ကို အရဟတ္တမဂ်ဖြင့် ဖြတ်၍ အကြွင်းမဲ့ ငြိမ်းအေးကြကုန်ပြီ၊ အကြွင်းမဲ့ ဆင်းရဲမှ လွတ်မြောက်ကြကုန်ပြီ။ အရိယသစ္စာတရားကို သိမြင်ကုန်သော မဂ်ပညာဖြင့် သံသရာအဆုံးသို့ ရောက်ကုန်သော ပညာရှိတို့သည် (ကုသိုလ် ခန္ဓာစသည်ကို) ကောင်းစွာသိ၍ ဇာတိကုန်ရာ နိဗ္ဗာန်ကို ထူးသော အရဟတ္တမဂ်ဉာဏ်ဖြင့် သိသောကြောင့် တစ်ဖန် ဘဝသစ်သို့ မရောက်ကြရကုန်'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း-
မြတ်စွာဘုရားဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ 95

၆ - ကာမူပပတ္တိသုတ်၊ ပဉ္စမဝဂ်၊ ဣတိဝုတ်ပါဠိတော်။ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Wednesday, October 14, 2009

ရှာမှီးခြင်းတရားသုံးပါး...




ဒုတိယဧသနာသုတ် -
(ဧသနာ= ရှာမှီးခြင်း)


ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤ သုံးပါးတို့တည်း။



အဘယ်သုံးပါးတို့နည်း-

၁... ကာမကို ရှာမှီးခြင်း၊
၂... ဘဝကို ရှာမှီးခြင်း၊
၃... အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။
ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။

ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို -

''အကျင့်မြတ်ကို ရှာမှီးခြင်းနှင့်တကွ ကာမကို ရှာမှီးခြင်း ဘဝကို ရှာမှီးခြင်းဟု ရှာမှီးခြင်း သုံးပါးတို့တည်း။ ဤသည်သာမှန်၏ဟု အမှား သုံးသပ်ခြင်းသည် ဒိဋ္ဌိလျှင် အကြောင်းရှိ၏။ (ကိလေသာ) အဆင့်ဆင့် တိုးပွါး၏။ ရာဂအားလုံးတို့မှ ကင်းသော တဏှာကုန်ရာ အရဟတ္တဖိုလ် 'ဝိမုတ္တိ' ရှိသော ရဟန္တာပုဂ္ဂိုလ်သည် ရှာမှီးခြင်းတို့ကို စွန့်လွှတ်၏။ ဒိဋ္ဌိဟူသော တည်ရာ အကြောင်းတို့ကို ပယ်နုတ်၏။

ရဟန်းသည် ရှာမှီးခြင်းတို့၏ ကုန်ခြင်းကြောင့် အလိုအာသာမရှိသူ သို့လော သို့လော တွေးတောမှု မရှိသူဖြစ်၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။55

၆ - ဒုတိယဧသနာသုတ်၊ ပဌမဝဂ်၊ ဣတိဝုတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...