နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။

သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Monday, November 30, 2009

ချီးမြှောက်ခြင်း လေးမျိုး...

ဒုတိယ ဟတ္ထကသုတ်

ချီးမြှောက်ခြင်း လေးမျိုး...

အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ ဥပါသကာငါးရာတို့ဖြင့် ခြံရံလျက် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေသော ဟတ္ထကအာဠဝကကို မြတ်စွာဘုရားသည် ''ဟတ္ထက သင်၏ ဤပရိသတ်သည် များလှ၏တကား၊ ဟတ္ထက သင်သည် အဘယ်သို့လျှင် များစွာသော ဤပရိသတ်ကို ချီးမြှောက်သနည်း'' ဟု မိန့်တော်မူ၏။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဟောတော်မူသော ချီးမြှောက်ဖွယ်ရာ သင်္ဂဟဝတ္ထု လေးမျိုးတို့ဖြင့် အကျွန်ုပ်သည် များစွာသော ဤပရိသတ်ကို ချီးမြှောက်ပါ၏။

၁...
အသျှင်ဘုရား အကျွန်ုပ်သည် အကြင်သူကို ဤသူသည်ကား ပေးကမ်းခြင်းဖြင့် ချီးမြှောက် ထိုက်၏'' ဟု သိ၏၊ ထိုသူကို ပေးကမ်းခြင်းဖြင့် ချီးမြှောက်ပါ၏၊

၂...
အကြင်သူကို ''ဤသူသည်ကား ချစ်ဖွယ်သော စကားကို ပြောဆိုခြင်းဖြင့် ချီးမြှောက်ထိုက်၏'' ဟုသိ၏၊ ထိုသူကို ချစ်ဖွယ်သော စကားကို ပြောဆိုခြင်းဖြင့် ချီးမြှောက်ပါ၏။

၃...
အကြင်သူကို ''ဤသူသည်ကား အကျိုးစီးပွါးကို ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ထိုက်၏'' ဟု သိ၏၊ ထိုသူကို အကျိုးစီးပွါးကို ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ပါ၏၊

၎...
အကြင်သူကို ''ဤသူသည်ကား မိမိနှင့် အတူအမျှ ပြုခြင်းဖြင့် ချီးမြှောက်ထိုက်၏'' ဟု သိ၏၊ ထိုသူကို မိမိနှင့်အတူအမျှ ပြုခြင်းဖြင့် ချီးမြှောက်ပါ၏၊

အသျှင်ဘုရား အကျွန်ုပ်အိမ်၌ကား စည်းစိမ်ဥစ္စာတို့သည် ရှိပါကုန်၏၊ သူဆင်းရဲ၏ စကားကို နားထောင်သင့်၏ ဟု မမှတ်ထင်ကြကုန် သကဲ့သို့ မပေးကမ်းသူ၏ စကားကို နားထောင်သင့်၏ ဟု မမှတ်ထင်ကြပါကုန်။ အကျွန်ုပ်၏ စကားကိုမူကား နားထောင်သင့်၏ဟု မှတ်ထင်ကြပါကုန်၏ ဟု လျှောက်၏။

ဟတ္ထက ကောင်းပေစွ ကောင်းပေစွ...
သင်၏ ဤအကြောင်းလေးမျိုးကား များစွာသော ပရိသတ်ကို ချီးမြှောက်ရန် သင့်သော အကြောင်းတည်း၊ ဟတ္ထက ရှေးလွန်ပြီးအခါက များစွာသော ပရိသတ်ကို ချီးမြှောက်သူ ဟူသမျှ အားလုံးတို့သည် ဤသင်္ဂဟဝတ္ထု လေးမျိုးတို့ဖြင့်သာလျှင် များစွာသော ပရိသတ်ကို ချီးမြှောက် ခဲ့ကုန်၏၊ ဟတ္ထက နောင်အခါ၌ များစွာသော ပရိသတ်ကို ချီးမြှောက်မည့်သူ ဟူသမျှ အားလုံးတို့သည် ဤသင်္ဂဟ ဝတ္ထုလေးမျိုးတို့ဖြင့်သာလျှင် များစွာသော ပရိသတ်ကို ချီးမြှောက်ကုန်လိမ့်မည်၊ ဟတ္ထက ယခုအခါ၌ များစွာသော ပရိသတ်ကို ချီးမြှောက်နေသူ ဟူသမျှ အားလုံးတို့သည် ဤသင်္ဂဟ ဝတ္ထုလေးမျိုးတို့ဖြင့်သာလျှင် များစွာသော ပရိသတ်ကို ချီးမြှောက်ကုန်၏ ဟု မိန့်တော်မူ၏။

ထိုအခါ ဟတ္ထကအာဠဝကသည် မြတ်စွာဘုရားက တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေသည် ဖြစ်၍ နေရာမှထလျက် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေ ပြုကာ ဖဲခွါသွားလေ၏။

ထို့နောက် မြတ်စွာဘုရားသည် ဟတ္ထကအာဠဝက ဖဲသွား၍ မကြာမြင့်မီ ရဟန်းတို့ကို ''ရဟန်းတို့ ဟတ္ထကအာဠဝက ဥပါသကာကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏'' ဟု မှတ်ကုန်လော့၊

အဘယ်ရှစ်မျိုးတို့နည်း ဟူမူ...

၁။ သဒ္ဓါတရားရှိ၏၊
၂။ သီလ ရှိ၏။ပ။
၃။ (ဒုစရိုက်မှ) ရှက်တတ်၏။
၎။ (ဒုစရိုက်မှ) လန့်တတ်၏။
၅။ များသော အကြားအမြင် ရှိ၏။
၆။ စွန့်ကြဲ ပေးကမ်းတတ်၏။
၇။ ပညာရှိ၏။
၈။ အလိုနည်း၏။

ရဟန်းတို့ ဟတ္ထကအာဠဝကသည် ဤအံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ဤသဘော ရှစ်မျိုးတို့နှင့် ပြည့်စုံ၏ ဟု မှတ်ကုန်လော့ ဟု မိန့်တော်မူ၏။ 24

၎ - ဒုတိယ ဟတ္ထကသုတ်၊ ဂဟပတိဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, November 24, 2009

ခိုကိုးရာ ပုန်းအောင်းရာ မှီခိုကိုးကွယ်ရာ လဲလျောင်းရာ ဖြစ်၏...

ဒုတိယ ဒွေဗြာဟ္မဏသုတ်


ထိုအခါ ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ်ရှိ၍ အိုမင်း ကြီးမြင့် အရွယ် ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏား နှစ်ယောက်တို့ သည် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြောဆိုကြကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသောနေရာ၌ ထိုင်ကြပြီးလျှင် မြတ်စွာ ဘုရားအား-

''အသျှင်ဂေါတမ အကျွန်ုပ်တို့သည် ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ် ရှိကြ၍ အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့လည်း ရောက်ကြပါကုန်ပြီ။

ထို အကျွန်ုပ်တို့အား...
ဒုဂ္ဂတိဘေးမှ စောင့်ရှောက် တားမြစ်ကြောင်း ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ် ကြရပါ ကုန်သေး။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့အား ရှည်ကြာလေးမြင့် အစီးအပွါး ရှိခြင်း ချမ်းသာခြင်းငှါ ဖြစ်နိုင်ရာသော သွန်သင် ဆုံးမခြင်းဖြင့် သွန်သင်ဆုံးမတော် မူပါ'' ဟု လျှောက်ထားကြကုန်၏။

ပုဏ္ဏားတို့ ...
သင်တို့သည် ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ် ရှိကုန်၍ အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ စင်စစ် ရောက်ကြကုန်၏။ သင်တို့သည် ဒုဂ္ဂတိဘေးမှ စောင့်ရှောက် တားမြစ်ကြောင်း ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရကုန်သေး၊ ပုဏ္ဏားတို့ ဤသတ္တလောကကို အိုခြင်းမီး နာခြင်းမီး သေခြင်းမီးသည် လောင်မြိုက်နေ၏။ ပုဏ္ဏားတို့ သတ္တလောကကို အိုခြင်းမီး နာခြင်းမီး သေခြင်းမီးသည် ဤသို့ လောင်မြိုက်အပ်သည် ရှိသော် ဤ မျက်မှောက်ဘဝ၌ ကိုယ်ဖြင့် စောင့်စည်းခြင်း၊ နှုတ်ဖြင့် စောင့်စည်းခြင်း၊ စိတ်ဖြင့် စောင့်စည်းခြင်းသည် တမလွန်ဘဝသို့ ပြောင်းသွားသူ၏ ခိုကိုးရာ ပုန်းအောင်းရာ မှီခိုရာ ကိုးကွယ်ရာ လဲလျောင်းရာ ဖြစ်၏ဟု မိန့်တော်မူ၏။

အိမ်ကို မီးစွဲလောင်သည်ရှိသော် အကြင် အိုးခွက် စသော ပစ္စည်းကို ထုတ်ယူထား အပ်၏၊ ထို ထုတ်ယူထားအပ်သော အိုးခွက်စသော ပစ္စည်းသည် လည်းကောင်း၊ ထို အိမ်၌ အကြင် အကြင် ပစ္စည်းကို မီးမလောင်၊ ထို မီးမလောင်သော ပစ္စည်းသည် လည်းကောင်း အိမ်ရှင်၏ အကျိုးငှါ ဖြစ်၏။

ဤအတူပင် သတ္တလောကကို အိုခြင်းမီး နာခြင်းမီး သေခြင်းမီးသည် စွဲလောင် အပ်၏၊ ချမ်းသာကို ဆောင်စွမ်းနိုင်သော ကုသိုလ်ကောင်းမှုကို ပေးလှူခြင်းဖြင့် ထုတ်ယူ ထားအပ်သည်သာတည်း၊ ပေးလှူအပ်ပြီးသော အလှူ 'ဒါန'သည် ကောင်းစွာ ထုတ်ယူ ထားအပ်ပြီး မည်၏။

ဤမျက်မှောက်ဘဝ၌...
ကိုယ်နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည် လည်းကောင်း၊
အသက်ဝိညာဉ်ရှင်နေစဉ် ကောင်းမှုကို ပြုခြင်းသည် လည်းကောင်း
တမလွန်ဘဝသို့ ပြောင်းသွားသူအား ချမ်းသာခြင်းငှါ ဖြစ်သတည်း။ 53

၂ - ဒုတိယ ဒွေဗြာဟ္မဏသုတ်၊ ဗြဟ္မဏဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, November 23, 2009

လွတ်မြောက်ခြင်းငှါ သင့်လှသည်သာတည်း...

အဿုသုတ်...

သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏။ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု 'အဝိဇ္ဇာ'ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း...
ဤရှည်စွာသော အဓွန့်ကာလ၌ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်စဉ် မချစ်မနှစ်သက်အပ်သော သူတို့နှင့် ပေါင်းဖော်ရခြင်းကြောင့်လည်းကောင်း၊ ချစ်နှစ်သက်ကုန်သော သူတို့နှင့် ကွေကွင်းရခြင်းကြောင့်လည်းကောင်း မြည်တမ်းငိုကြွေးရကုန်သော သင်တို့၏ ယိုစီးသော မျက်ရည်ကြည်နှင့် မဟာသမုဒ္ဒရာလေးစင်းရေသည် အဘယ်က ပိုလွန် များပြားသနည်းဟု မေးတော်မူ၏။ အသျှင်ဘုရား ဤရှည်စွာသော အဓွန့်ကာလ၌ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွား ကျင်လည်ကြရကုန်စဉ် မချစ်မနှစ်သက်အပ်သောသူတို့နှင့် ပေါင်းဖော်ရခြင်းကြောင့် လည်းကောင်း၊ ချစ်နှစ်သက်ကုန်သော သူတို့နှင့် ကွေကွင်းရခြင်းကြောင့် လည်းကောင်း မြည်တမ်းငိုကြွေးရကုန်သော အကျွန်ုပ်တို့၏ ယိုစီးသော မျက်ရည်ကြည်သည် သာလျှင် များလှပါ၏၊ မဟာသမုဒ္ဒရာလေးစင်းရေသည် မများလှပါဟု မြတ်စွာဘုရား ဟောတိုင်းသော အခြင်းအရာဖြင့် တရားတော်ကို အကျွန်ုပ်တို့ သိရပါကုန်၏ ဟု လျှောက်ကုန်၏။

ရဟန်းတို့ ကောင်းလေစွ ကောင်းလေစွ၊ ရဟန်းတို့ ဤရှည်စွာသော အဓွန့်ကာလ၌ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည် ကြရကုန်စဉ် မချစ်မနှစ်သက်အပ်သော သူတို့နှင့် ပေါင်းဖော်ရခြင်းကြောင့် လည်းကောင်း၊ ချစ်နှစ်သက်ကုန်သော သူတို့နှင့် ကွေကွင်းရခြင်းကြောင့် လည်းကောင်း မြည်တမ်းငိုကြွေးရကုန်သော သင်တို့၏ ယိုစီးသော မျက်ရည်ကြည်သည်သာလျှင် များလှပေ၏၊ မဟာသမုဒ္ဒရာလေးစင်း ရေသည် မများလှ ဟု ဤငါဟောတိုင်းသော အခြင်းအရာဖြင့် တရားတော်ကို ကောင်းစွာ သိကြကုန်၏။

ရဟန်းတို့ ရှည်စွာသော နေ့ညဥ့်တို့ပတ်လုံး သင်တို့သည် အမိ၏ သေခြင်းကို တွေ့ကြုံခံစားရဖူး လှလေပြီ၊ ထိုအမိ၏ သေခြင်းကို တွေ့ကြုံခံစားရကုန်သည် ဖြစ်၍ မချစ်မနှစ်သက်အပ်သော သူတို့နှင့် ပေါင်းဖော်ရခြင်းကြောင့် လည်းကောင်း၊ ချစ်နှစ်သက်အပ်သော သူတို့နှင့် ကွေကွင်းရခြင်းကြောင့် လည်းကောင်း မြည်တမ်းငိုကြွေးရကုန်သော ထိုသင်တို့၏ ယိုစီးသော မျက်ရည်ကြည်သည် များလှလေပြီ၊ မဟာ သမုဒ္ဒရာလေးစင်းရေသည် မများလှပေ။

သင်တို့သည် အဖ၏ သေခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။ ပ။
အစ်ကို၏ သေခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။
နှမ၏ သေခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။
သား၏ သေခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။
သမီး၏ သေခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။
ဆွေမျိုးတို့၏ ပျက်စီးခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။
စည်းစိမ်ဥစ္စာ ပျက်စီးခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။
ရဟန်းတို့ ရှည်စွာသော နေ့ညဥ့်တို့ပတ်လုံး သင်တို့သည် ရောဂါနှိပ်စက် ပျက်စီးခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။ ရောဂါနှိပ်စက်ပျက်စီးခြင်းကို တွေ့ကြုံ ခံစားရကုန်သည် ဖြစ်၍ မချစ်မနှစ်သက်အပ်သော သူတို့နှင့် ပေါင်းဖော်ရခြင်း ကြောင့်လည်းကောင်း၊ ချစ်နှစ်သက်အပ်သော သူတို့နှင့် ကွေကွင်းရခြင်းကြောင့် လည်းကောင်း မြည်တမ်းငိုကြွေးရကုန်သော ထိုသင်တို့၏ ယိုစီးသော မျက်ရည်ကြည်သည် များလှလေပြီ၊ မဟာသမုဒ္ဒရာလေးစင်းရေသည် မများလှပေ။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ပ။

ဤသို့လျှင် အလုံးစုံသော သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ တပ်ခြင်းကင်းခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်း ဟု ဟောတော်မူ၏။ 126

၃ - အဿုသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, November 20, 2009

မိထွေးတော် မဟာပဇာပတိဂေါတမီ၏ သင်္ကန်းအလှူ...



ဒက္ခိဏာဝိဘင်္ဂသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်...
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံ ကျောင်း၌ သီတင်းသုံး နေတော်မူ၏။

ထိုအခါ မဟာပဇာပတိဂေါတမီသည် အသစ်ဖြစ်သော အဝတ်အစုံကို ယူ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်ကာ ''မြတ်စွာဘုရား အကျွန်ုပ်သည် အသစ်ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရားကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင်ရက် ထားပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရား သည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံ တော်မူ ပါလော့'' ဟု ဤစကားကို လျှောက်ထား၏။

ဤသို့ လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် မဟာပဇာပတိဂေါတမီကို ''ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည် ရှိသော် ငါ့ကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့''ဟု ဤစကားကို မိန့်တော်မူ၏။

မဟာပဇာပတိဂေါတမီသည် နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားကို ...

''မြတ်စွာဘုရား အကျွန်ုပ်သည် ဤအသစ်ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရား ကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင်ရက် ထားပါ၏၊ မြတ်စွာဘုရားသည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံတော် မူပါလော့'' ဟု ဤစကားကို လျှောက်ထားပြန်၏။ မြတ်စွာဘုရားသည် နှစ်ကြိမ် မြောက်လည်း မဟာပဇာပတိဂေါတမီကို ''ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည် ရှိသော် ငါ့ကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့'' ဟု ဤစကားကို မိန့်တော်မူ၏။

မဟာပဇာပတိဂေါတမီသည် သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကို။ ပ ။ 376




ဤသို့ မိန့်တော်မူသည် ရှိသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား...
''မြတ်စွာဘုရား မြတ်စွာဘုရားသည် မဟာပဇာပတိဂေါတမီ၏ အသစ်ဖြစ်သော အဝတ်အစုံကို အလှူခံတော် မူပါလော့၊ မြတ်စွာဘုရား မဟာပဇာပတိဂေါတမီ သည် မြတ်စွာဘုရားအား ကျေးဇူးများပါ၏၊ မိထွေး ဖြစ်ပါ၏၊ မြတ်စွာဘုရားကို ကြီးပွါးစေပါ၏၊ ကျွေးမွေးပါ၏၊ နို့ရည်ကို ပေးသူဖြစ်ပါ၏၊ မယ်တော် နတ်ရွာစံသည် ရှိသော် မြတ်စွာဘုရားကို နို့တိုက်ပါ၏၊

မြတ်စွာဘုရားသည်လည်း မဟာပဇာပတိဂေါတမီအား ကျေးဇူးများပါ၏၊
မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည်

ဘုရားကို ဆည်းကပ်ပါ၏၊
တရားကို ဆည်းကပ်ပါ၏၊
သံဃာကို ဆည်းကပ်ပါ၏၊
အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ပါ၏၊
ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
မုသား ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏၊
သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏၊

မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည်...

ဘုရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊
တရား၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊
သံဃာ၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊
အရိယာတို့သည် နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။
ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊
ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ ယုံမှားကင်း၏၊
ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ ယုံမှားကင်း၏၊
ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော မဂ္ဂသစ္စာ၌ ယုံမှားကင်း၏၊
မြတ်စွာဘုရားသည်လည်း မဟာပဇာပတိဂေါတမီအား ကျေးဇူးများပါ၏'' ဟု ဤစကားကို လျှောက်ထား၏။ 377





အာနန္ဒာ ဤစကားသည် ဤအတိုင်းမှန်၏၊ အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရားကို ဆည်းကပ်ခြင်းသို့ ရောက်၏၊ တရားကို ဆည်းကပ်ခြင်းသို့ ရောက်၏၊ သံဃာကို ဆည်းကပ်ခြင်းသို့ ရောက်၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေ ပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူး တုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူး တုံ့ပြန်ခြင်း ဟု ငါမဟော။

အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မုသား ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ မူးယစ်ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏၊ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့် ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူး တုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူး တုံ့ပြန်ခြင်း ဟု ငါမဟော။

အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရား၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ တရား၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ သံဃာ၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ အရိယာတို့သည် နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူး တုံ့ပြန်ခြင်းကိုကောင်းသော ကျေးဇူးတုံ့ပြန် ခြင်းဟု ငါမဟော။

အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခဖြစ်ကြောင်း 'သမုဒယသစ္စာ' ၌ ယုံမှားကင်း၏၊ ဒုက္ခချုပ်ရာ 'နိရောဓသစ္စာ' ၌ ယုံမှားကင်း၏၊ ဒုက္ခ၏ ချုပ်ရာ(နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သော 'မဂ္ဂသစ္စာ' ၌ ယုံမှားကင်း၏၊ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦး ကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူး တုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူး တုံ့ပြန်ခြင်း ဟု ငါမဟော။ 378






ပုဂ္ဂလိက အလှူ တစ်ဆယ့်လေးမျိုး...

အာနန္ဒာ ပုဂ္ဂလိကဖြစ်သော အလှူတို့သည် ဤတစ်ဆယ့်လေးပါးတို့တည်း။
အဘယ် တစ်ဆယ့်လေးပါးတို့နည်းဟူမူ-

၁။ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားအား အလှူကို ပေးလှူ၏၊

၂။ ပစ္စေကဗုဒ္ဓါအား အလှူကို ပေးလှူ၏၊

၃။ ဘုရား၏ တပည့်ဖြစ်သော ရဟန္တာအား အလှူကို ပေးလှူ၏၊

၎။ အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၅။ အနာဂါမ်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၆။ အနာဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူ
ကို ပေးလှူ၏၊

၇။ သကဒါဂါမ် ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၈။ သကဒါဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၉။ သောတာပန် ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၁၀။ သောတာပတ္တိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၁၁။ သာသနာပအခါ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီ ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၁၂။ သီလရှိသော ပုထုဇဉ် ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၁၃။ သီလ မရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ၏၊

၁၄။ တိရစ္ဆာန်အား အလှူကို ပေးလှူ၏၊

အာနန္ဒာ ထိုတစ်ဆယ့်လေးပါးသော အလှူတို့တွင်...
(ဘ၀ အရာ၊ အထောင်ဖြစ်သည်။ တစ်ရာ၊ တစ်ထောင်မဟုတ်။)
တိရစ္ဆာန်အား အလှူကို ပေးလှူ၍ အလှူ၏ အကျိုး အဆ(ဘဝ)အရာ မချွတ်ဖြစ် လတ္တံ့။

သီလ မရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ၍ အလှူ၏ အကျိုးအဆ (ဘဝ) အထောင် မချွတ်ဖြစ် လတ္တံ့။

သီလ ရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ၍ အလှူ၏ အကျိုး အဆ (ဘဝ) အသိန်း မချွတ် ဖြစ်လတ္တံ့။

သာသနာပအခါ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီ ပုဂ္ဂိုလ်အား အလှူကို ပေးလှူ ၍ အလှူ၏ အကျိုးအဆ(ဘဝ)ပေါင်း ကုဋေအသိန်း မချွတ် ဖြစ်လတ္တံ့။

သောတာပတ္တိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်အား အလှူကို ပေးလှူ၍ မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အလှူ၏ အကျိုး မချွတ် ဖြစ်လတ္တံ့။

သောတာပန်ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

သကဒါဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ် ရာ ရှိအံ့နည်း။

သကဒါဂါမ်ပုဂ္ဂိုလ်အား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။

အနာဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။

အနာဂါမ်ပုဂ္ဂိုလ်အား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။

အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ် ရာ ရှိအံ့နည်း။

ရဟန္တာအား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။

ပစ္စေကဗုဒ္ဓါအား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။

ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသောတရားတို့ကို ) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားအား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။ 379






သံဃိက အလှူ ခုနစ်ပါးမျိုး...

အာနန္ဒာ သံဃိက ဖြစ်သော အလှူတို့သည် ဤခုနစ်ပါးတို့တည်း။

အဘယ် ခုနစ်ပါးတို့ဟူမူ-

၁။ ဘုရား အမှူးရှိသော နှစ်မျိုးသော ရဟန်းယောက်ျား ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊

၂။ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုပြီးသော် နှစ်မျိုးသော ရဟန်းယောက်ျား ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊

၃။ ရဟန်းယောက်ျား သံဃာအား အလှူကို ပေးလှူ၏၊

၎။ ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊

၅။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက် ရှိသော ရဟန်းယောက်ျားတို့ကို လည်းကောင်း၊ ရဟန်းမိန်းမတို့ကို လည်းကောင်း သံဃာမှ ညွှန်းချပါကုန်လော့ ဟု အလှူကို ပေးလှူ၏၊

၆။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက် ရှိသော ရဟန်းယောက်ျားတို့ကို သံဃာမှ ညွှန်းချပါ ကုန်လော့ ဟု အလှူကို ပေးလှူ၏၊

၇။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက် ရှိသော ရဟန်းမိန်းမတို့ကို သံဃာ
မှ ညွှန်းချပါ ကုန်လော့ ဟု အလှူကို ပေးလှူ၏၊

အာနန္ဒာ စင်စစ် အနာဂတ်ကာလ၌ ရဟန်းဟူသော အနွယ်မျှကို ဆောင်ကုန်သော သင်္ကန်း လည်ပင်း၌ ရောက်ကုန်သော သီလ မရှိကုန်သော ယုတ်မာသော တရား ရှိသူတို့သည် ဖြစ်ကုန်လတ္တံ့၊

ထိုသီလ မရှိကုန်သော သူတို့၌ သံဃာကို ရည်ညွှန်း၍ အလှူကို ပေးလှူကုန် လတ္တံ့၊ အာနန္ဒာ ထိုအခါ၌သော်လည်း သံဃိက အလှူကို မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အကျိုးရှိ၏ ဟု ငါဟော၏၊

အာနန္ဒာ မည်သည့် နည်းပရိယာယ်နှင့်မျှ သံဃိကဒါနထက် ပုဂ္ဂလိက ဒါနကို အထူးသဖြင့် အကျိုးများ၏ ဟု ငါမဟော။ 380






အလှူ၏ စင်ကြယ်ခြင်း လေးမျိုး...

အာနန္ဒာ အလှူ၏ စင်ကြယ်ခြင်းတို့သည် ဤလေးပါးတို့တည်း။
အဘယ် လေးပါးတို့နည်းဟူမူ-

၁။ လှူသူဘက်မှ စင်ကြယ်၍ အလှူခံသူဘက်မှ မစင်ကြယ်သော အလှူလည်း ရှိ၏။

၂။ အလှူခံသူဘက်မှ စင်ကြယ်၍ လှူသူဘက်မှ မစင်ကြယ်သော အလှူလည်း ရှိ၏။

၃။ လှူသူဘက်မှလည်း မစင်ကြယ်၊ အလှူခံသူဘက်မှလညှ်း မစင်ကြယ်သော အလှူလည်း ရှိ၏။

၎။ လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလညှ်း စင်ကြယ်သော အလှူလည်းရှိ၏။

၁။ အာနန္ဒာ လှူသူဘက်မှ စင်ကြယ်၍ အလှူခံသူဘက်မှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် သီလရှိ၏၊ စင်ကြယ်သော တရားရှိ၏၊ အလှူခံတို့သည် သီလ မရှိကုန်၊ ယုတ်ညံ့သော အကျင့်တရား ရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူဘက်မှသာ စင်ကြယ်၍ အလှူခံ သူဘက်မှ မစင်ကြယ်။

၂။ အာနန္ဒာ အလှူခံသူဘက်မှ စင်ကြယ်၍ လှူသူဘက်မှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် သီလ မရှိ၊ ယုတ်ညံ့သော အကျင့်တရားရှိ၏၊ အလှူခံသူတို့သည် သီလရှိ ကုန်၏၊ စင်ကြယ်သော တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် အလှူခံသူ ဘက်မှသာ စင်ကြယ်၍ လှူသူ ဘက်မှ မစင်ကြယ်။

၃။ အာနန္ဒာ လှူသူဘက်မှလည်း မစင်ကြယ်၊ အလှူခံသူဘက်မှလညှ်း မစင်ကြယ် သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည်လည်း သီလ မရှိ၊ ယုတ်ညံ့သော အကျင့်တရားရှိ၏၊ အလှူခံသူတို့သည်လည်း သီလ မရှိကုန်၊ ယုတ်ညံ့သော အကျင့်တရား ရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူဘက်မှလည်း မစင်ကြယ် အလှူခံသူဘက်မှလည်း မစင်ကြယ်။

၎။ အာနန္ဒာ လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလညှ်း စင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် လည်း သီလရှိ၏၊ စင်ကြယ်သော တရားရှိ၏၊ အလှူခံသူတို့သည်လည်း သီလ ရှိကုန်၏၊ စင်ကြယ်သော တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူ သည် လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလည်း စင်ကြယ်၏။

အာနန္ဒာ လေးပါးကုန်သော အလှူစင် ကြယ်ခြင်းတို့သည် ဤလေးပါးတို့ပင်တည်း ဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် ဤတရားစကားကို ဟောတော်မူ၏၊ ကောင်းသော စကားကို ဆိုတော် မူတတ်သော မြတ်စွာဘုရားသည် ဤတရားကို ဟောတော် မူပြီးနောက် ဤဂါထာကို ဟောတော်မူ၏ - 381






မည်သည့်အလှူသည် အကျိုးကြီးသနည်း...

''အကြင် သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ကောင်းစွာ ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို အလွန် ယုံကြည်လျက် သီလ မရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် လှူသော ပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။

အကြင် သီလ မရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့်ရအပ်သော ပစ္စည်းကို မကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို မယုံကြည်ဘဲ သီလရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် အလှူခံသော ပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။

အကြင် သီလ မရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့် ရအပ်သော ပစ္စည်းကို မကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို မယုံကြည်ဘဲ သီလ မရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူကို ကြီးကျယ် ပြန့်ပြောသော အကျိုးရှိ၏ ဟု ငါ မဟော။

အကြင်သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို အလွန် ယုံကြည်လျက် သီလရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် စင်စစ် ကြီးကျယ် ပြန့်ပြောသော အကျိုးရှိ၏ ဟု ငါဟော၏။

အကြင် ရာဂကင်းပြီးသော ပုဂ္ဂိုလ်သည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို အလွန် ယုံကြည်လျက် ရာဂကင်းပြီးသော ပုဂ္ဂိုလ်တို့အား အလှူကို လှူ၏၊ ထိုအလှူသည် စင်စစ် ရာဂ မကင်းသော ပုဂ္ဂိုလ်တို့၏ အလှူဒါနတို့ထက် မြတ်၏ ဟု ငါဟော၏ ဟု မိန့်တော်မူ၏။ 382

၁၂ - ဒက္ခိဏာဝိဘင်္ဂသုတ်၊ ဝိဘင်္ဂဝဂ်၊ ဥပရိပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, November 19, 2009

အကြောင်းသုံးမျိုးတို့ဖြင့် အားထုတ်ခြင်းကို ပြုအပ်၏...

အာတပ္ပကရဏီယသုတ်

ရဟန်းတို့ အကြောင်းသုံးမျိုးတို့ဖြင့် အားထုတ်ခြင်းကို ပြုအပ်၏။

အဘယ် သုံးမျိုး တို့နည်းဟူမူ-

၁...
မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှါ အားထုတ်ခြင်းကို ပြုအပ်၏၊

၂...
မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ အားထုတ်ခြင်းကို ပြုအပ်၏၊

၃...
ဖြစ်ပေါ်လာကုန်သော ပြင်းထန်ကုန် ကြမ်းတမ်းကုန် ကျင်နာစပ်ရှားကုန် မသာယာဖွယ်ဖြစ်ကုန် မနှစ်သက်ဖွယ်ဖြစ်ကုန် အသက်ကို ဆောင်တတ်ကုန် ကိုယ်၌ ဖြစ်ကုန်သော ဆင်းရဲဝေဒနာတို့ကို သည်းခံနိုင်ခြင်းငှါ အားထုတ်ခြင်းကို ပြုအပ်၏။

ရဟန်းတို့ ဤအကြောင်း သုံးမျိုးတို့ဖြင့် အားထုတ်ခြင်းကို ပြုအပ်၏။

ရဟန်းတို့ အကြင် အခါ၌ ရဟန်းသည် မဖြစ်ကုန်သေးသော အကုသိုလ်တရား တို့ကို မဖြစ်စေခြင်းငှါ အားထုတ်ခြင်းကို ပြု၏၊ မဖြစ်ကုန်သေးသော ကုသိုလ် တရားတို့ကို ဖြစ်စေခြင်းငှါ အားထုတ်ခြင်းကို ပြု၏၊ ဖြစ်ပေါ်လာကုန်သော ပြင်းထန်ကုန် ကြမ်းတမ်းကုန် ကျင်နာ စပ်ရှားကုန် မသာယာဖွယ်ဖြစ်ကုန် မနှစ်သက်ဖွယ်ဖြစ်ကုန် အသက်ကို ဆောင်တတ်ကုန် ကိုယ်၌ ဖြစ်ကုန်သော ဆင်းရဲဝေဒနာတို့ကို သည်းခံနိုင်ခြင်းငှါ အားထုတ်ခြင်းကို ပြု၏။ ရဟန်းတို့ ထိုအခါ၌ ဤရဟန်းကို ဆင်းရဲအဆုံးကို ကောင်းစွာပြုခြင်းငှါ အားထုတ်ခြင်း ရှိသော ရင့်ကျက်သော ပညာရှိသော သတိနှင့် ပြည့်စုံသော ရဟန်းဟု ဆိုအပ်၏ ဟု မိန့်တော်မူ၏။ 50

၁ဝ - အာတပ္ပကရဏီယသုတ်၊ စူဠဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, November 17, 2009

တပ်ခြင်းကင်းခြင်းငှါ သင့်လှသည်သာတည်း...

ပထဝီသုတ်

သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏။ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု 'အဝိဇ္ဇာ'ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်။

ရဟန်းတို့ ဥပမာသော်ကား ယောက်ျားသည် ဤမြေကြီးကို ဆီးစေ့မျှလောက် ဆီးစေ့မျှလောက် မြေစိုင်ခဲလုံးကို ပြု၍ ''ဤသည်ကား ငါ၏ အဖတည်း၊ ဤသည်ကား ငါ့ အဖ၏ အဖတည်း''စသည်ဖြင့် တစ်ခုစီ ချထားရာ၏။ ရဟန်းတို့ ထိုယောက်ျား၏ အဖအဆက်ဆက်တို့သည် မကုန်မဆုံးနိုင်သည်သာလျှင် ဖြစ်ကုန်ရာ၏၊ စင်စစ်သော်ကား ဤမဟာပထဝီမြေကြီးသည် ကုန်ဆုံးခြင်းသို့ ရောက်ရာ၏။

ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း-
ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု 'အဝိဇ္ဇာ'ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင်သော ကြောင့်ပင်တည်း။ ရဟန်းတို့ ဤသို့ ရှည်လျားကြာမြင့်သော နေ့ညဥ့်တို့ပတ်လုံး ဆင်းရဲကို ခံစားရဖူးလှလေပြီ၊ ပြင်းထန်သော ဆင်းရဲကို ခံစားရဖူးလှလေပြီ၊ ပျက်စီးခြင်းကို ခံစားရဖူးလှလေပြီ၊ သင်္ချိုင်းမြေပုံသည် တိုးပွားလှလေပြီ။ ရဟန်းတို့ ဤသို့လျှင် အလုံးစုံသော သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ တပ်ခြင်းကင်းခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်း ဟု ဟောတော်မူ၏။ 125

၂ - ပထဝီသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, November 16, 2009

ပြဿနာ ဖြေဆိုနည်း လေးမျိုး...

ပဥှဗျာကရဏသုတ် - (ပြဿနာကို ဖြေခြင်း)

ရဟန်းတို့ ပြဿနာ ဖြေဆိုခြင်းတို့သည် ဤလေးမျိုးတို့တည်း။

အဘယ်လေးမျိုး တို့နည်းဟူမူ-

ရဟန်းတို့ ဧကန်ဖြေဆိုရမည့် 'ဧကံသဗျာကရဏီယ' ပြဿနာသည် ရှိ၏၊
ရဟန်းတို့ ခွဲခြမ်းဝေဖန်၍ ဖြေဆိုရမည့် 'ဝိဘဇ္ဇဗျာကရဏီယ' ပြဿနာသည် ရှိ၏၊
ရဟန်းတို့ ပြန်မေး၍ ဖြေဆိုရမည့် 'ပဋိပုစ္ဆာ ဗျာကရဏီယ' ပြဿနာသည် ရှိ၏၊
ရဟန်းတို့ မဖြေဆိုဘဲ ထားရမည့် 'ဌပနီယဗျာကရဏီယ' ပြဿနာသည် ရှိ၏။

ရဟန်းတို့ ပြဿနာဖြေဆိုခြင်းတို့သည် လေးမျိုးတို့တည်းဟု မိန့်တော်မူ၏။

ဧကန်ဖြေဆို ရမည့် ပြဿနာသည် တစ်ခု၊
ထို့နောက် ခွဲခြမ်းဝေဖန်၍ ဖြေဆိုရမည့် ဒုတိယပြဿနာ၊
တစ်ဖန် ပြန်မေးရမည့် တတိယပြဿနာ၊
မဖြေဆိုဘဲထားရမည့် စတုတ္ထပြဿနာ၊

အကြင်ရဟန်းသည်ကား ထို ထိုသို့သော အရာ၌ ထို ပြဿနာ တို့အားလျော်သော အဖြေကို သိ၏၊ ထိုသို့သဘောရှိသော ရဟန်းကို အမေး လေးပါး၌ လိမ္မာသော ရဟန်းဟု ဆိုကြကုန်၏။ သူတစ်ပါးတို့ မထိပါး မလွှမ်းမိုး မဖျက်ဆီးနိုင်သော နက်နဲသော ပညာရှိသူသည့် အကျိုးစီးပွါးရှိရာ၌ လည်းကောင်း၊ အကျိုးစီးပွါး မရှိရာ၌ လည်းကောင်း နှစ်ပါးစုံ၌ လိမ္မာသူ ဖြစ်၏။

ပညာရှိသည်...

၁... အကျိုးစီးပွါးမဲ့ကို ရှောင်ကြဉ်၏၊
၂... အကျိုးစီးပွါးကို ယူ၏၊

အကျိုးနှစ်ပါးကို သိခြင်းကြောင့် ပညာရှိကို 'ပဏ္ဍိတ' ဟူ၍ ဆိုအပ်၏။ 42

၂ - ပဥှဗျာကရဏသုတ်၊ ရောဟိတဿဝဂ်၊ စတုက္ကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, November 15, 2009

အရိယာနှင့် ပုထုဇဉ်...

ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ် နှစ်မျိုး တို့နည်း ဟူမူ–

၁။ ပုထုဇဉ် ပရိသတ်
၂။ အရိယာ ပရိသတ်တို့ပေတည်း။

ရဟန်းတို့ ပုထုဇဉ်ပရိသတ်ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် ''ဤကားဆင်းရဲတည်း'' ဟု ဟုတ်မှန်သည့် အတိုင်း မသိကုန်၊ ''ဤကား ဆင်းရဲဖြစ်ခြင်း၏ အကြောင်းတည်း'' ဟု ဟုတ်မှန်သည့် အတိုင်းမသိကုန်၊'' ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်တည်း'' ဟု ဟုတ်မှန်သည့်အတိုင်း မသိကုန်၊ ''ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်တည်း'' ဟု ဟုတ်မှန်သည့်အတိုင်း မသိကုန်။ ရဟန်းတို့ ဤပရိတ်သတ်ကို ပုထုဇဉ်ပရိသတ် ဟု ဆိုအပ်၏။

ရဟန်းတို့ အရိယာ ပရိသတ်ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိတ်သတ်၌ ရဟန်းတို့သည် ''ဤကား ဆင်းရဲတည်း'' ဟု ဟုတ်မှန်သည့်အတိုင်း သိကုန်၏၊ ''ဤကား ဆင်းရဲဖြစ်ခြင်း၏ အကြောင်းတည်း'' ဟု ဟုတ်မှန်သည့် အတိုင်း သိကုန်၏၊ ''ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တည်း'' ဟု ဟုတ်မှန်သည့် အတိုင်း သိကုန်၏။ ရဟန်းတို့ ဤပရိတ်သတ်ကို အရိယာပရိသတ်ဟု ဆိုအပ်၏။

ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။
ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင် အကြင် အရိယာပရိသတ်သည် ရှိ၏၊ ထိုပရိသတ်သည် မြတ်ပေသတည်း ဟု မိန့်တော်မူ၏။ 46 - 4


ပရိသဝဂ်၊ မှ၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, November 14, 2009

အခွင့်အခါ မဟုတ်...


အက္ခဏသုတ် -(အခွင့်အခါ မဟုတ်)
ရဟန်းတို့ ''လောကသည် ပြုအပ်သော အခွင့်ရှိ၏၊ လောကသည် ပြုအပ်သော အခွင့်ရှိ၏'' ဟု အကြားအမြင် မရှိသော ပုထုဇဉ်သည် ပြောဆို၏၊ ထိုပုထုဇဉ်သည် အခွင့်ဟုတ်သည်ကို လည်းကောင်း၊ အခွင့်မဟုတ်သည်ကို လည်းကောင်း သိကား မသိရှိလေ။ ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးရန် အခွင့်အခါ မဟုတ်ခြင်းတို့သည် ဤရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

၁...
ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ'နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ သစ္စာလေးပါးတရားကို သိတော်မူသော၊ ဘုန်းတန်ခိုး ကြီးတော်မူသော မြတ်စွာဘုရားသည်လည်း လောက၌ ပွင့်ထွန်းတော်မူ၏၊ ကိလေသာမီး ငြိမ်းခြင်းကို ရွက်ဆောင်တတ်သော၊ ကိလေသာ ငြိမ်းခြင်းကို ပြုတတ်သော၊ လေးပါးသောမဂ်ဉာဏ်သို့ ရောက်စေတတ်သော၊ မြတ်စွာဘုရားတို့သာ အပြားအားဖြင့် သိစေအပ်သော သစ္စာလေးပါး တရားကိုလည်း ဟောကြားတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်ကား ငရဲဘုံ၌ ဖြစ်၏။ ရဟန်းတို့ ဤသည်ကား မြတ်သော အကျင့်ကို ကျင့်သုံးရန် ပဌမအခွင့်အခါ မဟုတ်ခြင်းတည်း။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ နတ်လူတို့၏ ဆရာ ဖြစ်တော်မူသော၊ သစ္စာလေးပါးတရားကို သိတော်မူသော၊ ဘုန်းတန်ခိုး ကြီးတော်မူသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ ကိလေသာမီး ငြိမ်းခြင်းကို ရွက်ဆောင်တတ်သော၊ ကိလေသာ ငြိမ်းခြင်းကို ပြုတတ်သော၊ လေးပါးသော မဂ်ဉာဏ်သို့ ရောက်စေတတ်သော၊ မြတ်စွာဘုရားတို့သာ အပြားအားဖြင့် သိစေအပ်သော သစ္စာလေးပါး တရားကိုလည်း ဟောကြားတော် မူအပ်၏၊ ဤပုဂ္ဂိုလ်သည်ကား တိရစ္ဆာန်မျိုး၌ ဖြစ်၏။ ရဟန်းတို့ ဤသည်ကား မြတ်သော အကျင့်ကို ကျင့်သုံးရန် ဒုတိယအခွင့်အခါ မဟုတ်ခြင်းတည်း။

၃...
ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား ပြိတ္တာဘုံ၌ ဖြစ်၏။ပ။

၎...
ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား တစ်ခုသော ရှည်သော အသက်ရှိသော (အသညသတ်) ဗြဟ္မာ့ဘုံ၌ ဖြစ်၏။ပ။

၅...
ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား အစွန်အဖျားကျသော ဇနပုဒ်တို့၌ ဖြစ်ရ၏၊ ထိုပုဂ္ဂိုလ်သည်လည်း အလွန်အသိဉာဏ် နည်းပါးကုန်သော လူရိုင်းမျိုးတို့၌ ဖြစ်ရ၏၊ ယင်းအရပ်တို့၌ ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့၏ ဖြစ်ခြင်းသည် မရှိ။ပ။

၆...
ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား မဇ္ဈိမဒေသတို့၌ ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည်လည်း ''ပေးလှူအပ်သော အလှူ၏ အကျိုးသည် မရှိ၊ ယဇ်ကြီး ပူဇော်မှုသည် မရှိ၊ ယဇ်ငယ်ပူဇော်မှုသည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသော လောကသည် မရှိ၊ အမိသည် မရှိ၊ အဖသည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကို လည်းကောင်း၊ တမလွန်လောကကို လည်းကောင်း၊ ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက် ပြု၍ ဟောကြားနိုင်ကုန်သော အညီအညွတ် ကောင်းသော အကျင့်ကို ကျင့်ကြကုန်သော သမဏဗြာဟ္မဏတို့မည်သည် လောက၌ မရှိကုန်ဟု မှားသော အယူအမြင်ရှိသူ ဖြစ်၏။ပ။

၇...
ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား မဇ္ဈိမဒေသတို့၌ ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည်လည်း ပညာမရှိ၊ မိုက်မဲ၏၊ ဆွံ့အ၏၊ ကောင်းသော စကား, မကောင်းသော စကား၏ အနက်ကို သိရန် မစွမ်းနိုင်။ ရဟန်းတို့ ဤသည်ကား မြတ်သော အကျင့်ကို ကျင့်သုံးရန် သတ္တမ အခွင့်အခါ မဟုတ်ခြင်းတည်း။

၈...
ရဟန်းတို့ နောက်တစ်မျိုးကား ပူဇော်အထူးကို ခံတော်မူထိုက်သော၊ အလုံးစုံ သော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော။ပ။ နတ်လူတို့၏ ဆရာ ဖြစ်တော်မူသော၊ သစ္စာလေးပါးတရားကို သိမြင်တော် မူသော၊ ဘုန်းတန်ခိုး ကြီးတော်မူသော မြတ်စွာဘုရားသည် လောက၌ မပွင့်ပေါ်။ ကိလေသာမီး ငြိမ်းခြင်းကို ရွက်ဆောင်တတ်သော၊ ကိလေသာ ငြိမ်းခြင်းကို ပြုတတ်သော၊ လေးပါးသော မဂ်ဉာဏ်သို့ ရောက်စေတတ်သော၊ မြတ်စွာဘုရားတို့သာ အပြားအားဖြင့် သိစေအပ်သော သစ္စာလေးပါး တရားကိုလည်း မဟောကြားအပ်၊ ဤပုဂ္ဂိုလ်သည်ကား မဇ္ဈိမဒေသတို့၌ ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည်လည်း ပညာရှိ၏၊ မမိုက်မဲ၊ မဆွံ့အ၊ ကောင်းသော စကား, မကောင်းသော စကား၏ အနက်ကို သိရန် စွမ်းနိုင်၏။ ရဟန်းတို့ ဤသည်ကား မြတ်သော အကျင့်ကို ကျင့်သုံးရန် အဋ္ဌမ အခွင့်အခါ မဟုတ်ခြင်းတည်း။ ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးရန် အခွင့်အခါ မဟုတ်ခြင်းတို့သည် ဤရှစ်မျိုးတို့တည်း။

ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးရန် အခွင့်အခါသည်ကား
တစ်ခုတည်း သာလျှင်တည်း

တစ်ခုတည်းသော အခွင့်အခါ ဟူသည် အဘယ်နည်း...

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ'နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ် ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာ ဖြစ်တော်မူသော၊ သစ္စာလေးပါး တရားကို သိမြင်တော်မူသော၊ ဘုန်းတန်ခိုး ကြီးတော်မူသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏။ ကိလေသာမီး ငြိမ်းခြင်းကို ရွက်ဆောင်တတ်သော၊ ကိလေသာ ငြိမ်းခြင်းကို ပြုတတ်သော၊ လေးပါးသော မဂ်ဉာဏ်သို့ ရောက်စေတတ်သော၊ မြတ်စွာဘုရားတို့သာ အပြားအားဖြင့် သိစေအပ်သော သစ္စာလေးပါး တရားကိုလည်း ဟောကြားတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်လည်း မဇ္ဈိမဒေသတို့၌ ဖြစ်၏။ ဤပုဂ္ဂိုလ်သည် ပညာရှိ၏၊ မမိုက်မဲ၊ မဆွံ့အ၊ ကောင်းသော စကား, မကောင်းသော စကား၏ အနက်ကို သိရန် စွမ်းနိုင်၏။ ရဟန်းတို့ ဤသည်ကား မြတ်သော အကျင့်ကို ကျင့်သုံးရန် တစ်ခုတည်းသာလျှင် ဖြစ်သော အခွင့်အခါတည်း ဟု မိန့်တော်မူ၏။

အကြင်သူတို့သည် လူ၏ အဖြစ်ကို ရကြကုန်လျက် ကောင်းစွာ အပြားအားဖြင့် သိစေအပ်သော သူတော်ကောင်းတရား၌ အခွင့်အခါကို မရကြကုန်၊ ထိုသူတို့ သည် အခွင့်ကောင်းကို လွန်စေကုန်၏။ မဂ်၏ အန္တရာယ်ကို ပြုတတ်ကုန်သော များစွာသော အခွင့်မဟုတ်သည်တို့ကို ဟောတော်မူအပ်ကုန်၏၊ လောက၌ မြတ်စွာဘုရားတို့သည် တစ်ရံတစ်ခါသာလျှင် ပွင့်ကုန်၏။ လောက၌ အကြင် ဗုဒ္ဓုပ္ပါဒ နဝမခဏကို အလွန်ရခဲ၏၊ ထိုဗုဒ္ဓုပ္ပါဒ နဝမခဏသည် မြတ်စွာဘုရား၏ မျက်မှောက်ဖြစ်၍ ဖြစ်၏၊ လူအဖြစ်ကို ရခြင်းကို လည်းကောင်း၊ သူတော်ကောင်းတရားကို ဟောကြားခြင်းကို လည်းကောင်း အလွန်ရခဲ၏။ ထိုဗုဒ္ဓုပ္ပါဒ နဝမခဏ၌ မိမိအကျိုးစီးပွါးကို အလိုရှိသော သတ္တဝါသည် သူတော်ကောင်း တရားကို အဘယ်သို့လျှင် သိရအံ့နည်းဟု အားထုတ်ရန် သင့်၏၊

စင်စစ် အခွင့်ကောင်းကို မလွန်စေလင့်။ မှန်၏၊

ထိုဗုဒ္ဓုပ္ပါဒ နဝမခဏကို လွန်စေသော သူတို့သည် ငရဲသို့ ရောက်ကြရကုန်၍ စိုးရိမ်ရကုန်၏။ အကြင်သူသည် ဤဗုဒ္ဓုပ္ပါဒ နဝမခဏ၌ သူတော်ကောင်းတရား၏ နိယာမ သဘောဟု ဆိုအပ်သော ထိုအရိယာမဂ်ကို အကယ်၍ ချွတ်ယွင်းစေအံ့၊ ထိုသူသည် အကျိုးစီးပွါးကို လွန်စေသော ကုန်သည်ကဲ့သို့ ကြာမြင့်စွာသော နေ့ညဥ့်ပတ်လုံး ပူပန်ရလိမ့်မည်။ သူတော်ကောင်းတရားကို ချွတ်ယွင်းစေသော အဝိဇ္ဇာ ပိတ်ဆို့အပ်သော သတ္တဝါသည် ပဋိသန္ဓေနေခြင်း သေခြင်းတည်း ဟူသော သံသရာ၌ ကြာမြင့်စွာ ခံစားရလိမ့်မည်။ အကြင်သူတို့သည်ကား လူ၏အဖြစ်ကို ရကြကုန်၍ ကောင်းစွာ အပြားအားဖြင့် သိစေအပ်သော သူတော်ကောင်းတရား၌ မြတ်စွာဘုရား၏ စကားတော်ကို ရှေးကလည်း လိုက်နာကုန်ပြီ၊ နောင်လည်း လိုက်နာကုန်လိမ့်မည်၊ ယခုလည်း လိုက်နာဆဲ ဖြစ်ကုန်၏။ အကြင်သူတို့သည် လည်း မြတ်စွာဘုရားတို့သာ သိစေတော် မူအပ်သော၊ အတုမရှိ မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ်ကို ကျင့်ကုန်၏။

ထိုသူအားလုံးတို့သည် လောက၌ ဗုဒ္ဓုပ္ပါဒ နဝမခဏကို ထိုးထွင်း၍ သိကုန်၏။

စက္ခုငါးပါးနှင့် ပြည့်စုံတော် မူသော၊ နေမင်း၏ အဆွေတော် ဖြစ်တော်မူသော မြတ်စွာဘုရားသည် အကြင် စောင့်စည်းမှု 'သံဝရ' တို့ကို ဟောတော်မူအပ်ကုန်၏။ ထိုစောင့်စည်းမှု 'သံဝရ' တို့၌ အခါခပ်သိမ်း လုံခြုံသည်ဖြစ်၍ သတိနှင့် ပြည့်စုံကာ ကိလေသာမိုး မစွတ်ဘဲ နေရာ၏။ လောက၌ အကြင်သူတို့သည် အာသဝေါ တရားတို့၏ ကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ ထိုသူတို့သည် စင်စစ်အားဖြင့် မာရ်မင်း၏ တည်ရာ သံသရာသို့ အစဉ် လျှောက်ကုန်သော အနုသယ အားလုံးတို့ကို ဖြတ်တောက်၍ နိဗ္ဗာန်တည်း ဟူသော တစ်ဖက်ကမ်းသို့ ရောက်ကုန်၏။ 29

၉ - အက္ခဏသုတ်၊ ဂဟပတိဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, November 13, 2009

ဒါန လှူဒါန်းခြင်း၏ ထူးခြားချက်...

သုမနသုတ်...

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုစဉ်အခါ၌ သုမနာမင်းသမီးသည် ရထားငါးရာ မင်းသမီးငါးရာ ခြံရံကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား -

''အသျှင်ဘုရား ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့် 'သာဝက' နှစ်ဦးတို့သည် ညီမျှသောသဒ္ဓါ၊ ညီမျှသော သီလ၊ ညီမျှသော ပညာရှိပါကုန်၏။ တစ်ဦးသည် ပေးလှူတတ်၍၊ တစ်ဦးကား မပေးလှူတတ်ပါ။ ထိုနှစ်ဦးတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ရောက်ကုန်ရာ၏။ အသျှင်ဘုရား နတ်ဖြစ်သူ ထိုနှစ်ဦးတို့၏ ထူးခြား ချက်သည် ဖြစ်ကောင်းပါ၏လော၊ ခြားနားချက်သည် ဖြစ်ကောင်းပါ၏လော'' ဟု လျှောက်၏။

''သုမနာ ဖြစ်ကောင်း၏'' ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။

သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကို နတ်ဖြစ်ခြင်းတူသော်လည်း-
နတ်၌ ဖြစ်သော အသက်။
နတ်၌ ဖြစ်သော အဆင်း။
နတ်၌ ဖြစ်သော ချမ်းသာ။
နတ်၌ ဖြစ်သော အခြံအရံ အကျော်အစော။
နတ်၌ ဖြစ်သော အစိုးရခြင်း ဟူသော အကြောင်း ငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏။
သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကို နတ်ဖြစ်ခြင်းတူသော်လည်း ဤအကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏ဟု မိန့်တော်မူ၏။

အသျှင်ဘုရား အကယ်၍ ထိုသူနှစ်ဦးတို့သည် ထိုနတ် အဖြစ်မှ ရွေ့လျော၍ ဤလူ အဖြစ်သို့ ရောက်လာကြပါမူ လူဖြစ်သူ ထိုနှစ်ဦးတို့၏ ထူးခြားချက်သည် ဖြစ်ကောင်းပါ၏လော၊ ခြားနားချက်သည် ဖြစ်ကောင်းပါ၏လော ဟု လျှောက်၏။

''သုမနာ ဖြစ်ကောင်း၏'' ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊

သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကို လူဖြစ်ခြင်းတူသော်လည်း -
လူ၌ ဖြစ်သော အသက်။
လူ၌ ဖြစ်သော အဆင်း။
လူ၌ ဖြစ်သော ချမ်းသာ။
လူ၌ ဖြစ်သော အခြံအရံ အကျော်အစော။
လူ၌ ဖြစ်သော အစိုးရခြင်းဟူသော အကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏။
သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကို လူဖြစ်ခြင်း တူသော်လည်း ဤအကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏ ဟု မိန့်တော်မူ၏။

အသျှင်ဘုရား အကယ်၍ ထိုသူနှစ်ဦးတို့သည် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြုကြပါမူ ရဟန်းဖြစ်သူ ထိုနှစ်ဦးတို့၏ ထူးခြားချက်သည် ဖြစ်ကောင်းပါ၏လော၊ ခြားနားချက်သည် ဖြစ်ကောင်းပါ၏လော ဟု လျှောက်၏။

''သုမနာ ဖြစ်ကောင်း၏'' ဟု မိန့်တော်မူ၏။

သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကို ရဟန်းဖြစ်ခြင်း တူသော်လည်း ငါးပါးသော အကြောင်းတို့ဖြင့် လွှမ်းမိုးနိုင်၏။

၁...
အလှူခံတော်မူပါဟု တောင်းပန်ခံရသည် ဖြစ်၍သာလျှင် သင်္ကန်းကို သုံးဆောင် ရသည်က များ၏၊ တောင်းပန်မခံရဘဲ သုံးဆောင်ရသည်ကား အနည်းငယ် သာတည်း။

တောင်းပန်ခံရသည် ဖြစ်၍သာလျှင် ဆွမ်းကို သုံးဆောင်ရသည်က များ၏၊ တောင်းပန် မခံရမူ၍ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။

တောင်းပန်ခံရသည် ဖြစ်၍သာလျှင် ကျောင်းကို သုံးဆောင်ရသည်က များ၏၊ တောင်းပန် မခံရမူ၍ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။

တောင်းပန်ခံရသည် ဖြစ်၍သာလျှင် သူနာ၏ အထောက်အပံ့ ဖြစ်သော ဆေး အသုံးအဆောင်ကို သုံးဆောင်ရသည်က များ၏၊ တောင်းပန် မခံရမူ၍ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။

၂...
အတူတကွ နေထိုင်ကြသော သီတင်းသုံးဖော်တို့သည် ထိုပေးလှူတတ်သော ရဟန်းအား နှစ်ခြိုက်ဖွယ် ကိုယ်အမူအရာဖြင့်သာ ပြုမူကြသည်က များ၏၊ မနှစ်ခြိုက်ဖွယ် ကိုယ်အမူအရာဖြင့် ပြုမူကြသည်ကား အနည်းငယ်သာတည်း။

၃...
နှစ်ခြိုက်ဖွယ် နှုတ်အမူအရာဖြင့်သာ ပြုမူကြသည်က များ၏၊ မနှစ်ခြိုက်ဖွယ် နှုတ်အမူအရာဖြင့် ပြုမူကြသည်ကား အနည်းငယ်သာတည်း၊

၎...
နှစ်ခြိုက်ဖွယ် စိတ်အမူအရာဖြင့်သာ ပြုမူကြသည်က များ၏၊ မနှစ်ခြိုက်ဖွယ် စိတ်အမူအရာဖြင့် ပြုမူကြသည်ကား အနည်းငယ်သာတည်း၊

၅...
နှစ်ခြိုက်ဖွယ် ပူဇော်မှုကို ပူဇော်ကြသည်က များ၏၊ မနှစ်ခြိုက်ဖွယ် ပူဇော်မှုကို ပူဇော်ကြသည်ကား အနည်းငယ်သာတည်း။

သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကို ရဟန်းဖြစ်ခြင်း တူကြသော်လည်း ဤအကြောင်း ငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏ ဟု မိန့်တော်မူ၏။

အသျှင်ဘုရား အကယ်၍ ထိုသူနှစ်ဦးတို့သည် ရဟန္တာအဖြစ်သို့ ရောက်ကြပါမူ ရဟန္တာအဖြစ်သို့ ရောက်ကုန်သော ထိုသူနှစ်ဦးတို့၏ ထူးခြားချက်သည် ဖြစ်ကောင်းပါသေးသလော၊ ခြားနားချက်သည် ဖြစ်ကောင်းပါသေးသလော ဟု လျှောက်၏။

သုမနာ ဤအရာ၌ စင်စစ်အားဖြင့် တစ်ပါး၏ ကိလေသာမှ လွတ်မြောက်မှု 'အရဟတ္တဖိုလ်' နှင့် တစ်ပါး၏ ကိလေသာမှ လွတ်မြောက်မှု 'အရဟတ္တဖိုလ်' ကို အနည်းငယ်မျှပင် ခြားနား၏ ဟု ငါမဆိုဟု မိန့်တော်မူ၏။

အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အလွန်လျှင် ဤအလှူဒါနတို့ကို ပေးလှူရန် သင့်လျော်လှသည်သာတည်း၊ ကောင်းမှုတို့ကို ပြုရန် သင့်လျော်လှသည်သာတည်း၊ ကောင်းမှုတို့သည် နတ်ဖြစ်သူအားလည်း ကျေးဇူးပြုတတ် လူဖြစ်သူအားလည်း ကျေးဇူးပြုတတ် ရဟန်းဖြစ်သူအားလည်း ကျေးဇူး ပြုတတ်ပါပေကုန်၏ ဟု လျှောက်၏။

သုမနာ ဤစကားသည် ဤအတိုင်း မှန်ပေ၏။

သုမနာ အလှူဒါနတို့ကို ပေးလှူရန် သင့်လှသည်သာတည်း၊ ကောင်းမှုတို့ကို ပြုရန် သင့်လှသည်သာတည်း၊ ကောင်းမှုတို့သည် နတ်ဖြစ်သူအားလည်း ကျေးဇူးပြုတတ် လူဖြစ်သူအားလည်း ကျေးဇူးပြုတတ် ရဟန်းဖြစ်သူအားလည်း ကျေးဇူး ပြုတတ်ကုန်၏ ဟု မိန့်တော်မူ၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤတရား စကားကို ဟောကြားတော် မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤတရား စကားကို ဟောကြားတော်မူပြီး၍ ထိုမှတစ်ပါး လူနတ် ဗြဟ္မာတို့၏ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူလေ၏။

''လောက၌ ကောင်းကင်ခရီးဖြင့် သွားသော၊ အညစ်အကြေး ကင်းသော လမင်းသည် အလုံးစုံသော ကြယ်တာရာ အပေါင်းတို့ကို အရောင်အလင်းဖြင့် သာလွန်၍ တင့်တယ် သကဲ့သို့။ ထို့အတူပင် လောက၌ သီလနှင့် ပြည့်စုံ၍ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် နှမြော ဝန်တိုခြင်း ရှိသူအားလုံးကို စွန့်ကြဲခြင်းဖြင့် သာလွန် တင့်တယ်၏။ လျှပ်စစ်ပန်းနွယ်ရှိသည့် အရာမကသော တိမ်ထွတ် တိမ်တောင်တို့နှင့် ပြည့်စုံသော မိုးသည် ကြည်းကုန်းမြေကို လည်းကောင်း၊ ချိုင့်ဝှမ်းမြေကို လည်းကောင်း ထစ်ချုန်းရွာသွန်းလျက် ပြည့်စေ သကဲ့သို့။

ဤအတူသာလျှင် သောတာပတ္တိ ဉာဏ်အမြင်နှင့် ပြည့်စုံသော၊ မြတ်စွာဘုရား၏ တပည့် 'သာဝက' ဖြစ်သည့် ပညာရှိသည် နှမြောဝန်တိုသူကို အကြောင်းငါးမျိုးတို့ ဖြင့် လွှမ်းမိုးနိုင်၏။ ထိုသူသည် စင်စစ် ပေးလှူအပ်သော စည်းစိမ် ဥစ္စာတို့က တင်ပို့အပ်သည် ဖြစ်၍ အသက်ဖြင့် လည်းကောင်း၊ အခြံအရံ အကျော်အစောဖြင့် လည်းကောင်း၊ ရုပ်အဆင်းဖြင့် လည်းကောင်း၊ ချမ်းသာဖြင့် လည်းကောင်း တမလွန် လောကဝယ် နတ်ပြည်၌ ဝမ်းမြောက်ရလေသတည်း''။ 31

၁ - သုမနသုတ်၊ သုမနဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, November 12, 2009

ငါသည် ပဋိသန္ဓေနေခြင်းကို မနှစ်သက်...


စာလာသုတ်...

သာဝတ္ထိနိဒါန်း။ ထိုအခါ၌ စာလာဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍။ပ။ နေ့သန့်စင်ခြင်းငှါ တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် စာလာဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင် ''ရဟန်းမ သင်သည် အဘယ်ကို မနှစ်သက်သနည်း'' ဟု ပြောဆို၏၊

''အချင်းမာရ်နတ် ငါသည် ပဋိသန္ဓေနေခြင်းကို မနှစ်သက်'' ဟု ပြောဆို၏။
''ရဟန်းမ အဘယ့်ကြောင့် သင်သည် ပဋိသန္ဓေနေခြင်းကို မနှစ်သက်သနည်း၊ ပဋိသန္ဓေနေသူသည် ကာမဂုဏ်တို့ကို ခံစားရ၏၊ ပဋိသန္ဓေနေခြင်းကို မနှစ်သက် လင့်ဟူသော ဤအယူကို အဘယ်သူက ယူစေသနည်း'' ဟု ပြောဆို၏။

မာရ်နတ်ယုတ် ပဋိသန္ဓေနေသူအား သေခြင်း ဖြစ်၏၊ ပဋိသန္ဓေနေသူသည် နှောင်ဖွဲ့ခြင်း၊ သတ်ခြင်း အထူးထူးအပြားပြားသော ဘေးရန်ဟူသော ဆင်းရဲတို့ကို တွေ့ထိရ၏၊ ထို့ကြောင့် ပဋိသန္ဓေ နေခြင်းကို ငါ မနှစ်သက်။ ပဋိသန္ဓေနေခြင်းမှ လွန်မြောက်ကြောင်း တရားကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုမြတ်စွာဘုရားသည် အလုံးစုံသော ဆင်းရဲကို ပယ်ခြင်းငှါ ငါ့ကို ပရမတ္ထသစ္စာ၌ သက်ဝင်စေတော်မူ၏။ ရူပဘုံသို့ ရောက်သော အကြင် သတ္တဝါတို့သည် လည်းကောင်း၊ အရူပဘုံ၌ တည်ကုန်သော အကြင် သတ္တဝါတို့သည်လည်းကောင်း ရှိကြကုန်၏။ ထိုသတ္တဝါတို့သည် ဒုက္ခချုပ်ရာ နိဗ္ဗာန်ကို မသိကုန်သောကြောင့် တစ်ဖန် ဘဝသစ်သို့ လာရကုန်၏ ဟု ပြန်ပြော၏။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် ''စာလာဘိက္ခုနီမသည် ငါ့ကို သိ၏'' ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

၆ - စာလာသုတ်၊ ဘိက္ခုနီသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။ 167


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, November 11, 2009

အဓမ္မဝါဒီနှင့် ဓမ္မဝါဒီ...

ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ...

တရား မဟုတ်သည်ကို ဆိုလေ့ရှိသော 'အဓမ္မဝါဒီ' ပရိသတ် လည်းကောင်း၊
တရား ဟုတ်သည်ကို ဆိုလေ့ ရှိသော 'ဓမ္မဝါဒီ' ပရိသတ် လည်းကောင်းတို့တည်း။

ရဟန်းတို့...
တရားမဟုတ်သည်ကို ဆိုလေ့ရှိသော 'အဓမ္မဝါဒီ' ပရိသတ်ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် တရားနှင့် လျော်သော အဓိကရုဏ်းကို သော်လည်းကောင်း၊ တရားနှင့် မလျော်သော အဓိကရုဏ်းကိုသော် လည်းကောင်း ယူကုန်၏၊ ထိုရဟန်းတို့သည် ထိုအဓိကရုဏ်း ကို ယူ၍ အချင်းချင်း သိရှိနားလည်ရန်လည်း မပြောကြားကုန်၊ သိရှိနားလည်ရန် ပြောကြားခြင်းငှါလည်း မစည်းဝေးကုန်၊ နှစ်သိမ့်ကြေအေးရန်လည်း မပြုကုန်၊ နှစ်သိမ့်ကြေအေးရန် ပြုခြင်းငှါလည်း မစည်းဝေးကုန်။ ထိုရဟန်းတို့သည် သိရှိ နားလည်ရန် ပြောကြားခြင်း အင်အားမရှိကုန် နှစ်သိမ့်ကြေအေးရန် ပြုခြင်း အင်အားမရှိကုန် အဓိကရုဏ်းကို စွန့်ခြင်း၌ တိုင်ပင်ခြင်း မရှိကုန်မူ၍ ထိုအဓိကရုဏ်းကိုပင်လျှင် မှားသော မြင်ခြင်း၏ အစွမ်းအားဖြင့် လည်းကောင်း၊ မှားသော သုံးသပ်ခြင်းအားဖြင့် လည်းကောင်း သက်ဝင် စွဲလမ်း၍ ''ငါ့အယူသာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးတည်း'' ဟု ပြောဆိုကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို တရား မဟုတ်သည်ကို ဆိုလေ့ရှိသော 'အဓမ္မဝါဒီ' ပရိသတ် ဟူ၍ ဆိုအပ်၏။


ရဟန်းတို့ ...
တရား ဟုတ်သည်ကို ဆိုလေ့ရှိသော 'ဓမ္မဝါဒီ' ပရိသတ် ဟူသည် အဘယ်နည်း၊

ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် တရားနှင့် လျော်သော အဓိကရုဏ်းကိုသော် လည်းကောင်း၊ တရားနှင့် မလျော်သော အဓိကရုဏ်းကို သော်လည်းကောင်း ယူကုန်၏။ ထိုရဟန်းတို့သည် ထိုအဓိကရုဏ်းကို ယူ၍ အချင်းချင်း သိရှိ နားလည်ရန်လည်း ပြောကြားကုန်၏၊ သိရှိ နားလည်ရန် ပြောကြားခြင်းငှါလည်း စည်းဝေးကုန်၏၊ နှစ်သိမ့် ကြေအေးရန်လည်း ပြုကုန်၏၊ နှစ်သိမ့် ကြေအေးရန် ပြုခြင်းငှါလည်း စည်းဝေးကုန်၏၊ ထိုရဟန်းတို့သည် သိရှိ နားလည်ရန် ပြောကြားခြင်း အင်အားရှိကုန်သည် နှစ်သိမ့်ကြေအေးရန် ပြုခြင်း အင်အားရှိကုန်သည် အဓိကရုဏ်းကို စွန့်ခြင်းငှါ တိုင်ပင်ခြင်း ရှိကုန်သည် ဖြစ်၍ ထိုအဓိကရုဏ်းကိုပင်လျှင် မှားသော မြင်ခြင်း၏ အစွမ်းအားဖြင့် လည်းကောင်း၊ မှားသော သုံးသပ်ခြင်းဖြင့် လည်းကောင်း သက်ဝင် စွဲလမ်း၍ ''ငါ့အယူသာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးတည်း'' ဟု မပြောဆိုကုန်။ ရဟန်းတို့ ဤပရိသတ်ကို တရား ဟုတ်သည်ကို ဆိုလေ့ရှိသော 'ဓမ္မဝါဒီ' ပရိသတ် ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။
ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင် တရား ဟုတ်သည်ကို ဆိုလေ့ရှိသော အကြင် 'ဓမ္မဝါဒီ' ပရိသတ်သည် ရှိ၏၊ ထိုပရိသတ်သည် မြတ်ပေသတည်း ဟု မိန့်တော်မူ၏။ 52 (၁ဝ)

ပရိသဝဂ် မှ၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, November 10, 2009

မဆုတ်ယုတ်ကြောင်း တရားခုနစ်ပါး... (၃)

တတိယ သတ္တကသုတ်

ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ငါ ဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့။ပ။

ရဟန်းတို့ မဆုတ်ယုတ်ကြောင်း တရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ-


၁...
ရဟန်းတို့ ရဟန်းတို့သည်...
ယုံကြည်မှု 'သဒ္ဓါတရား' နှင့် ပြည့်စုံကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၂...
မကောင်းမှုမှ ရှက်မှု 'ဟိရီ' ရှိကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၃...
မကောင်းမှုမှ ကြောက်လန့်မှု 'သြတ္တပ္ပ' ရှိကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၎...
များသော အကြားအမြင် 'ဗဟုသုတ' ရှိကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၅...
ထက်သန်သော လုံ့လရှိကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၆...
အောက်မေ့မှု 'သတိ' နှင့် ပြည့်စုံကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၇...
ဝိပဿနာပညာနှင့် ပြည့်စုံကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ ရဟန်းတို့သည် ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ကျင့်သုံး နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ ဟု မိန့်တော်မူ၏။ 25

၅ - တတိယ သတ္တကသုတ်၊ ဝဇ္ဇိသတ္တကဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဒကာလေး Mgzero ရေ... ဒါလည်း ကြီးပွါးကြောင်းပဲ (သတိရလို့)

ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏...

ပါတုဘာဝသုတ် - (ထင်ရှားဖြစ်ခြင်း)

ရဟန်းတို့ လောက၌ တရား ခြောက်မျိုးတို့၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ

၁...
လောက၌ ပူဇော်အထူးကို ခံတော် မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှား ဖြစ်ပေါ်မှုကို ရခဲ၏။

၂...
လောက၌ မြတ်စွာဘုရား ဟောကြားတော်မူသော ဓမ္မဝိနယကို ဟောကြားတတ် သော ပုဂ္ဂိုလ်ကိုရခဲ၏။

၃...
လောက၌ သူတော်ကောင်းတို့၏ တည်ရာ မဇ္ဈိ မဒေသ အရပ်၌ ဖြစ်ရခြင်းကို ရခဲ၏။

၎...
လောက၌ မျက်စိစသော ဣနြေ္ဒတို့၏ မချို့ တဲ့သူ အဖြစ်ကို ရခဲ၏။

၅...
လောက၌ မမိုက်မဲ မဆွံ့အသူ အဖြစ်ကို ရခဲ၏။

၆...
လောက၌ ကုသိုလ်တရား၌ ပြုလိုမှု 'ဆန္ဒ' ကို ရခဲ၏။

ရဟန်းတို့ လောက၌
ဤတရား ခြောက်မျိုးတို့၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏ ဟု မိန့်တော်မူ၏။ 96

၁ - ပါတုဘာဝသုတ်၊ အာနိသံသဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, November 9, 2009

ဘုရားသျှင်တို့သည် ဂါထာတို့ဖြင့် သီဆို၍ ရအပ်သော ဆွမ်းကို ပယ်ကုန်၏...

အဂ္ဂိကသုတ် - (မီးကိုလုပ်ကျွေးသော)

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ အဂ္ဂိက ဘာရဒွါဇပုဏ္ဏားသည် ''မီးကိုပူဇော်အံ့၊ မီးပူဇော်ခြင်းဖြင့် လုပ်ကျွေးအံ့''ဟု ထောပတ်နှင့် နို့ဃနာကို ရောစပ်စီရင်အပ်၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ရာဇဂြိုဟ်ပြည်၌ အိမ်စဉ်အတိုင်း ဆွမ်းခံ လှည့်လည်တော်မူသော မြတ်စွာဘုရားသည် အဂ္ဂိက ဘာရဒွါဇပုဏ္ဏား၏ အိမ်သို့ ချဉ်းကပ်၍ တစ်ခုသောနေရာ၌ ရပ်တော်မူ၏၊ အဂ္ဂိက ဘာရဒွါဇပုဏ္ဏားသည် ဆွမ်းအလို့ငှါ ရပ်တည်နေသော မြတ်စွာဘုရားကို မြင်သောကြောင့် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏ -

''(အသျှင်ဂေါတမ) ဗေဒင်သုံးပုံ 'ဝိဇ္ဇာ'တို့နှင့် ပြည့်စုံ၍ အမျိုးသန့်သော များသော အကြားအမြင်နှင့်လည်း ပြည့်စုံလျက် ဗေဒင်သုံးပုံ 'ဝိဇ္ဇာ' အမျိုး၏ အကျင့် 'စရဏ'နှင့် ပြည့်စုံသော ထိုသူသည် ဤနို့ဃနာဆွမ်းကို သုံးဆောင်ထိုက်ရာ၏'' ဟု လျှောက်၏။

ပုဏ္ဏား ဇာတိ, သုတ, ဝိဇ္ဇာ, စရဏဟူသော စကားကို များစွာဆိုသော်လည်း 'ယောက်သွားပုပ်ကဲ့သို့' ကိလေသာ အတွင်းပုပ်သော ညစ်ညူးခြင်းရှိသော ဟန်ဆောင်မှုတို့ဖြင့် ခြံရံသူသည် အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်။

၁။ အကြင်ရဟန်းသည် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို သိ၏၊
၂။ နတ်ပြည်ကို လည်းကောင်း၊ အပါယ်ကိုလည်းကောင်း မြင်၏။
၃။ ထိုမှတစ်ပါး ဇာတိ၏ကုန်ရာ အရဟတ္တဖိုလ် သို့ ရောက်၏၊
ထိုရဟန်းသည်သာ ထူးသောဉာဏ်ဖြင့် သိ၍ ဘဝ၏ အဆုံးသို့ ရောက်၏။

ဤသုံးပါးသော အသိဉာဏ် 'ဝိဇ္ဇာ'တို့ဖြင့် ဝိဇ္ဇာသုံးပါးရှိသူသည် ဗြာဟ္မဏမည်၏၊ ဝိဇ္ဇာစရဏနှင့် ပြည့်စုံသော ထိုဗြာဟ္မဏသည် ဤနို့ဃနာဆွမ်းကို စားထိုက်၏'' ဟု မိန့်တော်မူ၏။

''အသျှင်သည် ဗြာဟ္မဏ မည်တော်မူပါပေ၏၊
အသျှင်ဂေါတမသည် ဘုဉ်းပေးတော် မူပါလော့'' ဟု လျှောက်၏ -

''ပုဏ္ဏား ဂါထာဖြင့် သီဆို၍ ရအပ်သော ဆွမ်းကို ငါဘုရား မသုံးဆောင်၊ ပုဏ္ဏား အကျိုး အကြောင်းကို သိမြင်ကုန်သော သူတော်ကောင်းတို့အား ဤသုံးဆောင် ခြင်းသည် တရားသဘောသို့ မသက်ဝင်၊ ဘုရားသျှင်တို့သည် ဂါထာတို့ဖြင့် သီဆို၍ ရအပ်သော ဆွမ်းကို ပယ်ကုန်၏။ ပုဏ္ဏား ဤသည်လျှင် သူတော်ကောင်း တရား၌ တည်ကုန်သော ဘုရားရှင်တို့၏ အသက်မွေးခြင်းတည်း။

ပုဏ္ဏား ဂုဏ်ကျေးဇူးကို ရှာမှီးတတ်သော နောင်တပူပန်မှု ငြိမ်းပြီးသော အလုံးစုံကိစ္စ ပြီးပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ဂါထာဖြင့် သီဆို၍ ရသောဆွမ်းမှတစ်ပါး အခြားသော ဆွမ်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း လုပ်ကျွေးလော့။ ထိုရဟန္တာပုဂ္ဂိုလ်သည် ကောင်းမူကို အလိုရှိသော သူ၏ လယ်မြေကောင်းသဖွယ် ဖြစ်၏'' ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသည်ရှိသော် အဂ္ဂိက ဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ''အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေစွ'' ဟု လျှောက်၏။ ပ။ အသျှင်အဂ္ဂိက ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါး အပါ အဝင် ဖြစ်၏။ 194

၈ - အဂ္ဂိကသုတ်၊ အရဟန္တာဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား ပျောက်ပျက်ရန်ဖြစ်၏...

ပဌမ သဒ္ဓမ္မသမ္မောသသုတ်

ရဟန်းတို့ ဤတရားငါးမျိုးတို့သည်
သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်

၁... တရားကို ရိုသေစွာ မနာကုန်။
၂... တရားကို ရိုသေစွာ မသင်ကုန်။
၃... တရားကို ရိုသေစွာ မဆောင်ကုန်။
၎... ဆောင်ထားသော တရားတို့၏ အနက် အဓိပ္ပါယ်ကို ရိုသေစွာ ဉာဏ်ဖြင့် မစူးစမ်း မဆင်ခြင်ကုန်။
၅... အနက် သဘောကို သိ၍ တရားသဘောကို သိ၍ လောကုတ္တရာ တရား အားလျော်သောအကျင့်ကို ရိုသေစွာ မကျင့်ကုန်။

ရဟန်းတို့ ဤတရားငါးမျိုးတို့သည်
သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်ကုန်၏။ 154

၎ - ပဌမ သဒ္ဓမ္မသမ္မောသသုတ် - မှ၊ သဒ္ဓမ္မဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ရဟန်းတော်များ ကျက်စားသင့်သောနေရာနှင့် မကျက်စားသင့်သောနေရာ...

ရဟန်းတော်များ ကျက်စားသင့်သောနေရာနှင့် မကျက်စားသင့်သောနေရာ...

''ကျက်စားရာ 'ဂေါစရ''' ဟု ဆိုရာ၌ ကျက်စားသင့်သော နေရာသည် ရှိ၏၊ မကျက်စားသင့်သော နေရာသည် ရှိ၏။ မကျက်စားသင့်သော နေရာထိုတွင် အဘယ်သည် မကျက်စားသင့်သော နေရာမည်သနည်း။

မကျက်စားသင့်သောနေရာ...
ဤသာသနာတော်၌ အချို့သော ရဟန်းသည် ပြည့်တန်ဆာမအိမ်၌ ကျက်စား၏၊ မုဆိုးမအိမ်၌ ကျက်စား၏၊ အပျိုကြီးအိမ်၌ ကျက်စား၏၊ ပဏ္ဍုက်အိမ်၌ ကျက်စား၏၊ ဘိက္ခုနီမကျောင်း၌ ကျက်စား၏၊ သေတင်းကုပ်၌ ကျက်စား၏၊ မင်းတို့နှင့် လည်းကောင်း၊ မင်း၏ အမတ်တို့နှင့် လည်းကောင်း၊ တိတ္ထိတို့နှင့် လည်းကောင်း၊ တိတ္ထိတပည့်တို့နှင့် လည်းကောင်း သာသနာတော်နှင့် မလျောက် ပတ်သော ဆက်ဆံခြင်းဖြင့် ဆက်ဆံ၍ နေ၏။ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာ မိန်းမတို့အား သဒ္ဓါတရား မရှိကုန်သော၊ မကြည်ညိုကုန်သော၊ ရေတွင်းသဖွယ် မဖြစ်ကုန်သော၊ ဆဲရေးတတ် ရေရွတ် တတ်ကုန်သော၊ အကျိုးမဲ့ကို အလိုရှိကုန်သော၊ စီးပွါးမဲ့ကို အလိုရှိကုန်သော၊ ချမ်းသာမဲ့ကို အလိုရှိကုန်သော၊ ယောဂကုန်ရာကို အလိုမရှိကုန်သော အကြင် အမျိုး ဒါယကာတို့သည် ရှိကုန်၏။ ထိုသို့ သဘောရှိသော အမျိုး ဒါယကာ တို့ကို မှီဝဲ၏၊ ဆည်းကပ်၏၊ ချဉ်းကပ်၏၊ဤသဘောကို မကျက်စားသင့်သော နေရာဟု ဆိုအပ်၏။

ကျက်စားသင့်သောနေရာ...
ထိုတွင် အဘယ်သည် ကျက်စားသင့်သော နေရာ မည်သနည်း။
ဤသာသနာတော်၌ အချို့သော ရဟန်းသည် ပြည့်တန်ဆာမအိမ်၌ မကျက်စား၊ မုဆိုးမအိမ်၌ မကျက်စား၊ အပျိုကြီးအိမ်၌ မကျက်စား၊ ပဏ္ဍုက်အိမ်၌ မကျက်စား၊ ဘိက္ခုနီမကျောင်း၌ မကျက်စား၊ သေတင်းကုပ်၌ မကျက်စား၊ မင်းတို့နှင့် လည်းကောင်း၊ မင်း၏အမတ်တို့နှင့် လည်းကောင်း၊ တိတ္ထိတို့နှင့်လည်းကောင်း၊ တိတ္ထိတပည့်တို့နှင့် လည်းကောင်း သာသနာတော်နှင့် မလျောက်ပတ်သော ဆက်ဆံခြင်းဖြင့် မဆက်ဆံမူ၍ နေ၏။ ရဟန်း ယောက်ျား ရဟန်းမိန်းမ ဥပါသကာ ယောက်ျား ဥပါသိကာမိန်းမတို့အား သဒ္ဓါတရားရှိကုန်သော၊ ကြည်ညိုကုန်သော၊ ရေတွင်းသဖွယ် ဖြစ်ကုန်သော၊ သင်္ကန်းအရောင်ဖြင့် တောက်ပကုန်သော ရဟန်းတို့၏ သင်္ကန်းကိုယ်တို့မှ ဖြစ်သော လေတို့ဖြင့် လှိုင်ကုန်သော၊ အကျိုးကို အလိုရှိကုန်သော၊ စီးပွါးကို အလိုရှိကုန်သော၊ ချမ်းသာကို အလိုရှိကုန်သော၊ ယောဂကုန်ရာကို အလိုရှိကုန်သော အကြင် အမျိုး ဒါယကာ တို့သည် ရှိကုန်၏။ ထိုသို့ သဘောရှိသော အမျိုး ဒါယကာတို့ကို မှီဝဲ၏၊ ဆည်းကပ်၏၊ ချဉ်းကပ်၏၊ ဤသဘောကို ကျက်စားသင့်သော နေရာဟု ဆိုအပ်၏။

ဤဆိုအပ်ခဲ့ပြီးသော အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ' နှင့် လည်းကောင်း ပြည့်စုံ၏။ပ။ ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် ''အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ' နှင့် ဋေပြည့်စုံ၏'' ဟု ဆိုအပ်၏။ 514

ဈာနဝိဘင်္ဂ၊ ဝဘင်းပါဠိတော်၊ အဘိဓမ္မာပိဋကတ်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ရဟန်းတော်များ မကျင့်အပ်သောအကျင့်နှင့် ကျင့်အပ်သောအကျင့်များ...

ရဟန်းတော်များ မကျင့်အပ်သောအကျင့်နှင့် ကျင့်အပ်သောအကျင့်များ...

မကျင့်အပ်သော အကျင့်များမှ...

ထိုနှစ်ပါးတို့တွင် အဘယ်သည် မကျင့်အပ်သော အကျင့် မည်သနည်း။
ကိုယ်၌ ဖြစ်သော လွန်ကျူးခြင်း၊ နှုတ်၌ ဖြစ်သော လွန်ကျူးခြင်း၊ ကိုယ်နှုတ်၌ ဖြစ်သော လွန်ကျူးခြင်းသည် ရှိ၏။ ဤသဘောကို မကျင့်အပ်သော အကျင့်ဟု ဆိုအပ်၏။ သီလပျက်ကြောင်း အကျင့်အားလုံးသည်လည်း မကျင့်အပ်သော အကျင့် မည်၏။

ဤသာသနာတော်၌ အချို့သော ရဟန်းသည် ဝါးပေးခြင်းဖြင့် လည်းကောင်း၊ သစ်ရွက်ပေးခြင်းဖြင့် လည်းကောင်း၊ ပန်းပေးခြင်းဖြင့် လည်းကောင်း၊ သစ်သီးပေးခြင်းဖြင့် လည်းကောင်း၊ ရေချိုးဆပ်ပြာမှုန့်ပေးခြင်းဖြင့် လည်းကောင်း၊ ဒန်ပူပေးခြင်းဖြင့် လည်းကောင်း၊ ချစ်ခင်စေလို၍ မြှောက်ပင့်ပြောဆိုခြင်းဖြင့် လည်းကောင်း၊ အမှန်နည်းပါး အမှားများသော စကားကို ပြောဆိုခြင်းဖြင့် လည်းကောင်း၊ ကလေးချော့ ကလေးထိန်းပေးခြင်းဖြင့် လည်းကောင်း၊ လူတို့အတွက် သတင်းပို့ပေးခြင်းဖြင့် လည်းကောင်း၊ မြတ်စွာဘုရား စက်ဆုပ်တော်မူအပ်သော မှားသောအသက်မွေးမှု တစ်ခုခုဖြင့် လည်းကောင်း အသက်မွေးမြူ၏၊ ဤသဘောကို မကျင့်အပ်သော အကျင့်ဟုဆိုအပ်၏။

ကျင့်အပ်သောအကျင့်များမှာ...
ထိုနှစ်ပါးတို့တွင် အဘယ်သည် ကျင့်အပ်သော အကျင့် မည်သနည်း။
ကိုယ်၌ ဖြစ်သော မလွန်ကျူးခြင်း၊ နှုတ်၌ ဖြစ်သော မလွန်ကျူးခြင်း၊ ကိုယ်နှုတ်၌ ဖြစ်သော မလွန်ကျူးခြင်းသည် ရှိ၏။ ဤသဘောကိုကျင့်အပ်သော အကျင့်ဟု ဆိုအပ်၏။ သီလ စောင့်ထိန်းမှု အားလုံးသည်လည်း ကျင့်အပ်သော အကျင့်မည်၏။ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ဝါးပေးခြင်းဖြင့် လည်းကောင်း၊ သစ်ရွက်ပေးခြင်းဖြင့် လည်းကောင်း၊ ပန်းပေးခြင်းဖြင့် လည်းကောင်း၊ သစ်သီးပေးခြင်းဖြင့် လည်းကောင်း၊ ရေချိုးဆပ်ပြာမှုန့် ပေးခြင်းဖြင့် လည်းကောင်း၊ ဒန်ပူပေးခြင်းဖြင့် လည်းကောင်း၊ ချစ်ခင်စေလို၍ မြှောက်ပင့် ပြောဆိုခြင်းဖြင့် လည်းကောင်း၊ အမှန်နည်းပါး အမှားများသော စကားကို ပြောဆိုခြင်းဖြင့် လည်းကောင်း၊ ကလေးချော့ ကလေးထိန်းပေးခြင်းဖြင့် လည်းကောင်း၊ လူတို့အတွက် သတင်းပို့ပေးခြင်းဖြင့် လည်းကောင်း၊ မြတ်စွာဘုရား စက်ဆုပ်တော်မူအပ်သော မှားသော အသက်မွေးမှု တစ်ခုခုဖြင့် လည်းကောင်း အသက်မွေးမြူခြင်း မပြုပေ။ ဤသဘောကို ကျင့်အပ်သော အကျင့်ဟု ဆိုအပ်၏။ 513

ဈာနဝိဘင်္ဂ၊ ဝဘင်းပါဠိတော်၊ အဘိဓမ္မာပိဋကတ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, November 7, 2009

ပစ္စည်း 'အာမိသ' ကို အလေးပြုသူနှင့် မပြုသူ...

ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ် နှစ်မျိုး တို့နည်း ဟူမူ-

၁...
ပစ္စည်း 'အာမိသ' ကို အလေးပြု၍
သူတော်ကောင်း တရားကို အလေးမပြုသော ပရိသတ် လည်းကောင်း၊

၂...
သူတော်ကောင်း တရားကို အလေးပြု၍
ပစ္စည်း 'အာမိသ'ကို အလေးမပြုသော ပရိသတ် လည်းကောင်းတို့တည်း။

၁...
ရဟန်းတို့ ပစ္စည်း 'အာမိသ' ကို အလေးပြု၍ သူတော်ကောင်း တရားကို အလေး မပြုသော ပရိသတ် ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် လူဝတ်ကြောင်တို့၏ မျက်မှောက်၌ အချင်းချင်း၏ ဂုဏ်ကို ပြောကြကုန်၏၊
ဤမည်သော ရဟန်းသည် ဥဘတောဘာဂ ဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊ ၃
ဤမည်သော ရဟန်းသည် ပညာဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊ ၎
ဤမည်သော ရဟန်းသည် ကာယသက္ခိပုဂ္ဂိုလ် ဖြစ်၏၊ ၅
ဤမည်သော ရဟန်းသည် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ် ဖြစ်၏၊ ၆
ဤမည်သော ရဟန်းသည် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊ ၇
ဤမည်သော ရဟန်းသည် ဓမ္မာနုသာရီပုဂ္ဂိုလ် ဖြစ်၏၊ ၈
ဤမည်သော ရဟန်းသည် သဒ္ဓါနုသာရီပုဂ္ဂိုလ် ဖြစ်၏၊ ၉
ဤမည်သော ရဟန်းသည် သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊
ဤမည်သော ရဟန်းကား သီလ မရှိ၊ ယုတ်သော သဘောရှိ၏'' ဟု ပြောကြ ကုန်၏။ ထို ရဟန်းတို့သည် ထိုသို့ ပြောသောကြောင့် လာဘ်ရ ကုန်၏၊ ထိုရဟန်းတို့သည် ထို လာဘ်ကို ရသောကြောင့် မက်မောကုန်သည် တွေဝေကုန်သည် တဏှာဖြင့် လွှမ်းမိုးအပ်ကုန်သည် ဖြစ်၍ အပြစ်ဟု ရှုလေ့ မရှိကြကုန်ဘဲ ထွက်မြောက်ကြောင်း ဖြစ်သော ပညာမှ ကင်းကုန်လျက် သုံးဆောင်ကုန်၏။

ရဟန်းတို့ ဤပရိသတ်ကို ပစ္စည်း 'အာမိသ'ကို အလေးပြု၍ သူတော်ကောင်း တရားကို အလေး မပြုသော ပရိသတ် ဟု ဆိုအပ်၏။

၂...
ရဟန်းတို့ သူတော်ကောင်း တရားကို အလေးပြု၍ ပစ္စည်း 'အာမိသ'ကို အလေး မပြုသော ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် လူဝတ်ကြောင်တို့၏ မျက်မှောက်၌ အချင်းချင်း၏ ဂုဏ်ကို မပြောကြကုန်။
ဤမည်သော ရဟန်းသည် ဥဘတော ဘာဂဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊
ဤမည်သော ရဟန်းသည် ပညာဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊
ဤမည်သော ရဟန်းသည် ကာယသက္ခိပုဂ္ဂိုလ် ဖြစ်၏၊
ဤမည်သော ရဟန်းသည် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ် ဖြစ်၏၊
ဤမည်သောရဟန်းသည် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊
ဤမည်သော ရဟန်းသည် ဓမ္မာနုသာရီပုဂ္ဂိုလ် ဖြစ်၏၊
ဤမည်သော ရဟန်းသည် သဒ္ဓါနုသာရီပုဂ္ဂိုလ် ဖြစ်၏၊
ဤမည်သော ရဟန်းသည် သီလရှိ၏၊ ကောင်းသောသဘောရှိ၏၊
ဤမည်သော ရဟန်းကား သီလ မရှိ၊ ယုတ်သော သဘောရှိ၏'' ဟု မပြောကြ
ကုန်။ ထိုရဟန်းတို့သည် ထိုသို့ မပြောသောကြောင့် လာဘ်ရကုန်၏၊ ထိုရဟန်း တို့သည် ထိုလာဘ်ကို ရသောကြောင့် မမက်မောကုန်သည် မတွေဝေကုန်သည် တဏှာဖြင့် မလွှမ်းမိုးကုန်သည် အပြစ်ဟုရှုလေ့ရှိကုန်သည် ထွက်မြောက်ကြောင်း ဖြစ်သော ပညာ ရှိကုန်သည် ဖြစ်၍ သုံးဆောင်ကုန်၏။

ရဟန်းတို့ ဤ ပရိသတ်ကို သူတော်ကောင်း တရားကို အလေးပြု၍ ပစ္စည်း 'အာမိသ' ကို အလေးမပြုသော ပရိသတ်ဟု ဆိုအပ်၏။
ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပရိသတ်နှစ်မျိုး တို့တွင် သူတော်ကောင်း တရားကို အလေးပြု၍ ပစ္စည်း 'အာမိသ' ကို အလေးမပြုသော အကြင် ပရိသတ်သည် ရှိ၏၊ ထို ပရိသတ်သည် မြတ်ပေသတည်း ဟု မိန့်တော်မူ၏။ 49 - 7

၅ - ပရိသဝဂ်၊ မှ၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


၃။ ရှစ်ပါးသော သမာပတ်တို့ဖြင့် ဝိက္ခမ္ဘနဝိမုတ္တိအားဖြင့် လည်းကောင်း မဂ်ဖြင့် သမုစ္ဆေဒဝိမုတ္တိ အားဖြင့် လည်းကောင်း နှစ်ကြိမ် သို့မဟုတ် နှစ်ပါးသော အဖို့တို့မှ လွတ်မြောက်သော အရဟတ္တဖလဋ္ဌာန် ပုဂ္ဂိုလ်။
၎။ ပညာ ရှေ့ဆောင်ခြင်းဖြင့် ဖြစ်စေ သဒ္ဓါ ရှေ့ဆောင်ခြင်းဖြင့် ဖြစ်စေ သမာပတ် ရှစ်ပါးကို မရမူ၍ ကိလေသာမှ လွတ်သော အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်။
၅။ ပညာ ရှေ့ဆောင်ခြင်းဖြင့် ဖြစ်စေ သဒ္ဓါ ရှေ့ဆောင်ခြင်းဖြင့် ဖြစ်စေ သမာပတ် ရှစ်ပါးနှင့် ပြည့်စုံခဲ့၍ နိဗ္ဗာန်ကို မျက်မှောက် ပြုသော သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်မှ စ၍ အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် အထိ သေက္ခပုဂ္ဂိုလ်
ခြောက်ဦးတို့တွင် တစ်ဦးသော ပုဂ္ဂိုလ်။
၆။ ပညာ ရှေ့ဆောင်ခြင်းဖြင့် သမာပတ် ရှစ်ပါးကို မရမူ၍ မဂ်ဖိုလ် ဉာဏ်အမြင်သို့ ဆိုက်ရောက်သော သောတာပတ္တိဖလဋ္ဌာန် ပုဂ္ဂိုလ်မှစ၍ အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်အထိ သေက္ခပုဂ္ဂိုလ် ခြောက်ဦးတို့တွင် တစ်ဦးသော ပုဂ္ဂိုလ်။
၇။ သဒ္ဓါ ရှေ့ဆောင်ခြင်းဖြင့် သမာပတ် ရှစ်ပါးကို မရမူ၍ ကိလေသာမှ လွတ်သော သောတာပတ္တိ ဖလဋ္ဌာန်မှ အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်အထိ သေက္ခပုဂ္ဂိုလ် ခြောက်ဦးတို့တွင် တစ်ဦးသော ပုဂ္ဂိုလ်။
၈။ ပညာ ရှေ့ဆောင်ခြင်းဖြင့် သမာပတ် ရှစ်ပါးနှင့် ပြည့်စုံခဲ့၍ သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်ပြီးလျှင် တရားကို အောက်မေ့လေ့ ရှိသော ပုဂ္ဂိုလ်။
၉။ သဒ္ဓါ ရှေ့ဆောင်ခြင်းဖြင့် သမာပတ် ရှစ်ပါးကို မရမူ၍ သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်ပြီးလျှင် သဒ္ဓါကို အောက်မေ့ခြင်း ရှိသော ပုဂ္ဂိုလ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, November 6, 2009

အမှန်မပြော ကုန်းတိုက်စကား ဆိုခဲ့သောကြောင့်

ကူဋဝိနိစ္ဆယိကပေတဝတ္ထု

ကျောက်ကုန်းသားကို ဖြတ်တောက် စားရသူ

တရားရုံးတော်၌ အမှန်မပြော ကုန်းတိုက်စကား ဆိုခဲ့သောကြောင့် သေလွန်သော အခါ နတ်ဝတ်တန်ဆာ နတ်သမီး အခြွေအရံတို့ဖြင့် အာနုဘော်ကြီးစွာ ခံစားရ သော်လည်း ကြောက်ခမန်းလိလိ မိမိ ကျောက်ကုန်းသားကို ဖြတ်တောက် စားသောက်နေရသော ပြိတ္တာ

ယောက်ျား သင်သည် နတ်ပန်းကို ပန်ဆင်လျက် ဦးရစ်ပေါင်းကာ လက်ကောက်စသော လက်ဝတ်တန်ဆာရှိသူ ဖြစ်ပေ၏၊ သင်၏ ကိုယ်ကို စန္ဒကူးနံ့သာဖြင့် လိမ်းကျံလျက် ကြည်လင်သော မျက်နှာ အဆင်းရှိသူ တက်သစ်စနေ၏ အဆင်းကဲ့သို့ တင့်တယ်သူ ဖြစ်ဘိ၏။ 499

သင်၏ ပရိသတ်၌ အကျုံးဝင်ကုန်သော သင်၏ ဤအခြွေအရံ နတ်တို့သည် လည်းကောင်း၊ သင်၏ တစ်သောင်းသော အခြွေအရံ နတ်သမီးတို့သည် လည်းကောင်း ခရုသင်း, လက်ကောက်, လက်ကြပ်တန်ဆာကို ဝတ်ဆင်ကြ ကုန်၏၊ ရွှေနားသွယ်ပန်းကိုလည်း ထူးဆန်းစွာ ပန်ဆင် ကြကုန်၏။ 500

သင်သည် ကြီးသော အာနုဘော်ရှိ၏၊ ကြက်သီးမွေးညင်း ထလောက်အောင် အဆင်း သဏ္ဌာန်ရှိပါပေ၏၊ (သို့ပါသော်လည်း) မိမိ၏ ကျောက်ကုန်းသားတို့ကို ကိုယ်တိုင်ဖြတ်၍ ခဲစားနေရဘိ၏။ 501

သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း အဘယ် မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် မိမိ၏ ကျောက်ကုန်းသားတို့ကို ကိုယ်တိုင်ဖြတ်၍ ခဲစားဘိသနည်းဟု အသျှင်နာရဒက မေး၏။ 502

အရှင်ဘုရား အကျွန်ုပ်သည် သက်ရှိလောက၌ မိမိ၏ အကျိုးမဲ့ဖြစ်ရန် ကုန်းတိုက်စကား မုသားစကားဖြင့် လည်းကောင်း၊ ကောက်ကျစ်စဉ်းလဲခြင်း လှည့်ပတ်ခြင်းဖြင့် လည်းကောင်း ပြုကျင့်ခဲ့မိပါ၏။ 503

ထိုတရားစီရင်ရာ အရပ်၌ အကျွန်ုပ်သည် ပရိသတ်လယ်သို့ ရောက်၍ အမှန် ဆိုရမည့် အခါ ကြုံကြိုက် ဖြစ်ပေါ်လာသည်ရှိသော် အကျိုးအကြောင်းကို စွန့်ပစ်၍ အဓမ္မသို့ အစဉ်လိုက်ခဲ့မိပါ၏။ 504

အကြင်သူသည် ကျောက်ကုန်းသားကို ခဲစားသည်နှင့်တူစွာ ချောပစ်ကုန်းတိုက် မုသား ပြောဆိုတတ်၏၊ အကျွန်ုပ်သည် ယနေ့ မိမိကျောက်ကုန်းသားကို ခဲစားရသကဲ့သို့ ထို့အတူ ချောပစ်ကုန်းတိုက် မုသား ပြောဆိုတတ်သော ထိုသူသည် မိမိကျောက်ကုန်းသားကို ခဲစားရ၏။ 505

အသျှင်နာရဒ ဤအကျွန်ုပ်၏ ရုပ်အဆင်းကို အရှင်ဘုရား ကိုယ်တိုင် မြင်ရပါပြီ၊ သနားစောင့်ရှောက်တတ်ကုန်သော သူတစ်ပါးအကျိုးကို ကျင့်ခြင်း၌ လိမ္မာ ကုန်သော ဘုရားစသော သူတော်ကောင်းတို့ ဆိုဆုံးမသော ''သင်သည် ကုန်းတိုက်သော စကားကို မပြောဆိုလင့်၊ မုသား မပြောဆိုလင့်၊ အကျွန်ုပ်ကဲ့သို့ မိမိကျောက်ကုန်းသားကို စားရသည် မဖြစ်စေလင့်'' ဟူသော စကားမျိုးကိုသာ အကျွန်ုပ် ပြောဟောလိုပါ၏ဟု ပြိတ္တာက လျှောက်၏။ 506

၉ - ကူဋဝိနိစ္ဆယိကပေတဝတ္ထု၊ စူဠဝဂ်၊ ပေတဝတ္ထုပါဠိတော်။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆင်းရဲမရှိသော တရားနှစ်မျိုး...

ရဟန်းတို့ အကုသိုလ် တရားတို့သည် ဤနှစ်မျိုးတို့တည်း။

ရဟန်းတို့ ကုသိုလ် တရားတို့သည် ဤနှစ်မျိုးတို့တည်း။

ရဟန်းတို့ အပြစ်ရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။

ရဟန်းတို့ အပြစ် မရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။

ရဟန်းတို့ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။

ရဟန်းတို့ ချမ်းသာခြင်းကို ဖြစ်စေတတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။

ရဟန်းတို့ ဆင်းရဲသော အကျိုးရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။

ရဟန်းတို့ ချမ်းသာသော အကျိုးရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။

ရဟန်းတို့ ဆင်းရဲနှင့်တကွ ဖြစ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။

ရဟန်းတို့ ဆင်းရဲ မရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။


အဘယ်နှစ်မျိုးတို့နည်းဟူမူ ...

အမျက် မထွက်ခြင်း လည်းကောင်း၊ ရန်ငြိုး မဖွဲ့ခြင်း လည်းကောင်း။
သူ့ကျေးဇူးကို မချေဖျက်ခြင်း လည်းကောင်း၊ အပြိုင် မပြုခြင်း လည်းကောင်း။
မငြူစူခြင်း လည်းကောင်း၊ ဝန်မတိုခြင်း လည်းကောင်း။
မလှည့်ပတ်ခြင်း လည်းကောင်း၊ မစဉ်းလဲခြင်း လည်းကောင်း။
ဒုစရိုက်တို့မှ ရှက်ခြင်း လည်းကောင်း၊ ထိတ်လန့်ခြင်း လည်းကောင်းတို့တည်း။

ရဟန်းတို့ ဆင်းရဲမရှိသော တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု မိန့်တော်မူ၏။
၁၉၁ - ၂၀၀၊ ၁-၅ဝ၊

၂၂၂ --- အကုသလပေယျာလ၊ ဒုကနိပါတ်၊ အင်္ဂုတ္ထိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, November 5, 2009

ဒို့ ဘယ်နေရာက ပါကြမှာလဲ...





၁...
ထိုမာတိကာစကားရပ်၌ အကြင်ပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌
ကိုယ်တိုင်သာလျှင် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိ၏၊ ထိုတရားတို့၌လည်း အလုံးစုံသိခြင်းသို့ရောက်၏၊ ဗိုလ်တို့၌လည်း လေ့လာခြင်းသို့ ရောက်၏၊ ထို ကိုယ်တိုင် ဖြစ်စေအပ်သော သဗ္ဗညုတဉာဏ်ဖြင့် ထိုပုဂ္ဂိုလ်ကို အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာသိသော 'သဗ္ဗညုတဘုရား' ဟု မှတ်အပ်၏။

၂...
ထိုမာတိကာစကားရပ်၌ အကြင်ပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ အလိုလို ကိုယ်တိုင်သာလျှင် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိ၏၊ ထိုတရား တို့၌လည်း အလုံးစုံသိခြင်းသို့ မရောက်၊ ဗိုလ်တို့၌လည်း လေ့လာခြင်းသို့ မရောက်၊ ထိုပစ္စေကသမ္ဗောဓိဉာဏ်ဖြင့် ထိုပုဂ္ဂိုလ်ကို 'ပစ္စေကဗုဒ္ဓါ'ဟု မှတ်အပ်၏။

၃...
ထိုမာတိကာ စကားရပ်၌ အကြင်ပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ အလိုလို ကိုယ်တိုင်သာလျှင် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ မသိ၊ ယခုဘဝ၌ပင် ဆင်းရဲ၏ အဆုံးကို ပြု၏၊ သာဝကပါရမီသို့လည်း ရောက်၏၊ ထိုသာဝကပါရမီဉာဏ်ဖြင့် ထိုပုဂ္ဂိုလ်တို့ကို 'သာရိပုတ္တရာမောဂ္ဂလာန်တို့' ဟု မှတ်အပ်ကုန်၏။

၎...
ထိုမာတိကာ စကားရပ်၌ အကြင် ပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ အလိုလို ကိုယ်တိုင်သာလျှင် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ မသိ၊ ယခုဘဝ၌ပင် ဆင်းရဲ၏ အဆုံးကို ပြု၏၊ သာဝကပါရမီသို့ မရောက်၊ ထိုဒုက္ခ၏ အဆုံးကို ပြုခြင်းဖြင့် ထိုပုဂ္ဂိုလ်တို့ကို သာရိပုတြာမောဂ္ဂလ္လာန်တို့မှ ကြွင်းသော 'ရဟန္တာပုဂ္ဂိုလ်တို့' ဟု မှတ်အပ်ကုန်၏။

၅...
ထိုမာတိကာ စကားရပ်၌ အကြင်ပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ အလိုလို ကိုယ်တိုင်သာလျှင် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ မသိ၊ ယခုဘဝ၌ပင် ဆင်းရဲ၏ အဆုံးကို မပြု၊ ဤကာမဘုံသို့ မလာခြင်းကြောင့် အနာဂါမ်ဖြစ်၏၊ ထိုကာမဘုံသို့ မလာခြင်းဖြင့် ထိုပုဂ္ဂိုလ်ကို 'အနာဂါမ် ပုဂ္ဂိုလ်' ဟု မှတ်အပ်၏။

၆...
ထိုမာတိကာ စကားရပ်၌ အကြင်ပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ အလိုလို ကိုယ်တိုင်သာလျှင် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ မသိ၊ ယခုဘဝ၌ပင် ဆင်းရဲ၏ အဆုံးကို မပြု၊ ဤကာမဘုံသို့ လာ၏၊ ထိုကာမဘုံသို့ လာခြင်းဖြင့် ထိုပုဂ္ဂိုလ်တို့ကို 'သောတာပန်, သကဒါဂါမ်ပုဂ္ဂိုလ်တို့' ဟု မှတ်အပ်ကုန်၏။ 202

၆ - ဆက္ကပုဂ္ဂလပညတ်၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋက။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အပြစ်ရှိသောသူ အပြစ်မရှိသောသူ...

အပြစ်ရှိသော ပုဂ္ဂိုလ်...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်
အပြစ်ရှိသော ကာယကံနှင့် ပြည့်စုံ၏၊
အပြစ်ရှိသော ဝစီကံနှင့် ပြည့်စုံ၏၊
အပြစ်ရှိသော မနောကံနှင့် ပြည့်စုံ၏၊
ဤပုဂ္ဂိုလ်ကို အပြစ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 144

အပြစ်များသော ပုဂ္ဂိုလ်...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်
အပြစ်ရှိသော ကာယကံနှင့် များစွာ ပြည့်စုံ၍၊
အပြစ် မရှိသော ကာယကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊
အပြစ်ရှိသော ဝစီကံနှင့် များစွာ ပြည့်စုံ၍၊
အပြစ် မရှိသော ဝစီကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊
အပြစ်ရှိသော မနောကံနှင့် များစွာ ပြည့်စုံ၍၊
အပြစ် မရှိသော မနောကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊
ဤပုဂ္ဂိုလ်ကို အပြစ်များသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 145

အပြစ်နည်းသော ပုဂ္ဂိုလ်...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်
အပြစ် မရှိသော ကာယကံနှင့် များစွာ ပြည့်စုံ၍
အပြစ်ရှိသော ကာယကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊
အပြစ် မရှိသော ဝစီကံနှင့် များစွာ ပြည့်စုံ၍
အပြစ်ရှိသော ဝစီကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊
အပြစ်မရှိသော မနောကံနှင့် များစွာ ပြည့်စုံ၍
အပြစ်ရှိသော မနောကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊
ဤပုဂ္ဂိုလ်ကို အပြစ်နည်းသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 146

အပြစ်မရှိသော ပုဂ္ဂိုလ်...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်
အပြစ်မရှိသော ကာယကံနှင့် ပြည့်စုံ၏၊
အပြစ်မရှိသော ဝစီကံနှင့် ပြည့်စုံ၏၊
အပြစ်မရှိသော မနောကံနှင့် ပြည့်စုံ၏၊
ဤပုဂ္ဂိုလ်ကို အပြစ်မရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 147

၎ - စတုက္ကပုဂ္ဂလပညတ်-မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, November 3, 2009

အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည်...



ဒုတိယ ပါပဏိကသုတ် - (အိမ်ဈေးသည်)

ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မကြာမီပင်လျှင် စည်းစိမ်တို့၌ များခြင်း ပြန့်ပြောခြင်းသို့ ရောက်၏။

အဘယ်သုံးမျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤလောက၌ ဈေးသည်သည်

၁... မျက်စိအမြင် ရှိ၏၊
၂... ဉာဏ်နှင့်ယှဉ်သော ဝီရိယထူး ရှိ၏၊
၃... အမှီကောင်းနှင့် ပြည့်စုံ၏။

၁...
ရဟန်းတို့ အဘယ်သို့လျှင် ဈေးသည်သည် မျက်စိအမြင်ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ ဈေးသည်သည် ''ဤကုန်ပစ္စည်းကို ဤသို့ဝယ်၍ ဤသ့ေို ရာင်းသော် အရင်းအနှီး ကား ဤမျှလောက် ဖြစ်လတ္တံ့၊ အမြတ် အစွန်းကား ဤမျှလောက် ဖြစ်လတ္တံ့'' ဟု ဤသို့ ရောင်းကုန် ပစ္စည်းကို သိ၏။ ရဟန်းတို့ ဤသို့လျှင် ဈေးသည်သည် မျက်စိအမြင်ရှိ၏။

၂...
ရဟန်းတို့ အဘယ်သို့လျှင် ဈေးသည်သည် ဉာဏ်နှင့်ယှဉ်သော ဝီရိယထူး ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ ဈေးသည်သည် ကုန်ပစ္စည်းကို ဝယ်ခြင်းငှါလည်းကောင်း၊ ရောင်းခြင်းငှါ လည်းကောင်း ကျွမ်းကျင်၏။ ရဟန်းတို့ ဤသို့လျှင် ဈေးသည်သည် ထူးသော ဉာဏ်နှင့်ယှဉ်သော ဝီရိယထူးရှိ၏။

၃...
ရဟန်းတို့ အဘယ်သို့လျှင် ဈေးသည်သည် အမှီကောင်းနှင့် ပြည့်စုံသနည်း၊
ရဟန်းတို့ ဤလောက၌ ဈေးသည်ကို ကြွယ်ဝကုန် များသောဥစ္စာရှိကုန် များသော အသုံးအဆောင် ရှိကုန်သော သူကြွယ် တို့သည်လည်းကောင်း၊ သူကြွယ်သား တို့သည်လည်းကောင်း ''ဤဈေးသည်ကား မျက်စိအမြင်လည်းရှိ၏၊ ဉာဏ်နှင့် ယှဉ်သော ဝီရိယထူးလည်း ရှိ၏၊ သားသမီးတို့ကို လုပ်ကျွေးခြင်းငှါ လည်းကောင်း၊ ငါတို့အား ရံခါရံခါ အတိုးပေးဆပ်ခြင်းငှါလည်းကောင်း စွမ်းနိုင်၏'' ဟု သိကုန်၏။ ထိုသူကြွယ် သူကြွယ်သားတို့သည် ထို ဈေးသည်ကို ''အချင်းဈေးသည် ငါ၏အထံမှ ဤကုန်စည်ပစ္စည်းတို့ကို ယူ၍ သားမယားကိုလည်း လုပ်ကျွေးလော့၊ ငါတို့အား လည်း ရံခါရံခါ အတိုးပေးဆပ်ပါလော့'' ဟု ကုန်စည်ပစ္စည်းဖြင့် ဖိတ်ကြား ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ဈေးသည်သည် အမှီကောင်းနှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မကြာမီပင်လျှင် စည်းစိမ်တို့၏ များခြင်း ပြန့်ပြောခြင်းသို့ ရောက်၏။

ရဟန်းတို့ ဤအတူသာလျှင် တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မကြာမီပင်လျှင် ကုသိုလ်တရားတို့၌ များမြတ်ခြင်း ပြန့်ပြောခြင်းသို့ ရောက်၏။

အဘယ်သုံးမျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်...

၁... ပညာ မျက်စိ အမြင်ရှိ၏၊
၂... ဉာဏ်နှင့်ယှဉ်သော ဝီရိယထူးရှိ၏၊
၃... အမှီကောင်းနှင့် ပြည့်စုံ၏။

၁...
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် (ပညာ) မျက်စိ အမြင်ရှိသနည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ''ဤကား ဆင်းရဲတည်း'' ဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤကား ဆင်းရဲ ဖြစ်ကြောင်းတည်း'' ဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤကား ဆင်းရဲချုပ်ရာ 'နိဗ္ဗာန်'တည်း'' ဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤကား ဆင်းရဲချုပ်ရာ 'နိဗ္ဗာန်' သို့ရောက်ကြောင်း အကျင့်တည်း'' ဟု ဟုတ်မှန်သော အတိုင်း သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (ပညာ) မျက်စိ အမြင်ရှိ၏။

၂...
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဉာဏ်နှင့် ယှဉ်သော ဝီရိယထူးရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ခြင်း ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ ထက်သန် သော လုံ့လရှိသည် ဖြစ်၍ နေ၏၊ အားအစွမ်းနှင့် ပြည့်စုံ၏၊ မြဲမြံသော လုံ့လ ရှိ၏၊ ကုသိုလ်တရား တို့၌ တာဝန်ကို ပစ်ချမထား။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဉာဏ်နှင့်ယှဉ်သော ဝီရိယ ထူးရှိ၏။

၃...
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အမှီကောင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့
ဤသာသနာတော်၌ အကြားအမြင်များကုန် ပါဠိတော်ကို နှုတ်တက်ဆောင်ကုန် သုတ္တန်ကို ဆောင်ကုန် ဝိနည်းကို ဆောင်ကုန် ပါတိမောက်ကို ဆောင်ကုန်သော ရဟန်းတို့သို့ ရံဖန် ရံခါ ချဉ်းကပ်၍ ''အသျှင်ဘုရား ဤပါဠိကား အဘယ်သို့ပါနည်း၊ ဤပါဠိ၏ အနက်ကား အဘယ်သို့ပါနည်း'' ဟု မေးမြန်း၏၊ စိစစ်၏၊ ထို ဗဟုသုတရှိကြသော အသျှင်တို့သည် ထိုရဟန်းအား မဖွင့်အပ်သေးသည်ကို လည်း ဖွင့်ပြကုန်၏၊ မပေါ်လွင်သေးသည် တို့ကိုလည်း ပေါ်လွင်စေကုန်၏၊ များပြားကုန်သော ယုံမှားခြင်း၏ အကြောင်းတရား တို့၌ ယုံမှားမှုကို ပယ် ဖျောက်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အမှီကောင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မကြာမီပင်လျှင် ကုသိုလ်တရားတို့၌ များမြတ် ခြင်း ပြန့်ပြောခြင်းသို့ ရောက်၏ဟု မိန့်တော်မူ၏။ 20

၁ဝ - ဒုတိယ ပါပဏိကသုတ်၊ ရထကာရဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္ထိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, November 2, 2009

မည်သည့်အသားဟင်းမျိုး စားသင့် မစားသင့်...

ဇီဝကသုတ်

မည်သည့်အသားဟင်းမျိုး စားသင့် မစားသင့်...

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် အဘယမင်းသား မွေးစားသော ဇီဝက၏ သရက်ဥယျာဉ်၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ အဘယမင်းသား မွေးစားသော ဇီဝကသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ''အသျှင်ဘုရား တပည့်တော်သည် ဤသို့သော စကားကို ကြားဖူးပါ၏-

'ရဟန်းဂေါတမကို ရည်ညွှန်း၍ သတ္တဝါကို သတ်ကြ ကုန်၏၊ ရည်ညွှန်း၍ ပြုသော မိမိကို စွဲ၍ ပြုသော ထိုအသားကို ရဟန်းဂေါတမသည် သိလျက် သုံးဆောင် စားသောက်၏' ဟု ကြားရပါသည်။ အသျှင်ဘုရား 'ရဟန်းဂေါတမကို ရည်ညွှန်း၍ သတ္တဝါကို သတ်ကြ ကုန်၏၊ ရည်ညွှန်း၍ ပြုသော မိမိကို စွဲ၍ ပြုသော ထိုအသားကို ရဟန်းဂေါတမသည် သိလျက် သုံးဆောင် စားသောက်၏' ဟု ဤသို့ ပြောဆိုသော သူတို့သည် မြတ်စွာဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ကြပါ ကုန်၏လော၊ မြတ်စွာဘုရားကို မဟုတ် မမှန်သော အားဖြင့် မစွပ်စွဲဘဲလည်း ရှိကြပါ ကုန်၏လော၊ အကြောင်းမှန်ကိုလည်း အကြောင်းမှန် အားလျော်စွာ ပြောကြားကြပါ ကုန်၏လော၊ မြတ်စွာဘုရား၏ စကားကို လိုက်၍ ပြောဆိုခြင်းသည် သူတစ်ပါး ကဲ့ရဲ့အပ်သော အကြောင်းရှိသည် ဖြစ်၍ ကဲ့ရဲ့စရာ အကြောင်းသည် အနည်းငယ်မျှ မဖြစ်ပါ သလော'' ဟု လျှောက်၏။ 51


ဇီဝက ''ရဟန်းဂေါတမကို ရည်ညွှန်း၍ သတ္တဝါကို သတ်ကြ ကုန်၏၊ ရည်ညွှန်း၍ ပြုသော မိမိကို စွဲ၍ ပြုသော ထိုအသားကို ရဟန်းဂေါတမသည် သိလျက် သုံးဆောင် စားသောက်၏'' ဟု ပြောဆိုကြသော သူတို့သည် ငါ၏ စကားကို လိုက်၍ ပြောဆိုသူများ မဟုတ်ကုန်၊ ငါ့ကို မဟုတ် မမှန်သော အားဖြင့် စွပ်စွဲကြ ကုန်၏။ ဇီဝက သုံးပါးသော အကြောင်းတို့ဖြင့် အသားကို မသုံးဆောင်ကောင်း ဟူ၍ ငါ ဟောကြား၏။ မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်း ဟူသော ဤသုံးပါးသော အကြောင်းတို့ဖြင့် အသားကို မသုံးဆောင်ကောင်း ဟူ၍ ငါ ဟောကြား၏။ ဇီဝက သုံးပါးသော အကြောင်းတို့ဖြင့် အသားကို သုံးဆောင် ကောင်း၏ ဟူ၍ ငါ ဟောကြား၏။ မမြင်ခြင်း၊ မကြားခြင်း၊ ယုံမှား မရှိခြင်း ဟူသော ဤသုံးပါးသော အကြောင်းတို့ဖြင့် အသားကို သုံးဆောင် ကောင်း၏ ဟူ၍ ငါ ဟောကြား၏။ 52

ဇီဝက ဤသာသနာတော်၌ ရဟန်းသည် တစ်ခုခုသော ရွာကို လည်းကောင်း နိဂုံးကိုလည်း ကောင်းမှီ၍ နေ၏၊ ထိုရဟန်းသည် ချစ်ခြင်း 'မေတ္တာ' နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့ စေ၍နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်ကို။ သုံးခုမြောက် အရပ်ကို။ လေးခုမြောက် အရပ်ကို။ ဤနည်းဖြင့် အထက် အောက် ဖီလာ အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံး ပါရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍နေ၏။

ထိုရဟန်းကို သူကြွယ်သည် လည်းကောင်း၊ သူကြွယ်၏သားသည် လည်းကောင်း ချဉ်းကပ်၍ နက်ဖြန် အတွက် ဆွမ်းစား ပင့်၏၊ ဇီဝက ရဟန်းသည် အလိုရှိသည် ဖြစ်၍ သာလျှင် လက်ခံ၏။ ထိုရဟန်းသည် ထိုညဉ့်ကို လွန်သဖြင့် နံနက် အချိန်၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ် သင်္ကန်းကို ယူ၍ သူကြွယ်၏ လည်းကောင်း၊ သူကြွယ်သား၏ လည်းကောင်း အိမ်သို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေ၏။ ထိုရဟန်းကို ထိုသူကြွယ်သည် လည်းကောင်း၊ ထိုသူကြွယ်၏ သားသည် လည်းကောင်း မွန်မြတ်သော ဆွမ်းဖြင့် လုပ်ကျွေး၏၊ ထိုရဟန်းအား ''ငါ့အား ဤသူကြွယ်သည် လည်းကောင်း၊ သူကြွယ်၏သားသည် လည်းကောင်း မွန်မြတ်သော ဆွမ်းဖြင့် လုပ်ကျွေးပါမူ ကောင်းလေစွ'' ဟု ဤသို့သော အကြံသည် မဖြစ်၊ ''ငါ့အား ဤသူကြွယ်သည် လည်းကောင်း၊ ဤသူကြွယ်၏သားသည် လည်းကောင်း နောင်အခါ၌လည်း ဤသို့သော မွန်မြတ်သော ဆွမ်းဖြင့် လုပ်ကျွေးပါမူ ကောင်းလေစွ'' ဟု ဤသို့လည်း ထိုရဟန်းအား အကြံသည် မဖြစ်၊ ထိုရဟန်းသည် ထိုဆွမ်းကို မတပ်မက် မတွေဝေ မစွဲလမ်း မူ၍ အပြစ်ကို ရှုလေ့ ရှိသည် ဖြစ်၍ လွတ်မြောက်ကြောင်း အဆင်အခြင် ရှိသည် ဖြစ်၍ သုံးဆောင်၏။

ဇီဝက ထိုစကားကို သင် အဘယ်သို့ မှတ်ထင် သနည်း၊ ထိုရဟန်းသည် ထိုအခါ၌ မိမိ ဆင်းရဲခြင်းငှါလည်း စေ့ဆော်သလော၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း စေ့ဆော် သလော၊ မိမိ သူတစ်ပါး နှစ်ဦးလုံး ဆင်းရဲခြင်းငှါလည်း စေ့ဆော်သလော ဟု မေးတော်မူ၏။
အသျှင်ဘုရား မစေ့ဆော်ပါ ဟုလျှောက်၏။

ဇီဝက ထိုရဟန်းသည် ထိုအခါ၌ အပြစ် မရှိသည် သာလျှင် ဖြစ်သော အာဟာရကို
သုံးဆောင်သည် မဟုတ်လော ဟု မေးတော် မူ၏။
အသျှင်ဘုရား မှန်ပါသည် ဟု လျှောက်၏။

အသျှင်ဘုရား ''ဗြဟ္မာသည် မေတ္တာဖြင့် နေလေ့ရှိ၏'' ဟူသော ဤစကားကို တပည့်တော် ကြားဖူးပါသည်၊ အသျှင်ဘုရား ထိုဗြဟ္မာကြီး ဟူသည် ဤသည်ပင်တည်း ဟု မြတ်စွာဘုရားကို အကျွန်ုပ် မျက်မြင် တွေ့ရပါသည်၊ အသျှင်ဘုရား မြတ်စွာဘုရားသည် မေတ္တာဖြင့် နေလေ့ ရှိတော် မူပါပေသည်ဟု လျှောက်၏။

ဇီဝက အကြင် ရာဂကြောင့် လည်းကောင်း၊ ဒေါသကြောင့် လည်းကောင်း၊ မောဟကြောင့် လည်းကောင်း ဆင်းရဲ ဖြစ်ရာ၏၊ ငါဘုရားသည် ထိုရာဂ ဒေါသ မောဟကို ပယ်ပြီးပြီ၊ အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာ ကဲ့သို့ ပြုပြီးပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ ဖြစ်ခြင်း သဘော မရှိတော့ချေ။ ဇီဝက သင်သည် ဤသဘောကို ရည်ရွယ်လျက် အကယ်၍ ပြောဆို
သည် ဖြစ်အံ့၊ ''ငါဘုရားသည် သင်၏ ထိုစကားကို ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။

အသျှင်ဘုရား တပည့်တော်သည် ဤသဘောကိုသာလျှင် ရည်ရွယ်၍ ပြောဆိုပါ၏ ဟု လျှောက်၏။ 53

ဇီဝက ဤသာသနာတော်၌ ရဟန်းသည် တစ်ခုခုသော ရွာကို လည်းကောင်း၊ နိဂုံးကို လည်းကောင်း အမှီပြု၍ နေ၏၊ ထိုရဟန်းသည် သနားခြင်း 'ကရုဏာ' နှင့်ယှဉ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း 'မုဒိတာ' နှင့် ယှဉ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း 'ဥပေက္ခာ' နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်ကို။ သုံးခုမြောက် အရပ်ကို။ လေးခုမြောက် အရပ်ကို။ ဤနည်းဖြင့် အထက် အောက် ဖီလာ အရပ်ကို ပျံ့နှံ့ စေ၍ နေ၏။ အလုံးစုံသော အရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့် တူစွာ သတ္တဝါ အားလုံး ပါရှိသော သတ္တ လောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြား မရှိသော ရန်မရှိသော ကြောင့်ကြ မရှိသော လျစ်လျူရှုခြင်း 'ဥပေက္ခာ' နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့ စေ၍ နေ၏။

ထိုရဟန်းကို သူကြွယ်သည် လည်းကောင်း၊ သူကြွယ်၏ သားသည် လည်းကောင်း ချဉ်းကပ်၍ နက်ဖြန် အတွက် ဆွမ်းစား ပင့်၏၊ ဇီဝက ရဟန်းသည် အလိုရှိသည် ဖြစ်၍ သာလျှင် လက်ခံ၏။ ထိုရဟန်းသည် ထိုညဉ့်ကို လွန်သဖြင့် နံနက် အချိန်၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ် သင်္ကန်းကို ယူ၍ သူကြွယ်၏ လည်းကောင်း၊ သူကြွယ်သား၏ လည်းကောင်း အိမ်သို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေ၏။ ထိုရဟန်းကို ထိုသူကြွယ်သည် လည်းကောင်း၊ ထိုသူကြွယ်၏ သားသည် လည်းကောင်း မွန်မြတ်သော ဆွမ်းဖြင့် လုပ်ကျွေး၏၊ ထိုရဟန်းအား ''ငါ့အား ဤသူကြွယ်သည် လည်းကောင်း၊ ဤသူကြွယ်၏ သားသည် လည်းကောင်း မွန်မြတ်သော ဆွမ်းဖြင့် လုပ်ကျွေးပါမူ ကောင်းလေစွ'' ဟု ဤသို့သော အကြံသည် မဖြစ်၊ ''ငါ့အား ဤသူကြွယ်သည် လည်းကောင်း၊ ဤသူကြွယ်၏ သားသည် လည်းကောင်း နောင်အခါ၌လည်း ဤသို့သော မွန်မြတ်သော ဆွမ်းဖြင့် လုပ်ကျွေးပါမူ ကောင်းလေစွ'' ဟု ဤသို့လည်း ထိုရဟန်းအား အကြံ မဖြစ်၊ ထိုရဟန်းသည် ထိုဆွမ်းကို မတပ်မက် မတွေဝေ မစွဲလမ်းမူ၍ အပြစ်ကို ရှုလေ့ ရှိသည် ဖြစ်၍ လွတ်မြောက်ကြောင်း အဆင်အခြင် ရှိသည် ဖြစ်၍ သုံးဆောင်၏။

ဇီဝက ထိုစကားကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ထိုရဟန်းသည် ထိုအခါ၌ မိမိ ဆင်းရဲခြင်းငှါလည်း စေ့ဆော်သလော၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း စေ့ဆော်သလော၊မိမိ သူတစ်ပါး နှစ်ဦးလုံး ဆင်းရဲခြင်းငှါလည်း စေ့ဆော်သလော ဟု မေးတော်မူ၏။
အသျှင်ဘုရား မစေ့ဆော်ပါ ဟု လျှောက်၏။

ဇီဝက ထိုရဟန်းသည် ထိုအခါ၌ အပြစ်မရှိသည် သာလျှင် ဖြစ်သော အာဟာရကို သုံးဆောင်သည် မဟုတ်လော ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါသည် (ဟု လျှောက်၏)။ အသျှင်ဘုရား ''ဗြဟ္မာသည် ဥပေက္ခာဖြင့် နေလေ့ ရှိ၏'' ဟူသော ဤစကားကို တပည့်တော် ကြားဖူးပါသည်၊ အသျှင်ဘုရား ထိုဗြဟ္မာကြီး ဟူသည် ဤသည်ပင်တည်း ဟု မြတ်စွာဘုရားကို အကျွန်ုပ် မျက်မြင် တွေ့ရပါသည်၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ဥပေက္ခာဖြင့် နေလေ့ရှိတော် မူပါပေသည် ဟုလျှောက်၏။

ဇီဝက အကြင် ရာဂကြောင့် လည်းကောင်း ဒေါသကြောင့် လည်းကောင်း မောဟကြောင့် လည်းကောင်း ဆင်းရဲခြင်း မမွေ့လျော်ခြင်း အမျက် ထွက်ခြင်း ဖြစ်ရာ၏၊ ငါဘုရားသည် ထိုရာဂ ဒေါသ မောဟကို ပယ်ပြီးပြီ၊ အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာ ကဲ့သို့ ပြုပြီးပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ ဖြစ်ခြင်း သဘော မရှိတော့ချေ။ ဇီဝက သင်သည် ဤသဘောကို ရည်ရွယ်၍ အကယ်၍ ပြောဆိုသည် ဖြစ်အံ့၊ ''ငါဘုရားသည် သင်၏ ထိုစကားကို ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။
အသျှင်ဘုရား တပည့်တော်သည် ဤသဘောကို သာလျှင် ရည်ရွယ်၍ ပြောဆို
ပါ၏ ဟု လျှောက်၏။ 54

ဇီဝက မြတ်စွာဘုရားကို လည်းကောင်း မြတ်စွာဘုရား၏ တပည့်သားကို လည်းကောင်း ရည်ညွှန်း၍ သတ္တဝါကို သတ်ဖြတ် ညှဉ်းဆဲသော ထိုသူကြွယ်သည် ငါးပါးသော အကြောင်းတို့ဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွါးစေ၏။ ထိုသူကြွယ်သည် ''သွားကြ လေကုန်၊ ဤမည်သော သတ္တဝါကို ဆောင်ယူ ခဲ့ကြကုန်'' ဟု ဤသို့ ပြောဆိုသော ဤရှေးဦးစွာသော အကြောင်းဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွါးစေ၏။ ထိုသူသည် လည်ပင်း၌ ဖွဲ့ချည်၍ အဆောင် ခံရသော သတ္တဝါ၏ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ခံစားရခြင်း ဟူသော ဤနှစ်ခုမြောက်သော အကြောင်းဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွါးစေ၏။ ထိုသူသည် ''သွားကြကုန်၊ ဤသတ္တဝါကို သတ်ခဲ့ကြလေကုန်''ဟု ဤသို့ ပြောဆိုသော ဤသုံးခုမြောက် အကြောင်းဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွါးစေ၏။ ထိုသူသည် အသတ်ခံရသော သတ္တဝါ၏ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ခံစားရခြင်း ဟူသော ဤလေးခုမြောက် အကြောင်းဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွါးစေ၏။ ထိုသူသည် မြတ်စွာဘုရားကို လည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သားကို လည်းကောင်း မအပ်သော အသားမျိုးဖြင့် အရှိန် အစော် မဲ့စေခြင်း ဟူသော ဤငါးခု မြောက် အကြောင်းဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွါးစေ၏။

ဇီဝက မြတ်စွာဘုရားကို လည်းကောင်း မြတ်စွာဘုရား၏ တပည့်သားကို လည်းကောင်း ရည်ညွှန်း၍ သတ္တဝါကို သတ်ဖြတ် ညှဉ်းဆဲသော သူသည် ဤငါးပါးသော အကြောင်းတို့ဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွါး စေ၏။

ဤသို့ မိန့်တော်မူသော် အဘယမင်းသား မွေးစားသော ဇီဝကသည် မြတ်စွာ ဘုရားအား ''အသျှင်ဘုရား အံ့ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား အပ်သော အာဟာရကိုသာလျှင် ရဟန်းတော်တို့သည် သုံးဆောင် ကြပေကုန်စွ တကား။ အသျှင်ဘုရား ရဟန်းတော်တို့သည် အပြစ် မရှိသော အာဟာရကိုသာလျှင် သုံးဆောင်ကြပေကုန်စွတကား။ အသျှင်ဘုရား တရား တော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေစွ။ပ။

မြတ်စွာဘုရားသည် တပည့်တော်ကို ယနေ့မှ အစပြု၍ အသက်ထက်ဆုံး ရတနာ သုံးပါးကို ကိုးကွယ် ဆည်းကပ် တတ်သော ဥပါသကာ ဟူ၍ မှတ်တော်မူပါ ဟု လျှောက်ထားလေ၏။ 55

၅ - ဇီဝကသုတ်၊ ဂဟပတိဝဂ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


သက်သတ်လွတ် သတ်သတ်လွတ်

Sunday, November 1, 2009

ဤသည်ပင်လျှင် ဆင်းရဲ၏ အဆုံးတည်း...

စတုတ္ထနိဗ္ဗာနပဋိသံယုတ္တသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့် စပ်သော တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေတော်မူ၏။

ထိုရဟန်းတို့သည် အရိုအသေပြု၍ နှလုံးသွင်းလျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ပြီးလျှင် နားစိုက်ကာ တရားကို နာကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌-

''ရုပ်အစရှိသော သင်္ခါရ၌ တဏှာ ဒိဋ္ဌိတို့ဖြင့် မှီသောသူအား တဏှာ ဒိဋ္ဌိတို့ဖြင့် တုန်လှုပ်၏။ တဏှာဒိဋ္ဌိတို့ဖြင့် မမှီသောသူအား တုန်လှုပ်မှု မရှိ၊ တုန်လှုပ်မှု မရှိသော် ငြိမ်းအေး၏။ ငြိမ်းအေးမှု ရှိလတ်သော် ညွတ်မှုတဏှာ မဖြစ်၊ ညွတ်မှု တဏှာ မရှိသော် ပဋိသန္ဓေအားဖြင့် ဤဘဝသို့ လာခြင်း, စုတေအားဖြင့် ထိုဘဝသို့ သွားခြင်း မဖြစ်၊ လာခြင်း သွားခြင်း မရှိသော် စုတေခြင်း ပဋိသန္ဓေနေခြင်း မဖြစ်၊ စုတေခြင်း ပဋိသန္ဓေနေခြင်း မရှိသော် မျက်မှောက်ဘဝ၌ လည်းကောင်း၊ တမလွန်ဘဝ၌ လည်းကောင်း၊ နှစ်ပါးစုံဘဝ၌ လည်းကောင်း မဖြစ်တော့လတ္တံ့။ ဤသည်ပင်လျှင် ဆင်းရဲ၏ အဆုံးတည်း'' ဟု ဤ ဥဒါန်းကို ကျူးရင့်တော်မူ၏။ 74

၎ - စတုတ္ထနိဗ္ဗာနပဋိသံယုတ္တသုတ်၊ ပါဋလိဂါမိယဝဂ်၊ ဥဒါန်းပါဠိတော်၊

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။