နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။

သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Wednesday, September 30, 2009

အနုမောဒနာပြုရမည့် ဝတ်ကိုပြဆိုခြင်း...

အနုမောဒနာပြုရမည့် ဝတ်ကိုပြဆိုခြင်း

ထိုအခါက ရဟန်းတို့သည် ဆွမ်းစား ဇရပ်၌ အနုမောဒနာ မပြုကုန်။
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရား အနွယ်တော် ဖြစ်သော ရဟန်းတို့သည် ဆွမ်းစား ဇရပ်၌ အနုမောဒနာ မပြုကုန်ဘိ သနည်း'' ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချ ကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

(ရှေးသူတော်ကောင်းများက ဆွမ်းကပ်ပြီးနောက် တရားမဟောသည့် အတွက် ရဟန်းတို့ကို ကဲ့ရဲ့ကြပါသည်၊ ယခုသော်ကား ကဲရဲ့ဖို့ နေနေသာသာ၊ တရားဆို တိုမှ ဖြစ်ကုန်ကြပါပြီ။)


ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာတည်း။ ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏၊

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ ဆွမ်းစားဇရပ်၌ အနုမောဒနာ ပြုခြင်းငှါ ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။

ထိုအခါ ထိုရဟန်းတို့အား ''အဘယ် ရဟန်းသည် ဆွမ်းစား ဇရပ်၌ အနုမောဒနာ ပြုသင့် သနည်း'' ဟု အကြံဖြစ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ မထေရ်ကြီး ရဟန်းကို ဆွမ်းစား ဇရပ်၌ အနုမောဒနာပြုခြင်းငှါ ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။

ထိုအခါ အသင်း တစ်သင်းသည် သံဃာကို ဆွမ်းကျွေး၏၊ အသျှင် သာရိပုတြာသည် သံဃထေရ်ဖြစ်၏၊ ရဟန်းတို့သည် ''မထေရ်ကြီး ရဟန်းကို ဆွမ်းစား ဇရပ်၌ အနုမောဒနာ ပြုခြင်းငှာ မြတ်စွာဘုရား ခွင့်ပြုတော်မူ၏'' ဟု အသျှင် သာရိပုတြာကို တစ်ပါးတည်း ချန်ထားခဲ့၍ ဖဲသွား ကုန်၏။ ထိုအခါအသျှင် သာရိပုတြာသည် ထိုလူတို့ကို အနုမောဒနာ ပြုပြီးလျှင် နောက်မှ တစ်ပါးတည်း ကြွ၏၊

မြတ်စွာဘုရားသည် အဝေးမှ တစ်ပါးတည်း လာသော အသျှင်သာရိပုတြာကို မြင်၍ ''သာရိပုတြာ အသို့နည်း၊ ဆွမ်းသည် ပြည့်စုံ၏လော'' ဟု မိန့်တော်မူ၏။ မြတ်စွာဘုရား ဆွမ်းသည် ပြည့်စုံပါ၏၊ သို့ပြည့်စုံပါငြားလည်း ရဟန်းတို့သည် အကျွန်ုပ်ကို တစ်ဦးတည်း ချန်ထားခဲ့၍ ဖဲသွား ပါကုန်၏'' ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော် မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ ဆွမ်းစား ဇရပ်၌ မထေရ်ကြီး မထေရ်ငယ် ရဟန်းလေးပါး ငါးပါးတို့ကို ဆိုင်းငံ့ စိမ့်သောငှာ ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။

ထိုအခါ မထေရ်တစ်ပါးသည် ဆွမ်းစား ဇရပ်၌ ကျင်ကြီး နှိပ်စက်သော်လည်း ဆိုင်းငံ့၏၊ ထိုမထေရ်သည် ကျင်ကြီးကို မအောင့်နိုင်ဘဲ တွေဝေလျက် လဲကျ၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြ ကုန်၏။ ရဟန်းတို့ ပြုဖွယ်ကိစ္စ ရှိလတ်သော် အနီး၌ ရှိသော ရဟန်းကို ပန်ကြား၍ သွားရန် ခွင့်ပြု၏ ဟု မိန့်တော်မူ၏။ 362

(မြတ်စွာဘုရား၏ စကားတော်ကို ပင်ပန်းဆင်းရဲခံကာ မြေဝယ်မကျ နားထောင်ခဲ့သော သူတော်ကောင်းဓာတ်ကို လေးစားကြည်ညိုမိပါသည်။ ဘုရားသားတော်တို့သည် မြတ်စွာဘုရား၏ စကားတော်ကို ဤသို့ လိုက်နာဖို့ သင့်လှပေသည်။)


၎ - အနုမောဒနာပြုရမည့် ဝတ်ကိုပြဆိုခြင်း၊ ဝတ္တက္ခန္ဓက၊ စူဠဝဂ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, September 29, 2009

ဉာဏ်ပညာနှင့်ပြည့်စုံသူ... မုနိသုတ်-

မုနိသုတ်- (ဉာဏ်ပညာနှင့်ပြည့်စုံသူ၊ ရဟန်း၊ ဘုရား၊ ရဟန္တာ။)

တဏှာ ဒိဋ္ဌိဟူသော ပေါင်းသင်းဆက်ဆံမှုကြောင့် ကိလေသာဘေး ဖြစ်ရ၏၊ အာရုံခြောက်ပါး တည်းဟူသော အိမ်မှ ကိလေသာမြူ ဖြစ်ရ၏၊ ကိလေသာ အိမ်မရှိသော ပေါင်းသင်းဆက်ဆံမှု မရှိသော ဤနိဗ္ဗာန်ကို ဘုရားတည်း ဟူသော မုနိသည် မြင်နိုင်စွမ်း ပေစွတကား။ 209-1

အကြင် မြတ်စွာဘုရားသည် ဖြစ်ခဲ့ဖူးသော ကိလေသာကို အကြွင်းမဲ့ ပယ်ဖြတ်ပြီး၍ နောင်ဖြစ်ပေါ်လာမည့် ကိလေသာကိုလည်း မစိုက်မပျိုးတော့ပေ၊ ကိလေသာ ဖြစ်ပေါ်လာမည့် အကြောင်းကိုလည်း မဝင်ရောက်စေ၊ ထိုမြတ်စွာ ဘုရားကို မုနိတို့တွင် ကိလေသာ အဖော်မမှီး တစ်ပါးတည်း လှည့်လည် ကြွသွားတတ်သော မုနိဟူ၍ ဆိုကြကုန်၏၊ သီလဂုဏ် ကျေးဇူးကို ရှာမှီးသော ထိုမြတ်စွာဘုရားတည်းဟူသော မုနိသည် ငြိမ်းအေးသော နိဗ္ဗာန်ကို မြင်တော်မူပြီ။ 210-2

အကြင် မြတ်စွာဘုရားသည် ကိလေသာ၏ တည်ရာ ခန္ဓာစသော မြေရာတို့ကို ဉာဏ်ဖြင့် ဆင်ခြင် ပိုင်းခြား၍ အဘိသင်္ခါရဝိညာဉ်ဟူသော မျိုးစေ့ကို ဖျက်ဆီးပြီးလျှင် တဏှာဒိဋ္ဌိဟူသော အစေးကို ထိုမျိုးစေ့သို့ မသက်ဝင်စေ၊ ဇာတိ ကုန်ရာ နိဗ္ဗာန်ကို မြင်သော ထိုမြတ်စွာဘုရားတည်းဟူသော မုနိသည် အကုသလဝိတက်ကို ပယ်ပြီး၍ သတ္တဝါဟူသော ခေါ်ဝေါ်ခြင်းသို့ မရောက်နိုင်တော့ပေ။ 211-3

အကြင် မြတ်စွာဘုရားသည် ကာမဘဝစသော နေရာ အိမ်အားလုံးတို့ကို သိသောကြောင့် ထိုနေရာအိမ်တို့တွင် တစ်ပါးပါးသော အိမ်ကိုမျှလည်း မတောင့်တ၊ ထိုမြတ်စွာဘုရားတည်းဟူသော မုနိသည် မက်မောမှု တဏှာကင်းသည် တပ်မက်မှု မရှိသည်ဖြစ်၍ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်ပြီး ဖြစ်ရကား ကုသိုလ် အကုသိုလ်ကံကို အားမထုတ်တော့ပေ။ 212-4

ခန္ဓာစသောတရားအားလုံးကို နှိမ်နင်းပြီးသော တရားအားလုံးကို သိပြီးသော ကောင်းသော ပညာရှိသော ခန္ဓာစသော တရားအားလုံးတို့၌ တဏှာဒိဋ္ဌိအားဖြင့် မလိမ်းကျံသော ခန္ဓာစသော တရား အားလုံးကို စွန့်ပယ်ပြီးသော တဏှာကုန်ရာ နိဗ္ဗာန်၌ ညွတ်သော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 213-5

ပညာတည်းဟူသော အားရှိသော သီလအကျင့်နှင့် ပြည့်စုံသော ကောင်းစွာ တည်ကြည်သော ဈာန်၌ မွေ့လျော်သော သတိရှိကာ ကပ်ငြိမှု 'ရာဂ' မှ လွတ်သော ငါးပါးသော ငြောင့်တံသင်း မရှိသော အာသဝေါ မရှိသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 214-6

တစ်ပါးတည်း လှည့်လည်သွားလာသော မောနေယျအကျင့်နှင့် ပြည့်စုံသော မမေ့မလျော့သော ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းတို့ကြောင့် တုန်လှုပ်မှု မရှိသော အသံတို့ကြောင့် မထိတ်လန့်သော ခြင်္သေ့မင်း ကဲ့သို့ အနိစ္စစသည်တို့ကြောင့် မထိတ်လန့်သော ပိုက်ကွန်၌ မကပ်ငြိသော လေကဲ့သို့ ခန္ဓာ စသည်တို့၌ မကပ်ငြိသော ရေဖြင့် မလိမ်းကျံ မကပ်ငြိသော ကြာကဲ့သို့ လောကဖြင့် မလိမ်းကျံ မကပ်ငြိသော သူတစ်ပါးတို့ကို အရိယမဂ်ဖြင့် ဆောင်တတ်သော မိမိကိုမူ သူတစ်ပါးက မဆောင်အပ်သော ထိုပုဂ္ဂိုလ် ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 215-7

အကြင်သူသည် သူတစ်ပါးတို့ ပြောဆိုသော ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းစသော စကားကြောင့် ဝမ်းမြောက်ခြင်း ဝမ်းနည်းခြင်း မဖြစ်မူ၍ ရေချိုးဆိပ်၌ ကြေးပွတ်တိုင်ကဲ့သို့ ဖြစ်၏၊ ထိုသို့ သဘော ရှိသော တပ်စွန်းမှု 'ရာဂ' ကင်းသော ကောင်းစွာ ထားအပ်သော ဣနြေ္ဒရှိသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 216-8

အကြင်ပုဂ္ဂိုလ်သည် စင်စစ် တည်ကြည်သော စိတ်ရှိ၏၊ ယက်ဖောက်ကဲ့သို့ ဖြောင့်၏၊ ယုတ်မာသော အကုသိုလ်ကံတို့ကို စက်ဆုပ်၏၊ မညီညွတ်မှု ကာယဝိသမစသည်ကို လည်းကောင်း၊ ညီညွတ်မှု (ကာယသမစသည်) ကို လည်းကောင်း စုံစမ်းဆင်ခြင် တတ်၏၊ ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 217-9

အကြင်ပုဂ္ဂိုလ်သည် ကမ္မဒွါရတို့၌ စိတ်ကို ကောင်းစွာ စောင့်စည်း၏၊ စောင့်စည်းသော စိတ်ရှိသည် ဖြစ်ရကား ပဌမအရွယ်၌ တည်သည်ဖြစ်၍ လည်းကောင်း၊ မဇ္ဈိမအရွယ်၌ တည်သည်ဖြစ်၍ လည်းကောင်း မကောင်းမှုကို မပြု၊ ထို ရဟန္တာမုနိကို ကိုယ် နှုတ်တို့ဖြင့် ထိပါး ခြုတ်ခြယ်ခြင်းငှါ မထိုက်၊ ထိုမုနိသည်လည်း တစ်စုံတစ်ယောက်ကိုမျှ မထိပါး မခြုတ်ခြယ်၊ ထိုပုဂ္ဂိုလ်ကို လည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 218-10

စားဦးစားဖျားမှသော် လည်းကောင်း၊ စားနေဆဲတစ်ဝက်တစ်ပျက် အလယ်မှသော်
လည်းကောင်း၊ စားပြီး အကြွင်းအကျန်မှသော် လည်းကောင်း ဆွမ်းကို ရခဲ့မူ သူတစ်ပါးတို့ ပေးသည်ကိုမှီ၍ အသက်မွေးရသူ ရဟန်းသည် အဦး အဖျားရသဖြင့်လည်း ချီးမွမ်းရန် မထိုက်၊ အကြွင်းအကျန် ရသဖြင့်လည်း ဆန့်ကျင်ဘက် စကား ပြောရန်မထိုက်၊ ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 219-11

အကြင်သူသည် ပျိုမျစ်နုနယ် ငယ်ရွယ်စဉ် အချို့သော မိန်းမအဆင်း၌ မေထုန် ရာဂဖြင့် မကပ်ငြိ မဖွဲ့ယှက်၊ မောနေယျ အကျင့်နှင့် ပြည့်စုံလျက် လှည့်လည်နေသော မေထုန်အကျင့်မှလည်း ကင်းလွတ်၍ မာန်ယစ်ခြင်း မေ့လျော့ ခြင်းမှလည်း ကင်းလွတ်သော ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်သော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 220-12

ခန္ဓာစသော လောကကို ပိုင်းခြားသိ၍ မြတ်သော နိဗ္ဗာန်ပရမတ္ထသစ္စာကို မြင်ပြီးသော သြဃလေးပါးနှင့် ခန္ဓာ အာယတနစသော သမုဒ္ဒရာကို ကူးမြောက်ပြီး၍ တာဒိလက္ခဏာသို့ ရောက်ပြီးသော ထိုသို့ သဘောရှိသော ထုံးဖွဲ့မှု 'ဂန္တ' ကို ဖြတ်ပြီးသော (တဏှာဒိဋ္ဌိကို) မမှီသော အာသဝေါကင်းသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 221-13

ရဟန်းနှင့်လူ နှစ်ယောက်သူတို့သည် မတူညီကြကုန်၊ ဝေးသောနေရာ သေးငယ်သော အသက်မွေးမှု ရှိကုန်၏၊ လူသည် သားမယားကို လုပ်ကျွေး၏၊ ရဟန်းသည် မက်မောခြင်းလည်း ကင်း၍ အကျင့်လည်း ကောင်း၏၊ လူသည် တစ်ပါးသော သတ္တဝါတို့ကို သတ်ဖြတ်မှုမှ မစောင့်စည်း၊ ရဟန်းသည် အမြဲ စောင့်စည်းသည်ဖြစ်၍ သတ္တဝါတို့ကို စောင့်ရှောက်၏။ 222-14

ဦးစွန်းရှိသော စိမ်းညိုသော လည်ရှိသော ဥဒေါင်းငှက်သည် ဟင်္သာ၏ လျင်မြန်ခြင်းကို တစ်ရံတစ်ခါမျှ မမီနိုင် သကဲ့သို့ ဤအတူ လူသည် မုနိဟု ဆိုအပ်သော ကိလေသာမှ ကင်းဆိတ်၍ တော၌ ဈာန်ဝင်စားလေ့ရှိသော ရဟန်း၏ လျင်မြန်ခြင်းကို အတုလိုက်၍ မပြုနိုင် ဟု မိန့်တော်မူ၏။ 223-15

၁၂ - မုနိသုတ်၊ ဥရဂဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, September 28, 2009

မျှတသော အသက်မွေးခြင်း...



ပဌမ သမဇီဝီသုတ် - (မျှတသော အသက်မွေးခြင်း)

တမလွန် ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန်...

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ်
သားတို့အား ဘေးမဲ့ပေးရာ ဘေသကဠတော၌ သီတင်းသုံး နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူလျက် နကုလပိတာ သူကြွယ်အိမ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။ ထိုအခါ နကုလပိတာ သူကြွယ်နှင့် နကုလမာတာသူကြွယ်မတို့သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကုန်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးလျှင် နကုလပိတာ သူကြွယ်သည် မြတ်စွာဘုရားအား-

''အသျှင်ဘုရား တပည့်တော်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ နကုလမာတာ သူကြွယ်မကို ထိမ်းမြား ယူဆောင်ခဲ့သည်မှ စ၍ စိတ်မျှဖြင့်လည်း နကုလမာတာ သူကြွယ်ကို လွန်၍ ကျင့်မိသည်ဟု တပည့်တော် မသိစဖူးပါ၊ ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါ ကုန်၏'' ဟု လျှောက်၏။

နကုလမာတာ သူကြွယ်မကလည်း မြတ်စွာဘုရားအား ''အသျှင်ဘုရား နကုလပိတာ သူကြွယ်သည် ငယ်ရွယ် စဉ်ကပင် ငယ်ရွယ်သူ တပည့်တော်မကို ထိမ်းမြား ယူဆောင်ခဲ့သည်မှစ၍ စိတ်မျှဖြင့်လည်း နကုလပိတာ သူကြွယ်ကို လွန်၍ ကျင့်မိသည် ဟု တပည့်တော်မ မသိစဖူးပါ၊ ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လို ပါကုန်၏'' ဟု လျှောက်၏။

ဒါယကာတို့ လင်မယားနှစ်ဦးလုံးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန် တမလွန် ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန် အကယ်၍ အလိုရှိကုန်အံ့၊ နှစ်ဦးလုံးတို့သည် တူမျှသော သဒ္ဓါတရား ရှိကုန်ရာ၏၊ တူမျှသော သီလရှိကုန်ရာ၏၊ တူမျှသော စွန့်ကြဲမှု 'စာဂ' ရှိကုန်ရာ၏၊ တူမျှသော ပညာ ရှိကုန်ရာ၏၊ ယင်းသို့ ဖြစ်သော် ထို လင်မယားနှစ်ဦးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်လတ္တံ့ ဟု မိန့်တော်မူ၏။

လင်မယားနှစ်ဦးလုံးတို့ပင် သဒ္ဓါတရားနှင့်လည်း ပြည့်စုံကုန်၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကိုလည်း သိကုန်၏၊ ကိုယ် နှုတ် နှလုံးကို စောင့်စည်းကြကုန်၏၊ ထို လင်မယားနှစ်ဦးလုံးတို့သည် အချင်းချင်း ချစ်ဖွယ်သော စကားကို ပြောဆိုကြ ကုန်လျက်တရားသဖြင့် အသက်မွေးကြကုန်၏။

တူမျှသော သီလရှိကုန်သော လင်မယား နှစ်ဦးလုံးတို့အား အကျိုးစီးပွါးတို့သည် များပြားကုန်၏၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်၏၊ ရန်သူတို့ နှလုံး မသာဖွယ် ဖြစ်ကုန်၏။ တူမျှသော သီလ ရှိကုန်သော လင်မယားနှစ်ဦးလုံးတို့သည် ဤလူ့ဘဝ၌တရားကို ကျင့်ကြကုန်၍ နတ်ပြည် လောက၌ အလုံးစုံသော ကာမဂုဏ်အာရုံတို့ကို လိုတိုင်းရ ကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်ရကုန် သတည်း။ 55

၅ - ပဌမ သမဇီဝီသုတ်၊ ပညာဘိသန္ဒဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ငါ့ကိုဤသို့ သဘောရှိ၏ ဟု သူတို့သိစေခြင်းငှာ ကျင့်ရသည်မဟုတ်...


ဗြဟ္မစရိယသုတ်

ရဟန်းတို့ လူအပေါင်းအား အံ့သြဖွယ် ပြုခြင်းငှါ လူအပေါင်းအား ဖြားယောင်းခြင်းငှါ လာဘ်ပူဇော်သကာ အကျော်အစော ဟူသော အာနိသင် အလို့ငှါ ထို ထို အကြောင်းဖြင့် ဝါဒဖြန့်ခြင်းငှါ ''ငါ့ကိုဤသို့ သဘောရှိ၏'' ဟု လူအပေါင်းသိစေခြင်းငှါ ဤမြတ်သော အကျင့်ကို ကျင့်သုံးရသည် မဟုတ်။

ရဟန်းတို့ စင်စစ်သော်ကား စောင့်စည်းခြင်းငှါ ပယ်စွန့်ခြင်းငှါ တပ်မက်မှု ကင်းခြင်းငှါ ရာဂစသည်တို့ ချုပ်ခြင်းငှါ ဤမြတ်သော အကျင့်ကို ကျင့်သုံးရ၏ ဟု မိန့်တော်မူ၏။

ထို မြတ်စွာဘုရားသည် စောင့်စည်းခြင်းငှါ ကိလေသာကို ပယ်ခြင်းငှါ တစ်ဆင့်ကြား မဟုတ်သော နိဗ္ဗာန်၏ အတွင်းသို့ ရောက်စေတတ်သော အကျင့်မြတ်ကို ဟောတော်မူ၏၊ ထို အကျင့်မြတ်ဟူသော လမ်းခရီးကို မြတ်သောဂုဏ်ကို ရှာမှီးလေ့ရှိသော သူတို့သည် အစဉ်လိုက်ကြကုန်၏။

အကြင်သူတို့သည် မြတ်စွာဘုရား ဟောထားတော်မူတိုင်းသော အကျင့်ကို ကျင့်ကုန်၏၊ မြတ်စွာဘုရား အဆုံးအမကို ပြုကျင့်လေ့ ရှိကုန်သော ထိုသူတို့သည် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရကုန်လတ္တံ့ သတည်း။ 25

၅ - ဗြဟ္မစရိယသုတ်၊ ဥရုဝေလဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, September 26, 2009

သာသနာ အရှည်တည်ကြောင်း မတည်ကြောင်း...

ကိမိလသုတ်

သာသနာ အရှည်တည်ကြောင်း မတည်ကြောင်း...

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကိမိလမြို့ ဝါးတော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်ကိမိလမထေရ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးလျက် မြတ်စွာဘုရားအား-

''အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည် ရှိသော် သာသနာတော် ကြာရှည်စွာ မတည်နိုင်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ ကား အဘယ်ပါနည်း'' ဟု လျှောက်၏။

ကိမိလ ဤသာသနာတော်၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူသည် ရှိသော် ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့သည် -

မြတ်စွာဘုရား၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။
တရားတော်၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။
သံဃာတော်၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။
အကျင့် 'သိက္ခာ' ၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။
မမေ့မလျော့ခြင်း 'အပ္ပမာဒ' ၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။
အစေ့အစပ် ပြုမှု 'ပဋိသန္ထာရ' ၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။

ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည် ရှိသော်...
သာသနာတော် ကြာမြင့်စွာ မတည်နိုင်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊
အထောက်အပံ့ကား ဤသည်ပင်တည်း ဟု မိန့်တော်မူ၏။

အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည် ရှိသော် သာသနာတော် ကြာမြင့်စွာတည်နိုင်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း ဟု (လျှောက်၏)။

ကိမိလ ဤသာသနာတော်၌ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည် ရှိသော် ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့သည် -

မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှု ရှိလျက် နေကုန်၏။
တရားတော်၌ ရိုသေမှု တုပ်ဝပ်မှု ရှိလျက် နေကုန်၏။
သံဃာတော်၌ ရိုသေမှု တုပ်ဝပ်မှု ရှိလျက် နေကုန်၏။
အကျင့် 'သိက္ခာ' ၌ ရိုသေမှု တုပ်ဝပ်မှု ရှိလျက် နေကုန်၏။
မမေ့မလျော့ခြင်း 'အပ္ပမာဒ' ၌ ရိုသေမှု တုပ်ဝပ်မှု ရှိလျက် နေကုန်၏။
အစေ့အစပ် ပြုမှု 'ပဋိသန္ထာရ' ၌ ရိုသေမှု တုပ်ဝပ်မှု ရှိလျက် နေကုန်၏။

ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည် ရှိသော်...
သာသနာတော် ကြာမြင့်စွာ တည်နိုင်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊
အထောက်အပံ့ကား ဤသည်ပင်တည်း ဟု မိန့်တော်မူ၏။ 40

၁ဝ - ကိမိလသုတ်၊ ဒေဝတာဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, September 25, 2009

ရူပသုတ်...

ရူပသုတ်

သာဝတ္ထိနိဒါန်း။

အဆင်းတို့၏...
စ၍ ဖြစ်မှု၊ တည်တံ့မှု၊ အသစ်ဖြစ်ပေါ်မှု၊ ထင်ရှားဖြစ်ပေါ်မှုသည် ဆင်းရဲ၏ စ၍ ဖြစ်မှု၊ ရောဂါတို့၏ တည်တံ့မှု၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်ပေါ်မှု မည်၏။

အသံတို့၏...
စ၍ ဖြစ်မှု၊ တည်တံ့မှု၊ အသစ်ဖြစ်ပေါ်မှု၊ ထင်ရှားဖြစ်ပေါ်မှုသည် ဆင်းရဲ၏ စ၍ ဖြစ်မှု၊ ရောဂါတို့၏ တည်တံ့မှု၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်ပေါ်မှု မည်၏။

အနံ့တို့၏...
စ၍ ဖြစ်မှု၊ တည်တံ့မှု၊ အသစ်ဖြစ်ပေါ်မှု၊ ထင်ရှားဖြစ်ပေါ်မှုသည် ဆင်းရဲ၏ စ၍ ဖြစ်မှု၊ ရောဂါတို့၏ တည်တံ့မှု၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်ပေါ်မှု မည်၏။

အရသာတို့၏...
စ၍ ဖြစ်မှု၊ တည်တံ့မှု၊ အသစ်ဖြစ်ပေါ်မှု၊ ထင်ရှားဖြစ်ပေါ်မှုသည် ဆင်းရဲ၏ စ၍ ဖြစ်မှု၊ ရောဂါတို့၏ တည်တံ့မှု၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်ပေါ်မှု မည်၏။

အတွေ့တို့၏...
စ၍ ဖြစ်မှု၊ တည်တံ့မှု၊ အသစ်ဖြစ်ပေါ်မှု၊ ထင်ရှားဖြစ်ပေါ်မှုသည် ဆင်းရဲ၏ စ၍ ဖြစ်မှု၊ ရောဂါတို့၏ တည်တံ့မှု၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်ပေါ်မှု မည်၏။

သဘောတရားတို့၏...
စ၍ ဖြစ်မှု၊ တည်တံ့မှု၊ အသစ်ဖြစ်ပေါ်မှု၊ ထင်ရှားဖြစ်ပေါ်မှုသည် ဆင်းရဲ၏ စ၍ ဖြစ်မှု၊ ရောဂါတို့၏ တည်တံ့မှု၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်ပေါ်မှု မည်၏။


ရဟန်းတို့ အဆင်းတို့၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှု၊ ရောဂါတို့၏ ငြိမ်းမှု၊ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှု မည်၏။ အသံတို့၏။ အနံ့တို့၏။ အရသာတို့၏။ အတွေ့တို့၏။ သဘောတရားတို့၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှု၊ ရောဂါတို့၏ ငြိမ်းမှု၊ အိုခြင်းသေခြင်း၏ ကွယ်ပျောက်မှု မည်၏ ဟု ဟောတော် မူ၏။ 313

၂ - ရူပသုတ်၊ ဥပ္ပါဒသံယုတ်၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အဆင်းကို တပ်မက်မှု၌ ...

တဏှာသုတ်

သာဝတ္ထိနိဒါန်း... ရဟန်းတို့...

အဆင်းကို တပ်မက်မှု၌ ...
လိုချင် တပ်မက်မှု 'ဆန္ဒရာဂ' သည် စိတ်၏ ညစ်ညူးမှု မည်၏။

အသံကို တပ်မက်မှု၌ ...
လိုချင် တပ်မက်မှု 'ဆန္ဒရာဂ' သည် စိတ်၏ ညစ်ညူးမှု မည်၏။

အနံ့ကို တပ်မက်မှု၌ ...
လိုချင် တပ်မက်မှု 'ဆန္ဒရာဂ' သည် စိတ်၏ ညစ်ညူးမှု မည်၏။

အရသာကို တပ်မက်မှု၌ ...
လိုချင် တပ်မက်မှု 'ဆန္ဒရာဂ' သည် စိတ်၏ ညစ်ညူးမှု မည်၏။

အတွေ့ကို တပ်မက်မှု၌ ...
လိုချင် တပ်မက်မှု 'ဆန္ဒရာဂ' သည် စိတ်၏ ညစ်ညူးမှု မည်၏။

သဘော တရားကို တပ်မက်မှု၌ ...
လိုချင် တပ်မက်မှု 'ဆန္ဒရာဂ' သည် စိတ်၏ ညစ်ညူးမှု မည်၏။

ရဟန်းတို့ အကြင်အခါ ရဟန်းသည် ဤခြောက်ဌာနတို့၌ စိတ်ညစ်ညူးမှုကို ပယ်အပ်ပြီး ဖြစ်၏၊ ထိုအခါ ထိုရဟန်း၏ စိတ်သည် ထွက်မြောက်ခြင်းသို့ ညွတ်၏၊ ထွက်မြောက်ခြင်း၌ အထုံရပြီးသောစိတ်သည် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုအပ်သော တရားတို့၌ ပြုရန် သင့်လျော်သည် ဖြစ်၍ ထင်၏ဟု ဟောတော်မူ၏။ 329

၈ - တဏှာသုတ်၊ ဥပ္ပါဒသံယုတ်၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, September 24, 2009

လူသားကို စားလေယောင် တကားဟု ကဲ့ရဲ့ကုန်၏...

ဒန္တပေါနသိက္ခာပုဒ် - (ဒန်ပူ)

လူသားကို စားလေယောင် တကားဟု ကဲ့ရဲ့ကုန်၏...

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောတွင် ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ သီတင်းသုံး နေတော်မူ သောအခါ ရဟန်းတစ်ပါးသည် ပစ္စည်း အလုံးစုံ ပံ့သကူဓူတင်ကို ဆောင်၍ သုသာန်၌ နေ၏။ ထိုရဟန်းသည် လူတို့ပေးလှူသည်ကို ခံယူခြင်းငှါအလိုမရှိ၊ သုသာန်၌ လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း၊ တံခါးခုံ၌လည်းကောင်း သေလွန် သော မိဘဘိုးဘွား စသည်တို့၏ အကျိုးငှါ စွန့်ထားသော ခဲဖွယ်ဘောဇဉ်တို့ကို ကိုယ်တိုင်ယူ၍ စား၏။

လူတို့က ဤသို့ ပြောဆိုကြသည်...
''အဘယ့်ကြောင့် ဤရဟန်းသည် ငါတို့၏ သေလွန်သော မိဘဘိုးဘွား စသည် တို့၏ အကျိုးငှါ စွန့်ထားသော ခဲဖွယ်ဘောဇဉ်တို့ကို ကိုယ်တိုင်ယူ၍ စားဘိသနည်း၊ ဤရဟန်းသည် ဆူဖြိုး၏၊ လူသားကို စားလေယောင် တကား'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

သူတော်ကောင်းတွေ ကြည့်စမ်းပါ ဝိနည်း စည်းကမ်း မသတ်မှတ်သေးခင် ဓာတ်ကောင်းကိန်းနေသောသူများဟာ ဒါကတော့ဖြင့် မလုပ်သင့်ဘူးဆိုပြီး အပြစ်ပြောကြတယ် ကဲ့ရဲ့ကြတယ်၊ မလှူဒါန်း မပေးကမ်းသောအစာကို စားလို့ လူသားများစားနေသလားလို့တောင် ကဲ့ရဲ့ကြပါတယ်။ အဓိကတော့ မသင့်တော်တာတွေ လုပ်ရင် ကဲ့ရဲ့ကြတယ်၊ ခု ဒကာဒကာမတို့က မသင့်တော်တာလုပ်နေတာတွေ့ရင် မပြောနဲ့ မပြောနဲ့ အပြစ်ဖြစ်လိမ့်မယ်၊ သူတို့က သင်္ကန်းကြီးတွေနဲ့ ဖက်ပေါ်ဆူးကျဖက်ပေါက် ဆူးပေါ် ဖက်ကျတော့လည်း ဖက်ပေါက်နော် တိတ်တိတ်နေ မပြောကြနဲ့ဆိုပြီး ဒီလိုဖြစ်နေကြပါတယ်။ စဉ်းစားကြနော် လူသာသနာပြုများ။

ရဟန်း တို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာတည်း။

အလိုနည်းသော ရဟန်းတို့က ဤသို့ ပြောဆိုကြ၏ ...
''အဘယ့်ကြောင့် ရဟန်းသည် မပေးအပ်သော 'အကပ်မခံရသေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်ဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

ဝိနည်းမသတ်မှတ်သေးခင်တောင် အလိုနည်းတဲ့ ရဟန်းတော်များကလည်း အမြင်မတော်တာတွေ့ရင် အပြစ်ပြ ပြောဆိုကြတယ်။ ခုခေတ်ရဟန်းတော် တချို့လည်း ဝိနည်းစည်းကမ်း မလိုက်နာရင် အပြစ်ပြ ပြောဆိုကြပါတယ်၊ တချို့ကတော့ ဟိုငဲ့ဒီငဲ့ ငဲ့နေကြပြန်တယ်၊ ကျွန်ုပ်လည်း ငဲ့တဲ့ထဲပါတာပါပဲ အပြစ်မပြောပဲ ငဲ့နေသော ကျွန်ုပ်သည်မကောင်းပါ။

မြတ်စွာဘုရားက ဤသို့မိန့်တော်မူ၏...
''ရဟန်း သင်သည် မပေးအပ်သော 'အကပ်မခံရသေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်၏ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည် မပေးအပ်သော 'အကပ်မခံရသေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်ဘိသနည်း။ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား ဤ သင်ပြုမိသော အမှုသည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 263

''အကြင်ရဟန်းသည် မပေးအပ်သော 'အကပ်မခံရသေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်ငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ က

မြတ်ဗုဒ္ဓက မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားတဲ့၊ ဘုန်းကြီးများ ဘာကြောင့် ရဟန်းဝတ်ကြသလဲဆို မဂ်ဖိုလ် လိုချင်လို့ ဝတ်ကြတာလို့ ဖြေကြရမှာပါ၊ ခုတော့ သူတစ်ပါးက မပေးလှူ၊ အကပ်မခံပဲနဲ့ စားလို့ အပြစ်တင်လိုက်တဲ့စကားလုံးက မဂ်ဖိုလ်မရနိုင်တဲ့သူတဲ့၊ အလွန်အလွန်ကို ကြောက်စရာကောင်းလှပါတယ်။ ဒါဆို ဝိနည်းစည်းကမ်း သတ်မှတ်ပြီးမှ အပြစ်ကျူးလွန်သူ ရဟန်းများဆို မြတ်စွာဘုရား ဘယ်လောက်များ ပြစ်တင် ကဲ့ရဲ့လိုက်မလဲလို့ စဉ်းစားမိပါတယ်။

ထိုအခါ ရဟန်းတို့သည် ရေ, ဒန်ပူတို့ကို မအပ်ဟု တွေးတောမှု ''သံသယကုက္ကုစ္စ' ရှိကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့ ရေ, ဒန်ပူကိုကိုယ်တိုင် ယူ၍ သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူ၏'' ဟု မိန့်တော်မူ၏။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 264

''အကြင်ရဟန်းသည် ရေ, ဒန်ပူကို ကြဉ်၍ မပေးအပ်သော 'အကပ်မခံရသေး သော' အာဟာရကို ခံတွင်းဝသို့ ဆောင်ငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန် လော့ဟု မိန့်တော်မူ၏။ ၈၉။ ၄ဝ- (ခ) ၂၆၅။

အပြစ်ဖြစ်မှာစိုးလို့ သံသယကုက္ကုစ ဖြစ်ပြီး မသုံးဆောင်တဲ့ ရဟန်းနဲ့၊ ဝိနည်းပြစ် ရှိမှန်းသိရဲ့သားနဲ့ လုပ်ချင်တာ လုပ်တဲ့ရဟန်း ဘယ်လောက်ကွာ ခြားသွားပြီလဲ။

ခုတော့
ပါစိတ်က ချာတိတ်ပါကွာလို့
တချို့က ပြောကုန်ပါပြီ မြတ်စွာဘုရား

သူတော်ကောင်းအပေါင်းတို့ သာသနာကို စောင့်ရှောက်နိုင်ကြပါစေ...

၁ဝ - ဒန္တပေါနသိက္ခာပုဒ်၊ ၄ - ဘောဇနဝဂ်၊ ဘိက္ခုပါစိတ်၊ ပါစိတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

မိမိကို လုပ်ကျွေး ပြုစုရန်အတွက် လူအပေါင်းကို ပြောဆိုခြင်းငှါ အလိုမရှိ...

ကမ္မဝိပါကဇသုတ် - (ကံ၏အကျိုးကြောင့်ဖြစ်သည်)

21
အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ရဟန်း တစ်ပါးသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဉ်ခွေပြီးလျှင် ရှေးကံ၏ အကျိုးကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲဝေဒနာကို သည်းခံလျက် အမှတ်ရမှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသည်ဖြစ်၍ မပင်မပန်း ထိုင်နေ၏။

မြတ်စွာဘုရားသည် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာထား၍ တင်ပျဉ်ခွေပြီးလျှင် ရှေးကံ၏ အကျိုးကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲဝေဒနာကို သည်းခံလျက် အမှတ်ရမှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသည် ဖြစ်၍ မပင်မပန်း ထိုင်နေသော ထိုရဟန်းကို မြင်တော်မူ၏။

မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌-
''ကံအလုံးစုံကို စွန့်ပယ်ပြီး၍ ရှေးက ပြုဖူးသော ရာဂစသော မြူကို ခါထုတ်လျက် ငါ ငါဟု မစွဲလမ်းဘဲ နိဗ္ဗာန်၌ တည်သော တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန်းအား မိမိကို လုပ်ကျွေး ပြုစုရန်အတွက် လူအပေါင်းကို ပြောဆိုခြင်းငှါ အလိုမရှိ'' ဟု ဤဥဒါန်းကို ကျူးရင့် တော်မူ၏။ 21

၁ - ကမ္မဝိပါကဇသုတ်၊ နန္ဒဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, September 22, 2009

သဘိယသည် ဤသို့ မေးလျှောက်၏...

သဘိယသုတ်-

သဘိယသည် ဤသို့ မေးလျှောက်၏...
မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို ဘိက္ခုဟူ၍ ဆိုကြကုန် သနည်း၊
အဘယ်အကြောင်းဖြင့် လွန်စွာ ငြိမ်းသောသူ ဟူ၍ ဆိုကြကုန် သနည်း၊
အဘယ်သို့သောသူကို ယဉ်ကျေးပြီးဟူ၍ ဆိုကြကုန် သနည်း၊
အဘယ်အကြောင်းဖြင့် ဗုဒ္ဓဟူ၍ဆို သနည်း၊ 519

မြတ်စွာဘုရားသည် ဤသို့ ဖြေတော်မူ၏...
သဘိယ အကြင်ပုဂ္ဂိုလ်သည် မိမိပြုအပ်သော မဂ်ဖြင့် ကိလေသာငြိမ်းရာ နိဗ္ဗာန် သို့ ရောက်၏၊ ယုံမှားခြင်းကို လွန်မြောက်၏၊ ပျက်စီးဆုတ်ယုတ်ခြင်းကို လည်း ကောင်း၊ ကြီးပွါးခြင်းကို လည်းကောင်း ပယ်စွန့်၍ မဂ်အကျင့်ကို ကျင့်သုံးပြီး ဖြစ်၏၊ တစ်ဖန် ဘဝသစ်၌ ဖြစ်မှု ကုန်ခန်းပြီး ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည် ဘိက္ခုမည်၏။ 520

အကြင်ပုဂ္ဂိုလ်သည် အလုံးစုံသော အာရုံတို့၌ ဆဠင်္ဂုပေက္ခာဖြင့် လျစ် လျူရှုတတ်၏၊ သတိရှိ၏၊ ထိုသူသည် လောကအားလုံး၌ တစ်စုံတစ်ယောက်ကိုမျှ မညှဉ်းဆဲ သြဃလေးပါးမှ ကူးမြောက်ပြီး ဖြစ်၏၊ မကောင်းမှု ငြိမ်းအေးပြီး ဖြစ်၏၊ မိစ္ဆာဝိတက်တို့ဖြင့် မနောက်ကျု၊ အကြင် ပုဂ္ဂိုလ်အား ရာဂစသော ထူပြောမှု 'ဥဿဒ' တို့ မရှိကုန်၊ ထိုပုဂ္ဂိုလ်သည် လွန်စွာ ငြိမ်းအေးသောသူမည်၏။ 521

အကြင်ပုဂ္ဂိုလ်၏ အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း လောကအားလုံးဝယ် စက္ခု စသော ဣနြေ္ဒတို့သည် ပွါးများပြီး ဖြစ်ကုန်၏၊ ဤလောကကို လည်းကောင်း၊ တမလွန် လောကကို လည်းကောင်း ထိုးထွင်း သိ၍ သေရမည့် အချိန်ကာလကို ငံ့လင့်နေ၏၊ ထိုပုဂ္ဂိုလ်သည် ပွါးများပြီးဖြစ်၍ ယဉ်ကျေးသူ မည်၏။ 522

ကပ်ကမ္ဘာ အားလုံးတို့ကို လည်းကောင်း၊ နှစ်ပါးစုံသော စုတိပဋိသန္ဓေဟူသော ကျင်လည်မှု သံသရာကို လည်းကောင်း သိမြင်တော်မူပြီး၍ ရာဂမြူကင်းလျက် အညစ်အကြေးမရှိသော အထူးသဖြင့် စင်ကြယ်သော ဇာတိကုန်ရာ နိဗ္ဗာန်သို့ ရောက်တော်မူသော ထိုပုဂ္ဂိုလ်ကို ဗုဒ္ဓဟူ၍ ဆိုကြကုန်၏။ 523

သဘိယပရိဗိုဇ်သည် မြတ်စွာဘုရား ဟောအပ်သည်ကို စိတ်တိုင်းကျလျက် ရွှင်လန်း တက်ကြွကာ နှစ်သိမ့် ဝမ်းမြောက်လေသည်။

၆ - သဘိယသုတ်- မှ၊ မဟာဝဂ်၊ သုတနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ချမ်းသာခြင်း ဝမ်းမြောက်ခြင်းများသည် ဖြစ်၍ နေရ၏...

သုခသောမနဿသုတ်

ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ချမ်းသာခြင်း ဝမ်းမြောက်ခြင်းများသည် ဖြစ်၍ နေရ၏၊ ထိုရဟန်းသည် အာသဝေါ တရားတို့ ကုန်ရန် အကြောင်းကိုလည်း အားထုတ်ပြီး ဖြစ်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်

၁... တရား၌ မွေ့လျော်၏၊
၂... ဘာဝနာ၌ မွေ့လျော်၏၊
၃... အကုသိုလ်တရားကို ပယ်စွန့်မှု၌ မွေ့လျော်၏၊
၎... ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏၊
၅... ဆင်းရဲ မရှိရာ နိဗ္ဗာန်၌ မွေ့လျော်၏၊
၆... သံသရာ နယ်ချဲ့ ပပဉ္စ တရား မရှိရာ နိဗ္ဗာန်၌ မွေ့လျော်၏။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ချမ်းသာခြင်း ဝမ်းမြောက်ခြင်း များသည်ဖြစ်၍ နေရ၏၊ ထိုရဟန်းသည် အာသဝေါတရားတို့ ကုန်ရန် အကြောင်းကိုလည်း အားထုတ်ပြီး ဖြစ်၏ ဟု မိန့်တော်မူ၏။ 78

၎ - သုခသောမနဿသုတ်၊ အရဟတ္တဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, September 21, 2009

ဤသို့လျှင် သင်တို့ ကျင့်ရမည်...

သုဝဏ္ဏနိက္ခသုတ်

သာဝတ္ထိနိဒါန်း။ ။ရဟန်းတို့ ... ငါဘုရားသည်...

ဤအသျှင်သည် ရွှေစင်တစ်နိက္ခဟူသော အကြောင်းကြောင့် သော်လည်း။ပ။ ရွှေစင်နိက္ခတစ်ရာ ဟူသော အကြောင်းကြောင့် သော်လည်း။ သိင်္ဂနိက်ရွှေ တစ်နိက္ခ ဟူသော အကြောင်းကြောင့် သော်လည်း။ သိင်္ဂနိက်ရွှေ နိက္ခတစ်ရာ ဟူသော အကြောင်းကြောင့် သော်လည်း။ ရွှေဖြင့် ပြည့်သော မဟာပထဝီမြေ ဟူသော အကြောင်းကြောင့် သော်လည်း။ တစ်စုံတစ်ခုသော အာမိသဟူသော အကြောင်းကြောင့် သော်လည်း။ အသက်ဟူသော အကြောင်းကြောင့် သော်လည်း။ ဇနပုဒ်၌ ကောင်းခြင်းငါးရပ် ပြည့်စုံလတ်သည့် မိန်းမမြတ်ဟူသော အကြောင်းကြောင့်သော်လည်း။ သိလျက် ချွတ်ယွင်းသော စကားကို မဆိုရာ'' ဟု အချို့သော ပုဂ္ဂိုလ်၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိ၏။

ထိုသူကို တစ်ပါးသော အခါ၌ လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံး ယူငင်အပ်သော စိတ် ရှိသည်ဖြစ်၍ သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုနေသည်ကို တွေ့မြင်ရ၏၊ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု ဟောတော်မူ၏။ 169

၃ - သုဝဏ္ဏနိက္ခသုတ်၊ ဒုတိယဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ငါ၏ ရှေ့မှာလည်း ကျင်ကြီးပုံကြီးသည် ရှိ၏ဟု....


မီဠှကသုတ် - (မီဠှ= ကျင်ကြီး၊ မစင်)
သာဝတ္ထိနိဒါန်း။ ။ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ ဥပမာသော်ကား ကျင်ကြီးကို စားသော မစင်ပိုးသည် ကျင်ကြီးဖြင့် ပြည့်နှက်၏၊ ထိုပိုး၏ ရှေ့မှာလည်း ကျင်ကြီးပုံကြီးသည် ရှိ၏၊ ထိုကျင်ကြီးစားသော မစင်ပိုးသည် ထိုကျင်ကြီးဖြင့် တစ်ပါးသော မစင်ပိုးတို့ကို ''ငါသည် ကျင်ကြီးကို စား၏၊ ကျင်ကြီးဖြင့် ပြည့်နှက်၏၊ ငါ၏ ရှေ့မှာလည်း ကျင်ကြီးပုံကြီးသည် ရှိ၏'' ဟု မထီမဲ့မြင်ပြုရာ၏၊

ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းသည် လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည်ဖြစ်၍ နံနက်အခါ၌ ကောင်းစွာ ဝတ်ရုံလျက် သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ရွာသို့ဖြစ်စေ၊ နိဂုံးသြို့ဖစ်စေ ဆွမ်းအလို့ငှါ ဝင်၏၊ ထို ရဟန်းသည် ထိုရွာ၌ အလိုရှိတိုင်း ဆွမ်းစားပြီးသည်လည်း ဖြစ်၏၊ နက်ဖြန် စားရန်အလို့ငှါ ဖိတ်ထားသော ဆွမ်းသည်လည်း ရှိ၏၊ ထိုရဟန်းအား သပိတ်ပြည့်သော ဆွမ်းလည်း ရှိ၏၊

ကျောင်းအရံသို့သွား၍ ရဟန်းအပေါင်းအလယ်၌ ကြုံးဝါး၏-

''ငါသည် ဆွမ်းကို အလိုရှိတိုင်း စားပြီးပြီ၊ နက်ဖြန် စားရန်အလို့ငှါ ဖိတ်ထားသော ဆွမ်းလည်း ရှိသေး၏၊ ငါ့အား သပိတ်ပြည့်သော ဆွမ်းလည်း ရှိ၏၊ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ ဆေး အသုံးအဆောင် တို့ကိုလည်း ရ၏၊ တစ်ပါးကုန်သော ဤရဟန်းတို့သည်ကား နည်းသော ဘုန်းကံရှိကုန်၏၊ နည်းသော တန်ခိုးရှိကုန်၏၊ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ကိုလည်း မရကုန်'' ဟု ကြုံးဝါး၏၊ ထိုရဟန်းသည် လာဘ်ပူဇော်သကာ အကျော်အစောဖြင့် နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည်ဖြစ်၍ သီလရှိကုန်သော အခြားရဟန်းတို့ကို မထီမဲ့မြင် ပြု၏။

ရဟန်းတို့ ထိုသို့မှတ်ထင်ခြင်းသည် ထိုမဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားအား ရှည်စွာသော နေ့ညဥ့်တို့ ပတ်လုံး အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော် သကာ အကျော်အစောသည် ခက်ထန်၏။ပ။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု ဟောတော်မူ၏။ 161

၅ - မီဠှကသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, September 20, 2009

သီတင်းကျွတ် တန်ဆောင်မုန်း...


၂၀၀၉.၀၉.၂၀

သရဒသုတ် - (သီတင်းကျွတ်၊ တန်ဆောင်မုန်း)


ရဟန်းတို့ တန်ဆောင်မုန်းလ 'သရဒ' အခါ တိမ်သား ကင်းစင်၍ မြင့်သော မိုးကောင်း ကင်၌ ရှေးရှု တက်လာသော နေမင်းသည် ကောင်းကင်ရှိ အမိုက်တိုက်အားလုံးကို ဖျက်ဆီး၍ ထွန်းလင်းတောက်ပ တင့်တယ် သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာ သာဝကအား ကိလေသာမြူ အညစ် အကြေးကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်လာ၏။

ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ် အမြင် ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် အရိယာသာဝကအား သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ သုံးဝသော သံယောဇဉ် 'နှောင်ကြိုး' တို့သည် ပျောက်ကုန်၏။

ထိုမှနောက်၌ မက်မောခြင်း 'အဘိဇ္ဈာ'၊ ပျက်စီးစေလိုခြင်း 'ဗျာပါဒ'တရားနှစ်မျိုးတို့မှ လွတ်မြောက်၏။ ထိုပုဂ္ဂိုလ်သည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း 'ဝိတက်'သုံးသပ်ခြင်း 'ဝိစာရ'နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ' ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။

ရဟန်းတို့ ထိုအခါ၌ အရိယာ သာဝကသည် အကယ်၍ သေငြားအံ့၊ ထို သာဝကအား လူ့ပြည်သို့ တစ်ဖန် ပြန်လာ စေနိုင်သော ယင်း ယှဉ်စပ်မှု သံယောဇဉ် 'နှောင်ကြိုး' မရှိတော့ပြီဟု မိန့်တော်မူ၏။ 95

၃ - သရဒသုတ်၊ လောဏကပလ္လဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အိမ်ရှင်ယောက်ျား လယ်သမားသည်...

ခေတ္တသုတ် - (လယ်၊ လယ်မြေ၊ မယား၊ ကိုယ်)

ရဟန်းတို့ အိမ်ရှင်ယောက်ျား လယ်သမား၏ ရှေးအဖို့၌ ဧကန်ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့တည်း။

အဘယ် သုံးမျိုး တို့နည်း ဟူမူ-

ရဟန်းတို့ ဤလောက၌ အိမ်ရှင်ယောက်ျား လယ်သမားသည် ရှေးဦးစွာသာလျှင် လယ်ကို ကောင်းစွာ ထွန်ယက်၍ မြေကို ညီညီညွတ်ညွတ် ပြုရ၏၊

ရှေးဦးစွာသာလျှင် လယ်ကို ကောင်းစွာ ထွန်ယက်၍ မြေကို ညီညီညွတ်ညွတ် ပြုပြီးလျှင် သင့်လျော်သော အချိန်၌ မျိုးစေ့တို့ကို ကြဲချ၏၊

သင့်လျော်သော အချိန်၌ မျိုးစေ့တို့ကို ကြဲချ ပြီးလျှင် အချိန်အခါအားလျော်စွာ ရေကို သွင်းလည်း သွင်း၏၊ ထုတ်လည်း ထုတ်၏။

ရဟန်းတို့ အိမ်ရှင်ယောက်ျား လယ်သမား၏ ရှေးအဖို့၌ ဧကန်ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့တည်း။

ရဟန်းတို့ ဤအတူသာလျှင် ...
ရဟန်းအား ရှေးအဖို့၌ ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့ပေတည်း။

အဘယ် သုံးမျိုး တို့နည်း ဟူမူ-

အဓိသီလ သိက္ခာကို ဆောက်တည်ခြင်း၊
အဓိစိတ္တသိက္ခာကို ဆောက်တည်ခြင်း၊
အဓိပညာသိက္ခာကို ဆောက်တည်ခြင်း တို့တည်း။

ရဟန်းတို့ ရဟန်းအား ရှေးအဖို့၌ ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌-
''အဓိသီလသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့၊ အဓိစိတ္တသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ် လတ္တံ့၊ အဓိပညာသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန် သော ဆန္ဒဖြစ်လတ္တံ့'' ဟု ဤအတိုင်းသာ သင်တို့ ကျင့်ကြရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ကြရမည်ဟု မိန့်တော်မူ၏။ 84

၃ - ခေတ္တသုတ်၊ သမဏဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, September 19, 2009

နှစ်မျိုးစီ...


သမာပတ္တိဝဂ်

ရဟန်းတို့...
တရားတို့သည် ဤနှစ်မျိုးစီတို့ပေတည်း၊ အဘယ်နှစ်မျိုးတို့နည်းဟူမူ...

၁... သမာပတ် ဝင်စားမှု၌ လိမ္မာခြင်း
'သမာပတ္တိကုသလတာ' လည်းကောင်း၊
၂... သမာပတ်မှ ထမှု၌ လိမ္မာခြင်း
'သမာပတ္တိ ဝုဋ္ဌာနကုသလတာ' လည်းကောင်းတို့တည်း။ 164-1


၁... ဖြောင့်မတ်ခြင်း 'အဇ္ဇဝ' လည်းကောင်း၊
၂... နူးညံ့ခြင်း 'မဒ္ဒဝ' လည်းကောင်းတို့တည်း။ 165-2

၁... သည်းခံခြင်း 'ခန္တီ' လည်းကောင်း၊
၂... ကောင်းသော အကျင့်ဖြင့် မွေ့လျော်ခြင်း 'သောရစ္စ' လည်းကောင်း တို့တည်း။ 166-3

၁... နူးညံ့ ပြေပြစ်သော စကားရှိခြင်း 'သာခလျ' လည်းကောင်း၊
၂... အစေ့အစပ် အဆက်အသွယ် ကောင်းခြင်း 'ပဋိသန္ထာရ'
လည်းကောင်းတို့တည်း။ 167-4
၁... မညှဉ်းဆဲခြင်း 'အဝိဟိံသာ'၁ လည်းကောင်း၊
၂... စင်ကြယ်ခြင်း 'သောစေယျ'၂ လည်းကောင်းတို့တည်း။ 168-5

၁... ဣနြေ္ဒတို့၌ မဆို့ပိတ်အပ်သော တံခါးရှိခြင်း
'ဣန္ဒြိယေသု အဂုတ္တဒွါရတာ' လည်းကောင်း၊
၂... အစားအစာတို့၌ အတိုင်းအရှည်ကို မသိခြင်း
'ဘောဇနေအမတ္တညုတာ' လည်းကောင်းတို့တည်း။ 169-5

၁... ဣနြေ္ဒတို့၌ ဆို့ပိတ်အပ်သော တံခါးရှိခြင်း
'ဣန္ဒြိယေသု ဂုတ္တဒွါရတာ' လည်းကောင်း၊
၂... အစားအစာတို့၌ အတိုင်းအရှည်ကို သိခြင်း
'ဘောဇနေ မတ္တညုတာ' လည်းကောင်းတို့တည်း။ 170-7

၁... ဆင်ခြင်ခြင်းအား 'ပဋိသင်္ခါနဗလ' လည်းကောင်း၊
၂... ပွါးများခြင်းအား 'ဘာဝနာဗလ' လည်းကောင်းတို့တည်း။ 171-8

၁... အောက်မေ့ခြင်းအား 'သတိဗလ' လည်းကောင်း၊
၂... တည်ကြည်ခြင်းအား 'သမာဓိဗလ' လည်းကောင်းတို့တည်း။172-9

၁... နီဝရဏတို့ကို ငြိမ်းစေခြင်း 'သမထ' လည်းကောင်း၊
၂... သင်္ခါရတို့ကို ရှုမှတ် သိမ်းဆည်းခြင်း 'ဝိပဿနာ' လည်းကောင်းတို့
တည်း။ 173-10

၁... အကျင့် သီလ ပျက်စီးခြင်း 'သီလဝိပတ္တိ' လည်းကောင်း၊
၂... ဉာဏ်အမြင် 'အယူ' ပျက်စီးခြင်း 'ဒိဋ္ဌိဝိပတ္တိ' လည်းကောင်းတို့
တည်း။ 174-11

၁... အကျင့် သီလ၏ ပြည့်စုံခြင်း 'သီလသမ္ပဒါ' လည်းကောင်း
၂... ဉာဏ်အမြင် 'အယူ'၏ ပြည့်စုံခြင်း 'ဒိဋ္ဌိသမ္ပဒါ' လည်းကောင်းတို့
တည်း။ 175-12

၁... အကျင့် သီလ၏ စင်ကြယ်ခြင်း 'သီလဝိသုဒ္ဓိ' လည်းကောင်း၊
၂... ဉာဏ်အမြင် 'အယူ'၏ စင်ကြယ်ခြင်း 'ဒိဋ္ဌိဝိသုဒ္ဓိ' လည်းကောင်း တို့တည်း။ 176-13

၁... ဉာဏ် အမြင် 'အယူ'၏ စင်ကြယ်ခြင်း 'ဒိဋ္ဌိဝိသုဒ္ဓိ' လည်းကောင်း၊
၂... ဉာဏ်အမြင် 'အယူ' အားလျော်စွာ အားထုတ်ခြင်း
'ယထာဒိဋ္ဌိပဓာန' လည်းကောင်းတို့တည်း။ 177-14

၁... ကုသိုလ်တရားတို့၌ မရောင့်ရဲနိုင်ခြင်း လည်းကောင်း၊
၂... တရား အားထုတ်ရာ၌ ဆုတ်နစ်မှု မရှိခြင်း လည်းကောင်းတို့တည်း။ 178-15

၁... သတိတရား ကင်းလွတ်ခြင်း 'မုဋ္ဌဿစ္စ' လည်းကောင်း၊
၂... ဆင်ခြင်ဉာဏ် ကင်းမဲ့ခြင်း 'အသမ္ပဇည' လည်းကောင်းတို့တည်း။ 179-16

၁... အောက်မေ့ခြင်း 'သတိ' လည်းကောင်း၊
၂... ဆင်ခြင်ခြင်း 'သမ္ပဇည' လည်းကောင်းတို့တည်း။ 180-17

ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးစီတို့ပေတည်း ဟု မိန့်တော်မူ၏။

သမာပတ္တိဝဂ်၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, September 18, 2009

နှုတ်ခမ်းကို လျက်ကာ လျက်ကာ...

စတုတ္ထသိက္ခာပုဒ်

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်း တို့သည် နှုတ်ခမ်းကို လျက်ကာ လျက်ကာ စားကုန်၏။ပ။

''နှုတ်ခမ်းကို လျက်ကာ လျက်ကာ မစားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။

နှုတ်ခမ်းကို လျက်ကာ လျက်ကာ မစားအပ်။
အကြင်ရဟန်းသည် သိက္ခာပုဒ်၌ မရိုသေခြင်းကို စွဲ၍ နှုတ်ခမ်းကို လျက်ကာ လျက်ကာ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ 630

၎ - စတုတ္ထသိက္ခာပုဒ်၊ သုရုသုရုဝဂ်၊ သေခိယအခန်း၊ ပါစိတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

နေစာလှုံလျက် နေတော်မူ၏...

ဇရာဓမ္မသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာ ဘုရားသည် ညနေချမ်းအချိန်၌ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထခဲ့၍ ကျောင်း အနောက်ဘက် နေပူဆာ၌ ကျောက်ကုန်းကို နေစာလှုံလျက် နေတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် မြတ်စွာဘုရား၏ ကိုယ်တော်ကို လက်ဖြင့် အဖန်ဖန် ဆုပ်နယ် သုံးသပ်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

''အသျှင်ဘုရား အံ့သြဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊
အသျှင်ဘုရား ယခု မြတ်စွာဘုရား၏ အရေအဆင်းတော်သည် ရှေးကကဲ့သို့ စင်ကြယ် ဖြူစင်ခြင်း မရှိတော့ပါ၊ ခန္ဓာကိုယ်အားလုံးတို့သည် လျော့ပါးကုန်သည် ဖြစ်၍ အရေတွန့်လိပ် နေပါကုန်၏၊ ခန္ဓာကိုယ်သည် ရှေ့သို့ ကိုင်းရှိုင်းပါ၏၊ စက္ခုနြေ္ဒ၊ သောတိနြေ္ဒ၊ ဃာနိနြေ္ဒ၊ ဇိဝှိနြေ္ဒ၊ ကာယိနြေ္ဒဟူသော ဣနြေ္ဒတို့၏ ဖောက်ပြန်ခြင်းသည် ထင်ပါ၏'' ဟု လျှောက်၏။ အာနန္ဒာ ထိုစကားသည် မှန်၏၊ ပျိုနုခြင်းသဘော ရှိခဲ့သော် အိုခြင်း သဘောရှိ၏၊ ကျန်းမာခြင်း သဘော ရှိခဲ့သော် နာခြင်း သဘောရှိ၏၊ အသက်ရှင်ခြင်း သဘော ရှိခဲ့သော် သေခြင်း သဘောရှိ၏၊ အရေအဆင်းသည် ရှေးကကဲ့သို့ စင်ကြယ် ဖြူစင်ခြင်း မရှိတော့ပေ၊ ခန္ဓာကိုယ် အားလုံးတို့သည် လျော့ပါးကုန်သည် ဖြစ်၍ အရေတွန့်လိပ် နေကုန်၏၊ ခန္ဓာကိုယ်သည် ရှေ့သို့ ကိုင်းရှိုင်း၏၊ စက္ခုနြေ္ဒ၊ သောတိနြေ္ဒ၊ ဃာနိနြေ္ဒ၊ ဇိဝှိနြေ္ဒ၊ ကာယိနြေ္ဒဟူသော ဣနြေ္ဒတို့၏ ဖောက်ပြန်ခြင်းသည် ထင်၏ဟု မိန့်တော်မူ၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို ဟောကြားတော်မူပြီး နောက် ထိုမှတစ်ပါး ဤဂါထာကို မိန့်တော်မူပြန်၏ -

''ယုတ်မာလှသော ဟယ်ဇရာတရား သင့်အား စက်ဆုပ်ဖွယ် ဖြစ်ပါစေ၊ အဆင်းပျက်အောင် ပြုလုပ်တတ်သော ဟယ်ဇရာတရား နှစ်သက်ဖွယ် ကောင်းသော ခန္ဓာကိုယ် အတ္တဘောကို ဇရာတရားသည် ဖိစီး နှိပ်စက်လေစွ တကား။

အနှစ်တစ်ရာ အသက်ရှည်သူသည်လည်း သေရခြင်းလျှင် လဲလျောင်းရာရှိ၏၊ သေခြင်းတရားသည် တစ်စုံတစ်ယောက်ကိုမျှ မရှောင်ကြဉ်၊ အလုံးစုံသော သတ္တဝါကိုပင် ဖိစီး နှိပ်စက်လေ၏'' ဟု မိန့်တော်မူ၏။ 511

၁ - ဇရာဓမ္မသုတ်၊ ဇရာဝဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, September 17, 2009

ဤစကားသည် ဤအတိုင်းပင်ဟုတ်၏...


ဥပဇ္ဈာယသုတ် - (အနီးကပ် သင်ပြသောဆရာ)

ထိုအခါ ရဟန်းတစ်ပါးသည် မိမိဥပဇ္ဈာယ် ဆရာထံသို့ ချဉ်းကပ်၍ ''အသျှင်ဘုရား ယခုအခါ၌ အကျွန်ုပ်၏ ကိုယ်သည် လေးလံနေပါ၏၊ အရပ်ရှစ်မျက်နှာတို့ သည်လည်း အကျွန်ုပ်အား မထင်ပါကုန်၊ တရားတို့လည်း အကျွန်ုပ်အား မထင်လာပါကုန်၊ လေးလံ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' သည်လည်း အကျွန်ုပ်၏ စိတ်ကို သိမ်းကျုံးယူ၍ တည်နေပါ၏၊ မမွေ့လျော်ပါဘဲလျက်လည်း မြတ်သော အကျင့်ကို ကျင့်၍ နေရပါ၏၊ တရားတို့၌ မဝေခွဲနိုင်ခြင်း 'ဝိစိကိစ္ဆာ'သည်လည်း အကျွန်ုပ်အား ရှိပါ၏'' ဟု လျှောက်၏။

ထိုအခါ ဆရာ ဥပဇ္ဈာယ် ရဟန်းသည် ထိုအတူနေ တပည့်ရဟန်းကို ခေါ်ကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ် ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား -

''အသျှင်ဘုရား ဤရဟန်းသည် ဤသို့ ပြောဆိုပါ၏ 'အသျှင်ဘုရား ယခုအခါ၌ အကျွန်ုပ်၏ ကိုယ်သည် လေးလံနေပါ၏၊ အရပ်ရှစ်မျက်နှာတို့သည်လည်း အကျွန်ုပ်အား မထင်ပါကုန်၊ တရားတို့သည်လည်း အကျွန်ုပ်အား မထင်လာပါကုန်၊ လေးလံ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' သည်လည်း အကျွန်ုပ်၏စိတ်ကို သိမ်းကျုံး၍ တည်နေပါ၏၊ မမွေ့လျော်ပါဘဲလျက်လည်း မြတ်သော အကျင့်ကို ကျင့်၍ နေရပါ၏၊ တရားတို့၌ မဝေခွဲနိုင်ခြင်း 'ဝိစိကိစ္ဆာ' သည်လည်း အကျွန်ုပ်အား ရှိပါ၏' ဟု ဆိုပါ၏'' ဟု လျှောက်၏။

ရဟန်း ဤစကားသည် ဤအတိုင်းပင်ဟုတ်၏၊ ဣနြေ္ဒတို့၌ မစောင့်ရှောက် မလုံခြုံသော တံခါးရှိသည် ဖြစ်၍ ဘောဇဉ်တို့၌ အတိုင်းအရှည်ကို မသိသော နိုးကြားမှုကို အားမထုတ်သော ကုသိုလ်တရားတို့ကို မရှုမူ၍ ညဥ့်၏ ရှေ့ပိုင်းနောက်ပိုင်း၌ ဗောဓိပက္ခိယတရား ပွါးများ အားထုတ်မှုကို အားမထုတ်မူ၍ နေသော ရဟန်းအား ကိုယ်သည် လေးလံနေ၏၊ အရပ် ရှစ်မျက်နှာတို့သည်လည်း ထိုရဟန်းအား မထင်ကုန်၊ တရားတို့သည်လည်း ထိုရဟန်းအား မထင်လာကုန်၊ လေးလံ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ'သည်လည်း ထိုရဟန်း၏ စိတ်ကို သိမ်းကျုံး၍ တည်နေ၏၊ မမွေ့လျော်ဘဲလျက်လည်း မြတ်သော အကျင့်ကို ကျင့်၍ နေရ၏၊ ထိုရဟန်းအား တရားတို့၌လည်း မဝေခွဲနိုင်ခြင်း 'ဝိစိကိစ္ဆာ' သည် ဖြစ်၏။

ရဟန်း ထိုအကြောင်းကြောင့် သင်သည် ဤသို့ ကျင့်ရမည်။

''ငါသည် ဣနြေ္ဒတို့၌ စောင့်ရှောက် လုံခြုံသော တံခါးရှိသူ ဖြစ်အံ့၊ ဘောဇဉ်တို့၌ အတိုင်းအရှည်ကို သိသူ နိုးကြားမှု၌ အားထုတ်သူ ကုသိုလ်တရားတို့ကို ရှုသူ ညဥ့်၏ ရှေ့ပိုင်း နောက်ပိုင်း၌ ဗောဓိပက္ခိယ တရားပွါးများ အားထုတ်မှုကို အားထုတ်သူ ဖြစ်၍ နေအံ့'' ဟု ကျင့်ရမည်။ ရဟန်း ဤသို့လျှင် သင်သည် ကျင့်ရမည်ဟု မိန့်တော်မူ၏။

ထိုအခါ ထိုရဟန်းသည် မြတ်စွာဘုရားက ဤအဆုံးအမတော်ဖြင့် ဆုံးမအပ်သည် ဖြစ်၍ နေရာမှ ထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ဖဲသွားလေ၏။

ထိုအခါ ထိုရဟန်းသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်ပြီးလျှင် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသော အမျိုးကောင်းသားတို့ လိုလားအပ်သော အတုမရှိသော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို မကြာမီ ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤ(မဂ်)ကိစ္စ အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ'' ဟု သိ၏၊ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

ထို့နောက် ထိုရဟန်းသည် အရဟတ္တဖိုလ်သို့ ရောက်လတ်သော် မိမိ ဥပဇ္ဈာယ် ဆရာထံသို့ ချဉ်းကပ်၍ -

''အသျှင်ဘုရား ယခုအခါ၌ အကျွန်ုပ်၏ကိုယ်သည် လေးလံခြင်း မဖြစ်တော့ပါ၊ အရပ်ရှစ်မျက်နှာတို့သည်လည်း အကျွန်ုပ်အား ထင်ပါကုန်၏၊ တရားတို့သည် လည်း အကျွန်ုပ်အား ထင်လာပါကုန်၏၊ လေးလံ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ'သည် လည်း အကျွန်ုပ်၏ စိတ်ကို သိမ်းကျုံး၍ မတည်တော့ပါ၊ မွေ့လျော်စွာလည်း မြတ်သော အကျင့်ကို ကျင့်ရပါ၏၊ တရားတို့၌ မဝေခွဲနိုင်ခြင်း 'ဝိစိကိစ္ဆာ' သည်လည်း အကျွန်ုပ်အား မရှိတော့ပါ'' ဟု လျှောက်၏။

ထိုအခါ ထိုဆရာဥပဇ္ဈာယ်ရဟန်းသည် ထိုအတူနေ တပည့်ရဟန်းကို ခေါ်ကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား-

''အသျှင်ဘုရား ဤရဟန်းသည် ဤသို့ ပြောဆိုပါ၏။
'အသျှင်ဘုရား ယခုအခါ၌ အကျွန်ုပ်၏ကိုယ်သည် လေးလံခြင်း မဖြစ်တော့ပါ၊ အရပ်ရှစ်မျက်နှာတို့သည်လည်း အကျွန်ုပ်အား ထင်ပါကုန်၏၊ တရားတို့သည် လည်း အကျွန်ုပ်အား ထင်လာပါကုန်၏၊ လေးလံ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' သည်လည်း အကျွန်ုပ်၏ စိတ်ကို သိမ်းကျုံး၍ မတည်တော့ပါ၊ မွေ့လျော်စွာလည်း မြတ်သော အကျင့်ကို ကျင့်ရပါ၏၊ တရားတို့၌ မဝေခွဲနိုင်ခြင်း 'ဝိစိကိစ္ဆာ' သည်လည်း အကျွန်ုပ်အား မရှိတော့ပါ' ဟူ၍ ပြောဆိုပါ၏'' ဟု လျှောက်၏။

ရဟန်း ဤစကားသည် ဤအတိုင်းပင်ဟုတ်၏၊

ဣနြေ္ဒတို့၌ စောင့်ရှောက် လုံခြုံသော တံခါးရှိသည်ဖြစ်၍ ဘောဇဉ်တို့၌ အတိုင်းအရှည်ကို သိသော နိုးကြားမှုကို အားထုတ်သော ကုသိုလ်တရားတို့ကို ရှုသည် ဖြစ်၍ ညဥ့်၏ ရှေ့ပိုင်း နောက်ပိုင်း၌ ဗောဓိပက္ခိယတရား ပွါးများ အားထုတ်မှုကို အားထုတ်၍နေသော ရဟန်းအား ကိုယ်သည် လေးလံ မနေတော့ပေ၊ အရပ်ရှစ်မျက်နှာတို့သည်လည်း ထိုရဟန်းအား ထင်ကုန်၏၊ တရားတို့သည်လည်း ထိုရဟန်းအား ထင်လာကုန်၏၊ လေးလံထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ'သည်လည်း ထိုရဟန်း၏ စိတ်ကို သိမ်းကျုံး၍ မတည်၊ မွေ့လျော်စွာလည်း မြတ်သော အကျင့်ကို ကျင့်ရ၏၊ ထိုရဟန်းအား တရားတို့၌လည်း မဝေခွဲနိုင်ခြင်း 'ဝိစိကိစ္ဆာ' သည် မဖြစ်တော့ပေ။

ရဟန်းတို့ ထိုအကြောင်းကြောင့် သင်တို့သည် ဤသို့ ကျင့်ရမည်-

''ငါတို့သည် ဣနြေ္ဒတို့၌ စောင့်ရှောက် လုံခြုံသော တံခါးရှိသူ ဖြစ်ကုန်အံ့၊ ဘောဇဉ်တို့၌ အတိုင်းအရှည်ကို သိသူ နိုးကြားမှု၌ အားထုတ်သူ ကုသိုလ် တရားတို့ကို ရှုသူ ညဥ့်၏ ရှေ့ပိုင်း နောက်ပိုင်း၌ ဗောဓိပက္ခိယတရား ပွါးများ အားထုတ်မှုကို အားထုတ်သူ ဖြစ်၍ နေကုန်အံ့'' ဟု ကျင့်ရမည်။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု မိန့်တော်မူ၏။ 56

၆ - ဥပဇ္ဈာယသုတ်၊ နီဝရဏဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ရိုသေမှု မရှိသော ထိုရဟန်းသည်...

ဒုတိယ အဂါရဝသုတ် မှ...

ရဟန်းတို့ ရိုသေမှု, တုပ်ဝပ်မှု, တူသော အသက်မွေးမှု မရှိသော ထိုရဟန်းသည် သီတင်းသုံးဖော်တို့၌ မြတ်သော ကျင့်ဝတ်တရားကို ဖြည့်ကျင့်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်ချေ။

မြတ်သော ကျင့်ဝတ်တရားကို မဖြည့်ကျင့်မူ၍ ကျင့်ဆဲ 'သေက္ခ' ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော တရားကို ဖြည့်ကျင့်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်။

ကျင့်ဆဲ 'သေက္ခ' ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော တရားကို မဖြည့်ကျင့်မူ၍ သီလ အစုကို ဖြည့်ကျင့်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်။

သီလအစုကို မဖြည့်ကျင့်မူ၍ သမာဓိအစုကို ဖြည့်ကျင့်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်။

သမာဓိအစုကို မဖြည့်ကျင့်မူ၍ ပညာအစုကို ဖြည့်ကျင့်လိမ့်မည် ဟူသော ဤ အကြောင်းမျိုးသည် မရှိနိုင် ဟု (မိန့်တော်မူ၏)။ 22

၂ - ဒုတိယ အဂါရဝသုတ်၊ မှ ၊ပဉ္စင်္ဂိကဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, September 16, 2009

ဦးပြည်း ရဟန်းယုတ်တို့သည် သောက်ရေကို မသောက်ကြရစေကုန်လင့်...

မြတ်ဗုဒ္ဓအပေါ်တွင် ယုတ်မာသူတို့သည်
ရှေးကထဲက ရှိခဲ့ကြလေသည်
ယခုလည်း ရှိပေသည်
နောင်ကိုလည်း ရှိလိမ့်ဦးမည်...


ဥဒပါနသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့် အတူ မလ္လတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူလတ်သော် မလ္လမင်းတို့၏ ထူဏမည်သော ပုဏ္ဏားရွာသို့ ဆိုက်ရောက်၏။ ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် ''အချင်းတို့ သာကီဝင်မင်းသားဖြစ်သော သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ရဟန်းဂေါတမသည် များစွာသော ရဟန်းသံဃာနှင့်အတူ မလ္လတိုင်း၌ ဒေသစာရီ လှည့်လည်ခဲ့ရာ ထူဏပုဏ္ဏားရွာသို့ ဆိုက်ရောက်၏'' ဟု ကြားကြကုန်၏။ ထိုအခါ ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် ''ဦးပြည်း ရဟန်းယုတ်တို့သည် သောက်ရေကို မသောက်ကြရစေကုန်လင့်'' ဟု (နှလုံးပိုက်ကာ) ရေတွင်းကို မြက်ဖြင့် လည်းကောင်း၊ ဖွဲဖြင့် လည်းကောင်း ရေတွင်း နှုတ်ခမ်းဝတိုင်အောင် ဖို့ကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် လမ်းခရီးမှ ဖဲ၍ သစ်ပင်ရင်းသို့ ချဉ်းကပ်လျက် ခင်းထားအပ်သော နေရာ၌ ထိုင်တော် မူပြီးသော် အသျှင်အာနန္ဒာအား ''အာနန္ဒာ ငါခိုင်းလို၏။ သင်သည် ငါဘုရား သောက်ရန် ထိုရေတွင်းမှ သောက်ရေကို ဆောင်ခဲ့လော့'' ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်ဆိုလတ်သော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားကို ''အသျှင်ဘုရား ယခုအခါ ဦးပြည်း ရဟန်းယုတ်တို့သည် သောက်ရေကို မသောက်ကြစေကုန်လင့်'' ဟု နှလုံးပိုက်ကာ ရေတွင်းကို ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြက်ဖြင့် လည်းကောင်း၊ ဖွဲဖြင့် လည်းကောင်း ရေတွင်း နှုတ်ခမ်းဝတိုင်အောင် ဖို့ထားကြ ပါကုန်သည်'' ဟု (လျှောက်၏)။

နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ''အာနန္ဒာ ငါခိုင်းလို၏။ သင်သည် ငါဘုရား သောက်ရန် ထိုရေတွင်းမှ သောက်ရေကို ဆောင်ခဲ့လော့'' ဟု (မိန့်တော်မူ၏)။

''အသျှင်ဘုရား ကောင်းပါပြီ'' ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ သပိတ်ကို ယူလျက် ထိုရေတွင်းသို့ ချဉ်းကပ်၏။ ထိုအခါ အသျှင်အာနန္ဒာ ချဉ်းကပ်လတ်သော် ထိုရေတွင်းသည် ထိုအလုံးစုံသော မြက်ကို လည်းကောင်း၊ ဖွဲကို လည်းကောင်း ရေတွင်းနှုတ်ခမ်းဝမှ အန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင် သော ရေဖြင့် တွင်းနှုတ်ခမ်းဝ
တိုင်အောင် ပြည့်လျက် စီးထွက်သကဲ့သို့ တည်၏။

ထိုအခါ အသျှင်အာနန္ဒာအား ဤအကြံသည် ဖြစ်၏ ''အချင်းတို့ မြတ်စွာဘုရား၏ တန်ခိုး အာနုဘော် ကြီးသည်၏ အဖြစ်သည် အံ့သြဖွယ်ရှိပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ ငါ ချဉ်းကပ် မိသောအခါ ဤရေတွင်းသည် အလုံးစုံသော မြက်ကို လည်းကောင်း၊ ဖွဲကို လည်းကောင်း တွင်းနှုတ်ခမ်းဝမှ အန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင် သော ရေဖြင့် ရေတွင်း နှုတ်ခမ်းဝတိုင်အောင် စီးထွက်သကဲ့သို့ တည်၏'' ဟု (အကြံဖြစ်၏၊) အသျှင်အာနန္ဒာသည် ဤသို့ ကြံပြီးလျှင် သပိတ်ဖြင့် သောက်ရေကို ယူဆောင်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍...

မြတ်စွာဘုရားကို ''အသျှင်ဘုရား မြတ်စွာဘုရား၏ တန်ခိုးအာနုဘော် ကြီးသည်၏ အဖြစ်သည် အံ့သြဖွယ်ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား တပည့်တော် ချဉ်းကပ်မိသောအခါ ထိုရေတွင်းသည် အလုံးစုံသော မြက်ကို လည်းကောင်း၊ ဖွဲကို လည်းကောင်း တွင်းနှုတ်ခမ်းဝမှ အန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင်သော ရေဖြင့် တွင်းနှုတ်ခမ်းဝ တိုင်အောင် ပြည့်လျက် စီးထွက် သကဲ့သို့ တည်ပါ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရေကို သောက်တော်မူပါ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သည် ရေကို သောက်တော်မူပါ'' ဟု လျှောက်၏။

မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌ -

''ရေတို့သည် အခါခပ်သိမ်း အရပ်အားလုံး တို့၌ အကယ်၍ ဖြစ်ပေါ်နေကြကုန်မူ ရေတွင်းဖြင့် အသို့ ပြုရအံ့နည်း။ အလိုရှိသည်ကို မရခြင်းကြောင့် ဖြစ်သော ဆင်းရဲ၏ အကြောင်းဖြစ်သော တဏှာ၏ အမြစ်ကို ဖြတ်၍တည်သော ငါကဲ့သို့သော ဘုရားသျှင်သည် အဘယ့်ကြောင့် ရှာမှီးရန် လှည့်လည်ရအံ့နည်း'' ဟု
ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 69

၉ - ဥဒပါနသုတ်၊ စူဠဝဂ်၊ ဥဒါန်းပါဠိတော်။ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။




ရဟန်းတို့ တဏှာဖြစ်ပေါ်ကြောင်း...

တဏှုပ္ပါဒသုတ်

ရဟန်းတို့ တဏှာဖြစ်ပေါ်ရာ အကြောင်းတို့သည် ဤလေးမျိုးတို့တည်း။
ရဟန်းအား တဏှာဖြစ်ပေါ်လာခဲ့သော် ယင်းလေးမျိုးတို့၌ ဖြစ်ပေါ်၏။

အဘယ်လေးမျိုးတို့နည်းဟူမူ-

ရဟန်းတို့ ရဟန်းအား တဏှာ ဖြစ်ပေါ်လာခဲ့သော် ...
သင်္ကန်း ဟူသော အကြောင်းကြောင့် မူလည်း ဖြစ်ပေါ်လာ၏၊

ရဟန်းတို့ ရဟန်းအား တဏှာ ဖြစ်ပေါ်လာခဲ့သော် ...
ဆွမ်းဟူသော အကြောင်းကြောင့် မူလည်း ဖြစ်ပေါ်လာ၏၊

ရဟန်းတို့ ရဟန်းအား တဏှာဖြစ်ပေါ်လာခဲ့သော် ...
ကျောင်းဟူသော အကြောင်းကြောင့် မူလည်း ဖြစ်ပေါ်လာ၏၊

ရဟန်းတို့ ရဟန်းအား တဏှာ ဖြစ်ပေါ်လာခဲ့သော် ...
အလီလီသော ဆေးပစ္စည်းဟူသော အကြောင်းကြောင့်မူလည်း ဖြစ်ပေါ်လာ၏၊

ရဟန်းတို့ တဏှာဖြစ်ပေါ်ရာ အကြောင်းတို့သည် ဤလေးမျိုးတို့တည်း၊ ရဟန်းအား တဏှာဖြစ်ပေါ်လာခဲ့သော် ယင်းလေးမျိုးတို့ကြောင့် ဖြစ်ပေါ်၏ဟု မိန့်တော်မူ၏။

တဏှာလျှင် အဖော်ရှိသော သတ္တဝါသည် ရှည်စွာသော ကာလပတ်လုံး ကျင်လည် ရလျက် ဤဖြစ်ပေါ်ဆဲ ခန္ဓာကိုယ်၊ အခြားဖြစ်လတ္တံ့ ခန္ဓာကိုယ်ဟူသော ခန္ဓာ အာယတနဓာတ်တို့၏ အစဉ်မပြတ် ဖြစ်ခြင်း သံသရာကို မလွန်မြောက်နိုင်ချေ။

တဏှာသည် ဝဋ်ဆင်းရဲ၏ ဖြစ်ကြောင်းတည်းဟု အပြစ်ကိုသိ၍ သတိရှိသော ရဟန်းသည် တပ်မက်ခြင်း မရှိဘဲ တစ်စုံတစ်ခုသော အာရုံကိုမျှ တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ ကျင့်ရာသတည်း။ 9

၉ - တဏှုပ္ပါဒသုတ်၊ ဘဏ္ဍဂါမဝဂ်၊ စတုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, September 14, 2009

ငြင်းခုံခြင်း၏ အကြောင်းရင်းကို မှတ်သားပါ...

ဝိဝါဒမူလသုတ် - (ဝိဝါဒ= ငြင်းခုံခြင်း၊ ဆန်ကျင်သောစကား။ မူလ= အကြောင်းရင်း၊ အမြစ်၊ အရင်း၊ ဆေးမြစ်)

ရဟန်းတို့ ငြင်းခုံခြင်း၏ အကြောင်းရင်းတို့သည် ဤခြောက်ပါးတို့တည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်

၁... အမျက် ထွက်တတ်၏၊
၂... ရန်ငြိုး ဖွဲ့တတ်၏၊
အမျက်ထွက်တတ် ရန်ငြိုးဖွဲ့တတ်သော ရဟန်းသည်...
၃... မြတ်စွာဘုရား၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည် ဖြစ်၍ နေ၏၊
၎... တရားတော်၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည် ဖြစ်၍ နေ၏၊
၅... သံဃာတော်၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည် ဖြစ်၍ နေ၏၊
၆... အကျင့်သိက္ခာ၌လည်း ဖြည့်ကျင့်လေ့ မရှိ။

ရဟန်းတို့ မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှုမရှိ တရားတော်၌ ရိုသေမှု တုပ်ဝပ်မှု မရှိ သံဃာတော်၌ ရိုသေမှု တုပ်ဝပ်မှု မရှိသည် ဖြစ်၍ နေသော အကျင့်သိက္ခာ၌ ဖြည့်ကျင့်လေ့ မရှိသော ရဟန်းသည် သံဃာ၌ ငြင်းခုံခြင်းကို ဖြစ်စေ၏၊ ယင်းငြင်းခုံခြင်းသည် လူအများ အစီးအပွါးမဲ့ရန် လူအများ ချမ်းသာမဲ့ရန် ဖြစ်၏၊ နတ်လူတို့ အကျိုးစီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏။

ရဟန်းတို့ ဤသို့ သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို သင်တို့သည် မိမိသန္တာန်၌ဖြစ်စေ၊ သူတစ်ပါး သန္တာန်၌ ဖြစ်စေ အကယ်၍ မြင်ကုန်ငြားအံ့၊ ထိုသို့ တွေ့မြင်ကုန်သော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်ရန် လုံ့လ ပြုကုန်လော့၊ ရဟန်းတို့ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါး သန္တာန်၌ ဖြစ်စေ အကယ်၍ မတွေ့မြင် ကုန်ငြားအံ့၊ ထိုသို့ မတွေ့မြင်ကုန်သော် မကောင်းသော ထိုငြင်းခုံခြင်း ၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေရန် ကျင့်ကြကုန်လော့။

ဤသို့ ကျင့်သည်ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်သည် မည်၏၊ ဤသို့ ပယ်သည်ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေသည် မည်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ကျေးဇူးကို ချေဖျက်တတ်၏၊ အပြိုင် ပြုတတ်၏။ပ။ ငြူစူတတ်၏၊ ဝန်တိုတတ်၏၊ စဉ်းလဲတတ်၏၊ လှည့်ပတ်တတ်၏၊ မကောင်းသော အလိုရှိ၏၊ မှားသောအယူရှိ၏၊ မိမိအယူကို မှားသောအားဖြင့် စွဲလမ်းတတ်၏၊ မိမိအယူကို မြဲစွာ ယူတတ်၏၊ စွန့်လွှတ်နိုင်ခဲ၏။

ရဟန်းတို့ မိမိအယူကို မှားသောအားဖြင့် စွဲလမ်းတတ်သူ မိမိအယူကို မြဲစွာ ယူတတ်သူ စွန့်လွှတ်နိုင်ခဲသူ ရဟန်းသည် မြတ်စွာဘုရား၌လည်း ရိုသေ တုပ်ဝပ်မှု မရှိ၊ တရားတော်၌လည်း ရိုသေ တုပ်ဝပ်မှုမရှိ၊ သံဃာတော်၌လည်း ရိုသေ တုပ်ဝပ်မှု မရှိသည်ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌လည်း ဖြည့်ကျင့်လေ့မရှိ။

ရဟန်းတို့ မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှု မရှိ တရားတော်၌လည်း ရိုသေမှု တုပ်ဝပ်မှုမရှိ သံဃာတော်၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည်ဖြစ်၍ နေသော အကျင့်သိက္ခာ၌လည်း ဖြည့်ကျင့်လေ့ မရှိသည့် ရဟန်းသည် သံဃာ့ဘောင်၌ ငြင်းခုံခြင်းကို ဖြစ်စေ၏၊ ယင်းငြင်းခုံခြင်းသည် လူအများ အစီးအပွါးမဲ့ရန် လူအများ ချမ်းသာမဲ့ရန် ဖြစ်၏၊ နတ်လူတို့ အကျိုးစီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏။

ရဟန်းတို့ သင်တို့သည် ဤသို့ သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါး သန္တာန်၌ ဖြစ်စေ၊ အကယ်၍ တွေ့မြင်ကုန်ငြားအံ့၊ ထိုသို့ တွေ့မြင်ကုန်သော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်ရန် လုံ့လကို ပြုကုန်လော့။

ရဟန်းတို့ သင်တို့သည် ဤသို့ သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါး သန္တာန်၌ ဖြစ်စေ၊ အကယ်၍ မတွေ့မြင် ကုန်ငြားအံ့၊ ထိုသို့ မတွေ့မြင်ကုန်သော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေရန် ကျင့်ကုန်လော့၊ ဤသို့ ကျင့်ကုန်သည် ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်သည် မည်၏၊ ဤသို့ ပယ်သည် ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေသည်မည်၏၊

ရဟန်းတို့ ငြင်းခုံခြင်း၏ အကြောင်းရင်းတို့သည် ဤခြောက်မျိုးတို့တည်း ဟု မိန့်တော်မူ၏။ 36

၆ - ဝိဝါဒမူလသုတ်၊ ဒေဝတာဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, September 13, 2009

သင့်အတွက် ပွါးစီးမှု ရှိသော လယ်မြေကောင်း...

ခေတ္တသုတ် - (လယ်၊ လယ်မြေ၊ မယား၊ ကိုယ်)


ရဟန်းတို့ ...
အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော လယ်၌ စိုက်ပျိုးအပ်သော မျိုးစေ့သည်
အကျိုးများ၏၊ သာယာဖွယ် များ၏၊ ပွါးစီးမှု ရှိ၏။

အဘယ်အင်္ဂါရှစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ...

၁... လယ်မြေသည် အမြင့်အနိမ့် မရှိ၊
၂... ကျောက်ခဲ ကျောက်စရစ်လည်း မရှိ၊
၃... ဆပ်ပြာလည်း မပေါက်၊
၎... ထွန်ကြောင်းလည်း နက်၏၊
၅... ရေဝင်ပေါက်နှင့်လည်း ပြည့်စုံ၏၊
၆... ရေထုတ်ပေါက်နှင့်လည်း ပြည့်စုံ၏၊
၇... ရေမြောင်းနှင့်လည်း ပြည့်စုံ၏၊
၈... ကန်သင်းနှင့်လည်း ပြည့်စုံ၏။

ရဟန်းတို့ ...
ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော လယ်မြေ၌ စိုက်ပျိုးအပ်သော မျိုးစေ့သည်
အကျိုးများ၏၊ သာယာဖွယ်များ၏၊ ပွါးစီးမှုရှိ၏။

ရဟန်းတို့ ...
ဤအတူသာလျှင် အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော သမဏဗြာဟ္မဏတို့၌ ပေးလှူ အပ်သော အလှူသည် အကျိုးများ၏၊ အာနိသင်များ၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့မှုရှိ၏။

အဘယ်အင်္ဂါရှစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤလောက၌ သမဏဗြာဟ္မဏတို့သည်

၁... မှန်ကန်သော အယူရှိကုန်၏၊
၂... မှန်ကန်သော အကြံ ရှိကုန်၏၊
၃... မှန်ကန်သော စကား ရှိကုန်၏၊
၎... မှန်ကန်သော အလုပ် ရှိကုန်၏၊
၅... မှန်ကန်သော အသက်မွေးမှု ရှိကုန်၏၊
၆... မှန်ကန်သော အားထုတ်မှု ရှိကုန်၏၊
၇... မှန်ကန်သော အောက်မေ့မှု ရှိကုန်၏၊
၈... မှန်ကန်သော တည်ကြည်မှု ရှိကုန်၏။

ရဟန်းတို့ ...
ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော သမဏဗြာဟ္မဏတို့၌ ပေးလှူအပ်သော အလှူသည် အကျိုးများ၏၊ အာနိသင်များ၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့မှုရှိ၏ ဟု မိန့်တော်မူ၏။

ကောင်းသောလယ်၌ စိုက်ပျိုးအပ်သော ပြည့်စုံသော မျိုးစေ့သည် မိုးကောင်းစွာ ရွာသည်ရှိသော် စပါး၏ ပြည့်စုံခြင်း ဘေးရန် မရှိမှုနှင့် ပြည့်စုံခြင်း ကြီးပွါးမှုနှင့် ပြည့်စုံခြင်း ပြန့်ပြောမှုနှင့် ပြည့်စုံခြင်း အသီး၏ ပြည့်စုံခြင်း ဖြစ်သကဲ့သို့၊ ဤအတူ ပြည့်စုံသော သီလရှိသော သမဏဗြာဟ္မဏတို့၌ ပေးလှူအပ်သော ပြည့်စုံသော ဘောဇဉ်သည် ထိုသူတော်ကောင်း ပြုအပ်သော ကောင်းမှု ပြည့်စုံသောကြောင့် (ကုသိုလ်တရားတို့၏) ပြည့်စုံခြင်းကို ဆောင်တတ်၏။ ထို့ကြောင့် ဤလောက၌ ပြည့်စုံခြင်းကို အလိုရှိသော ပြည့်စုံသော ပုဂ္ဂိုလ်သည် ပြည့်စုံသော ပညာရှိတို့ကို မှီဝဲကုန်ရာ၏၊ ဤသို့ မှီဝဲကုန်သော် ပြည့်စုံခြင်းတို့သည် ပြီးမြောက်ကုန်၏။

ဝိဇ္ဇာ (သုံးပါး), စရဏ (တစ်ဆယ့်ငါးပါး)နှင့် ပြည့်စုံသော သူ၌ စိတ်၏ ပြည့်စုံခြင်းကို ရ၍ ကံ၏ ပြည့်စုံခြင်းကို ပြု၏၊ အကျိုး၏ ပြည့်စုံခြင်းကို ရ၏။ ဟုတ်တိုင်းမှန်စွာ လောကကို သိ၍ (ဝိပဿနာ) ဉာဏ်အမြင်နှင့် ပြည့်စုံခြင်းသို့ ရောက်၍ (သောတာပတ္တိ) မဂ်ဉာဏ်နှင့် ပြည့်စုံခြင်းကို အစွဲပြု၍ ပြည့်စုံသော စိတ်ရှိသူသည် (အရဟတ္တဖိုလ်သို့) ရောက်၏၊ အလုံးစုံသော အညစ်အကြေးကို ခါတွက်လျက် နိဗ္ဗာန်နှင့် ပြည့်စုံခြင်းသို့ ရောက်၍ အလုံးစုံသော ဝဋ်ဆင်းရဲတို့မှ လွတ်၏၊ ထိုအလုံးစုံသော ဝဋ်ဆင်းရဲတို့မှ လွတ်ခြင်းသည် အလုံးစုံတို့နှင့် ပြည့်စုံခြင်း မည်၏။ 34

၎ - ခေတ္တသုတ်၊ မှ၊ ဒါနဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သင့်အတွက် ပွါးစီးမှု မရှိသော လယ်မြေ...

ခေတ္တသုတ် - (လယ်၊ လယ်မြေ၊ မယား၊ ကိုယ်)

ရဟန်းတို့ ...
ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော လယ်၌ စိုက်ပျိုးအပ်သော မျိုးစေ့သည်
အကျိုးမများ၊ သာယာဖွယ်မများ၊ ပွါးစီးမှု မရှိ။

အဘယ်အင်္ဂါရှစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤလောက၌ လယ်မြေသည်

၁... အမြင့် အနိမ့်လည်း ဖြစ်၏၊
၂... ကျောက်ခဲ ကျောက်စရစ်လည်း ရှိ၏၊
၃... ဆပ်ပြာလည်း ပေါက်၏၊
၎... ထွန်ကြောင်းလည်း မနက်၊
၅... ရေဝင်ပေါက်နှင့်လည်း မပြည့်စုံ၊
၆... ရေထုတ်ပေါက်နှင့်လည်း မပြည့်စုံ၊
၇... ရေမြောင်းနှင့်လည်း မပြည့်စုံ၊
၈... ကန်သင်းနှင့်လည်း မပြည့်စုံ။

ရဟန်းတို့ ...
ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော လယ်မြေ၌ စိုက်ပျိုးအပ်သော မျိုးစေ့သည် အကျိုးမများ၊ သာယာဖွယ်မများ၊ ပွါးစီးမှု မရှိ။

ရဟန်းတို့ ...
ဤအတူသာလျှင် ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော သမဏဗြာဟ္မဏတို့၌ ပေးလှူအပ်သော အလှူသည် အကျိုးမများ၊ အာနိသင်မများ၊ တန်ခိုးမကြီး၊ ကြီးသော ပျံ့နှံ့မှု မရှိ။

အဘယ်အင်္ဂါ ရှစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤလောက၌ သမဏဗြာဟ္မဏတို့သည်

၁... မှားသော အယူရှိကုန်၏၊
၂... မှားသော အကြံ ရှိကုန်၏၊
၃... မှားသော စကားရှိကုန်၏၊
၎... မှားသော အလုပ်ရှိကုန်၏၊
၅... မှားသော အသက်မွေးမှု ရှိကုန်၏၊
၆... မှားသော အားထုတ်မှု ရှိကုန်၏၊
၇... မှားသော အောက်မေ့မှု ရှိကုန်၏၊
၈... မှားသော တည်ကြည်မှု ရှိကုန်၏။

ရဟန်းတို့ ...
ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော သမဏဗြာဟ္မဏတို့၌ ပေးလှူအပ်သော အလှူ သည် အကျိုးမများ၊ အာနိသင်မများ၊ တန်ခိုးမကြီး၊ ကြီးသော ပျံ့နှံ့မှု မရှိ။ 34

၎ - ခေတ္တသုတ်၊ မှ၊ ဒါနဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

တရားငါးမျိုးနှင့်ပြည့်စုံသော ရဟန်းသည် သာသနာမှ ရွေ့လျောရ၏၊...

ဝစနသုတ် - (စကား၊ ဆိုခြင်း၊ ဟောခြင်း၊ သဒ္ဒါ၊ ပါဠိ)


ရဟန်းတို့ တရား ငါးမျိုးနှင့်ပြည့်စုံသော ရဟန်းသည် ရွေ့လျောရ၏၊
သူတော်ကောင်း တရား (သာသနာတော်) ၌ မတည်နိုင်။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

ရဟန်းတို့ ...

၁... ယုံကြည်မှု 'သဒ္ဓါ' မရှိသော ရဟန်းသည် ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌ မတည်နိုင်။

၂... ရှက်မှု 'ဟိရီ' မရှိသော ရဟန်းသည် ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌ မတည်နိုင်။

၃... ကြောက်လန့်မှု 'သြတ္တပ္ပ' မရှိသော ရဟန်းသည် ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌ မတည်နိုင်။

၎... ပျင်းရိသော ရဟန်းသည် ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌ မတည်နိုင်။

၅... သိမှု 'ပညာ' မရှိသော ရဟန်းသည် ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌ မတည်နိုင်။

ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် ရွေ့လျောရ၏၊
သူတော်ကောင်းတရား (သာသနာတော်)၌ မတည်နိုင်။ 8

၈ - ဝစနသုတ်၊ မှ၊ သေခဗလဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, September 12, 2009

မြတ်စွာဘုရား၏ စကားတော်ကို သက္ကတဘာသာဖြင့် မတင်အပ်...


ခုဒ္ဒကဝတ္ထုက္ခန္ဓက-မှ...

ထိုအခါ ယမေဠကရွာ၌ ကုဋမည်သော ပုဏ္ဏားမျိုး ရဟန်းညီနောင် နှစ်ဦးတို့ ရှိကုန်၏၊ အပြော အဆိုကောင်း အသံကောင်းသူတို့ ဖြစ်ကုန်၏။ ထိုရဟန်း ညီနောင်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကြကာ မြတ်စွာဘုရားအား-

''အသျှင်ဘုရား ယခုအခါ ရဟန်းတို့သည် အမည်အမျိုးမျိုး ရှိပါကုန်၏၊ အနွယ် အမျိုးမျိုး ရှိပါကုန်၏၊ ဇာတ်အမျိုးမျိုး ရှိပါကုန်၏၊ အမျိုးအသီးသီးမှ ထွက်၍ ရဟန်းပြုပါကုန်၏။ ထိုရဟန်းတို့သည် မိမိတို့ဘာသာဖြင့် မြတ်စွာဘုရား၏ စကားကို ဖျက်ဆီးပါကုန်၏၊ အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့သည် မြတ်စွာ ဘုရား၏ စကားကို သက္ကတဘာသာဖြင့် တင်ပါကုန်အံ့'' ဟု လျှောက်ကုန်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျားတို့ သင်တို့သည် ''အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ စကားကို သက္ကတဘာသာဖြင့် တင်ပါကုန်အံ့'' ဟု အဘယ့်ကြောင့် ပြောဆိုကုန်ဘိ သနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ သင်တို့ လျှောက်ဆိုသော အမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ ပ ။
ကဲ့ရဲ့တော်မူပြီး၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ ကို-

''ရဟန်းတို့ မြတ်စွာဘုရား၏ စကားတော်ကို သက္ကတဘာသာဖြင့် မတင်အပ်၊ တင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းတို့ မိမိတို့ ဘာသာဖြင့် မြတ်စွာဘုရား၏ စကားကို သင်ယူခြင်းငှါ ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။ 285

၅ - ခုဒ္ဒကဝတ္ထုက္ခန္ဓ၊ စူဠဝဂ်ပါဠိတော်၊ ဝိနည်းပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆွမ်းခဲဖွယ်ကို ပေးလှူသူသည်...

ဘောဇနသုတ်

ရဟန်းတို့ ဘောဇဉ်ကို ပေးလှူသူသည်
အလှူခံပုဂ္ဂိုလ်တို့အား ငါးမျိုးသော အရာဌာနတို့ကို ပေးလှူသည် မည်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ...

၁... အသက်ကို ပေးလှူသည် မည်၏။
၂... အဆင်းကို ပေးလှူသည် မည်၏။
၃... ချမ်းသာကို ပေးလှူသည် မည်၏။
၎... ခွန်အားကို ပေးလှူသည် မည်၏။
၅... ပညာကို ပေးလှူသည် မည်၏။

အသက်ကို ပေးလှူသည် မည်ခြင်းကြောင့်...
နတ်သက်သော် လည်းကောင်း၊ လူသက်သော် လည်းကောင်း ရှည်ရန်ဖြစ်၏၊

အဆင်းကို ပေးလှူသည် မည်ခြင်းကြောင့်...
နတ်အဆင်းသော် လည်းကောင်း၊ လူအဆင်းသော် လည်းကောင်း လှရန်ဖြစ်၏၊

ချမ်းသာကို ပေးလှူသည် မည်ခြင်းကြောင့်...
နတ်ချမ်းသာသော် လည်းကောင်း၊ လူချမ်းသာသော် လည်းကောင်း ရရန်ဖြစ်၏၊

ခွန်အားကို ပေးလှူသည် မည်ခြင်းကြောင့်...
နတ်ခွန်အားသော် လည်းကောင်း၊ လူခွန်အားသော် လည်းကောင်း ကြီးရန်ဖြစ်၏၊

ပညာကိုပေးလှူသည် မည်ခြင်းကြောင့်...
နတ်ပညာသော် လည်းကောင်း၊ လူပညာသော် လည်းကောင်း ရှိရန်ဖြစ်၏၊

ရဟန်းတို့ ဘောဇဉ်ကို ပေးလှူသူသည် အလှူခံပုဂ္ဂိုလ်တို့အား ဤငါးမျိုးသော အရာဌာနတို့ကို ပေးလှူသည် မည်၏ ဟု မိန့်တော်မူ၏။

ပညာရှိ ပုဂ္ဂိုလ်သည် အသက်အလှူကို ပေးလှူ၏၊ ခွန်အားအလှူကို ပေးလှူ၏၊ အဆင်းအလှူကို ပေးလှူ၏၊ ပညာအလှူကို ပေးလှူ၏၊ ထက်မြက်သော ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ချမ်းသာကို ပေးလှူ၏၊ ထိုပညာရှိသည် ချမ်းသာကို ရရှိ၏။ အသက်ကို လည်းကောင်း၊ ခွန်အားကို လည်းကောင်း၊ အဆင်းကို လည်းကောင်း၊ ချမ်းသာကို လည်းကောင်း၊ ပညာကို လည်းကောင်း ပေးလှူ သောကြောင့် ဖြစ်လေရာရာ ဘုံဘဝ၌ အသက်ရှည်ခြင်း အခြံအရံ ပေါများခြင်း ဖြစ်ရာသတည်း။ 37

၇ - ဘောဇနသုတ်၊ သုမနဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, September 10, 2009

သာသနာတော်၌ ကောင်းစွာ တည်သူ ဖြစ်လိုသော်...


ကိံသီလသုတ် - (ဘယ်အကျင့်သီလရှိသနည်း) (ကိံ= အဘယ်နည်း)

အဘယ်သို့သော ဝါရိတ္တသီလရှိသူ အဘယ်သို့သော စာရိတ္တသီလရှိသူ အဘယ်သို့ ကံတို့ကို ပွါးများသူသည် သာသနာတော်၌ ကောင်းစွာ တည်သူ ဖြစ်နိုင်ပါသနည်း၊ မြတ်သော အရဟတ္တဖိုလ်သို့လည်း ရောက်နိုင်ပါသနည်း။ 327-1

ပညာဂုဏ် ဇာတ်အရွယ်အားဖြင့် ကြီးသူတို့အား ရိုသေရာ၏၊ ငြူစူခြင်း မရှိရာ၊ အလေးပြုထိုက်သူ တို့ကို ဖူးမြော်ရန် အခါကိုလည်း သိရာ၏၊ တရားနာရန် ရခဲသော ခဏကို သိသည်ဖြစ်၍ ဟောကြားအပ်သော သမထဝိပဿနာ စကားကို လည်းကောင်း၊ ကောင်းစွာ ဟောအပ်သော ဘုရားဂုဏ်တော် စသော တရားတို့ကို လည်းကောင်း ရိုသေစွာ နာယူရာ၏။ 328-2

သင့်လျော်သော ကာလ၌ ခက်ထန်သော မာန်ကို ကင်းအောင်ပြုလျက် ကိုယ်နှင့် စိတ်ကိုနှိမ့်ချကာ ဆရာတို့ထံသို့ ဆည်းကပ်ရာ၏၊ ပါဠိ၏ အနက်သဘောကို လည်းကောင်း၊ ပါဠိကို လည်းကောင်း၊ သီလကို လည်းကောင်း၊ မြတ်သော အကျင့်ကို လည်းကောင်း အောက်မေ့ရာ၏၊ ကောင်းစွာလည်း ကျင့်ရာ၏။ 329-3

သမထဝိပဿနာတရားလျှင် မွေ့လျော်ရာရှိသူ တရား၌ မွေ့လျော်သူ တရား၌ တည်သူ တရား အဆုံးအဖြတ်ကို သိသူ ဖြစ်ရာ၏၊ တရားကို ဖျက်ဆီးတတ်သည့် စကားကို မဟောပြောရာ၊ ကောင်းစွာ ဟောအပ်သော မှန်သော စကားတို့ဖြင့် ကာလကို ကုန်လွန်စေရာ၏။ 330-4

ရယ်မြူးခြင်းကို လည်းကောင်း၊ အကျိုးမဲ့ စကားပြောခြင်းကို လည်းကောင်း၊ ငိုကြွေးခြင်းကို လည်းကောင်း၊ အရာ မဟုတ်သည်၌ အမျက်ထွက်ခြင်းကို လည်းကောင်း၊ လှည့်ပတ်ခြင်း 'မာယာ' ကို လည်းကောင်း၊ အံ့ဖွယ်ပြုခြင်းကို လည်းကောင်း၊ တပ်မက်ခြင်းကို လည်းကောင်း၊ မာနကို လည်းကောင်း၊ ချုပ်ချယ်ခြင်းကို လည်းကောင်း၊ ကြမ်းကြုတ်ခြင်းကို လည်းကောင်း၊ ရာဂဖန်ရည်ကို လည်းကောင်း၊ ကာမဂုဏ်၌ မိန်းမောခြင်းကို လည်းကောင်း စွန့်ပယ်လျက် မာန်ယစ်ခြင်း ကင်းကာ စိတ်တည်ကြည်သည် ဖြစ်၍ ကျင့်ရာ၏။ 5

ကောင်းစွာဟောအပ်သော စကားတို့သည် သိမှု (သုတမယဉာဏ်)ဟူသော အနှစ်သာ ရရှိကုန်၏၊ အကြား အမြင် သုတသည်လည်း သိအပ်ပြီးသော တရားတို့၌ ကောင်းစွာထားမှု 'သမာဓိ' ဟူသော အနှစ်သာရရှိ၏၊ အကြင် သူသည် ရာဂစသည်တို့၏ အစွမ်းဖြင့် အဆောတလျင် ပြုလုပ်၏၊ ကုသိုလ်တရားတို့၌ မေ့လျော့တတ်၏၊ ထိုသူအား ပညာသည် လည်းကောင်း၊ အကြားအမြင်သည် လည်းကောင်း မတိုးပွါး။ 332-6

အကြင်ပုဂ္ဂိုလ်တို့သည် အရိယာတို့ ဟောကြားအပ်သော တရား၌ မွေ့လျော်ကုန်၏၊
ထိုပုဂ္ဂိုလ်တို့သည် နှုတ်အားဖြင့် လည်းကောင်း၊ စိတ်အားဖြင့် လည်းကောင်း၊ ကိုယ်အားဖြင့် လည်းကောင်း အတုမရှိ မြတ်ကုန်၏၊ နိဗ္ဗာန်၌ မွေ့လျော်မှု အရိယမဂ်နှင့်ယှဉ်သော သမာဓိ၌ တည်ကုန်လျက် အကြားအမြင်၏ လည်းကောင်း ပညာ၏ လည်းကောင်း အနှစ် အရဟတ္တဖိုလ်ကို ရကုန်၏။ 333-7

၉ - ကိံသီလသုတ်၊ စူဠဝဂ်၊ သုတ္တနိပါတ်ပါဠိတော်။ ခုဒ္ဒကနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, September 9, 2009

ကိုယ်ဖြင့် နှီးနှောခြင်း...



ရဟန်းဝိနည်း ဒုတိယ အပြစ်အကြီးဆုံးအုပ်စုမှ...

ရာဂစိတ်ဖြင့်
ယနေ့ဖွားသော အမျိုးသမီးလေးမှစ၍
မထိရ မကိုင်ရ
တို့ထိကိုင်တွယ်လျှင် ဤအပြစ်သင့်သည်။
အပြစ်သင့်လျှင် သာမန် အာပတ်ဖြေ ဒေသနာကြားရုံဖြင့် မပြေ။

ကာယသံသဂ္ဂ သိက္ခာပုဒ် - (ကိုယ်ဖြင့် နှီးနှောခြင်း)


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိမြို့ အနာထပိဏ်သူဌေး၏ အရံ ဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ အသျှင်ဥဒါယီ သည် တော၌ နေ၏၊

ထိုအသျှင်၏ကျောင်းသည် အလွန်လှပ၏၊ ရှုချင်ဖွယ်ကောင်း၏၊ စိတ်ကို ကြည်လင်စေတတ်၏၊ အလယ်၌ အခန်းရှိ၏၊ ထက်ဝန်းကျင်၌ စမြင်ဆောင် လှည့်ထား၏၊ ညောင်စောင်း 'ခုတင်'အင်းပျဉ် 'ခုံရှည်' ဘုံလျို 'ဖုံ' ခေါင်းအုံးကို ကောင်းစွာ ခင်းကျင်းထား၏၊ သောက်ရေ သုံးရေကို ကောင်းစွာ တည်ထား၏၊ ပရိဝုဏ်ကို ကောင်းစွာ တံမြက်လှည်းထား၏၊ များစွာသော လူတို့သည် အသျှင် ဥဒါယီ၏ကျောင်းကို ကြည့်လို၍ လာကြကုန်၏၊ ပုဏ္ဏား တစ်ယောက်သည်လည်း ဇနီးနှင့်တကွ အသျှင် ဥဒါယီထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင် ဥဒါယီအား-

''အကျွန်ုပ်တို့သည် အသျှင်ဥဒါယီ၏ ကျောင်းကို ကြည့်လိုပါကုန်၏'' ဟု (ပြောသောအခါ) ''ပုဏ္ဏား သို့ဖြစ်လျှင် ကြည့်ပါ''ဟု သံကောက် 'သော့' ကို ယူ၍ မင်းတုပ်ကို နုတ်ပြီးလျှင် တံခါးကို တွန်း၍ ကျောင်းသို့ ဝင်လေ၏။ ထို ပုဏ္ဏားသည်လည်း အသျှင်ဥဒါယီ၏ နောက်မှ ဝင်လေ၏၊
ထိုပုဏ္ဏေးမ သည်လည်း ထို ပုဏ္ဏား နောက်မှ ဝင်လေ၏။

ထိုအခါ အသျှင်ဥဒါယီသည် လေသောက်တံခါး 'ပြူတင်း' အချို့ကို ဖွင့်လျက် လေသောက် တံခါး 'ပြူတင်း' အချို့ကို ပိတ်လျက် အခန်းကို အစဉ်လှည့်သွားပြီး လျှင် နောက်မှ လာ၍ ထို ပုဏ္ဏေးမ၏ အင်္ဂါကြီးငယ်တို့ကို သုံးသပ်ကိုင်တွယ်၏။

ထိုအခါ ထိုပုဏ္ဏားသည် အသျှင်ဥဒါယီနှင့် အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၍ ပြန်သွား၏။ ထို့နောက် ထိုပုဏ္ဏားသည် ဝမ်းမြောက်ရကား ''ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ရဟန်းတို့သည် မြင့်မြတ်တော်မူကြပါပေသည်။ ယင်း ရဟန်းတော်တို့သည် ဤကဲ့သို့တော၌ နေတော်မူကြပေသည်၊ အသျှင်ဥဒါယီသည် လည်း မြင့်မြတ်ပါပေသည်၊ ယင်းဥဒါယီသည်လည်း တော၌ နေတော်မူပေ သည်''ဟု ဝမ်းမြောက်သော စကားကို မြွက်ဆို၏။

ဤသို့ ဆိုလတ်သော် ထိုပုဏ္ဏေးမသည် ထိုပုဏ္ဏားအား ''ထိုအသျှင်ဥဒါယီ၏ မြင့်မြတ်သော သဘောသည် အဘယ်မှာ ရှိအံ့နည်း၊ သင်သည် ငါ၏ အင်္ဂါ ကြီးငယ်တို့ကို သုံးသပ်ကိုင်တွယ် သကဲ့သို့၊ ဤအတူပင် ရဟန်းဥဒါယီသည်လည်း ငါ၏ အင်္ဂါကြီးငယ်တို့ကို သုံးသပ် ကိုင်တွယ်လေပြီ''ဟု ပြောဆို၏။

ထိုအခါ ထိုပုဏ္ဏားသည် ''ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်ကုန်သော ရဟန်းတို့သည် အရှက်မရှိကုန်၊ သီလမရှိကုန်၊ မမှန်သည်ကို ဆိုလေ့ရှိကုန်၏၊ သို့စင်လျက် ဤရဟန်းတို့က တရားကို ကျင့်လေ့ရှိကုန်၏။ ညီညွတ်မျှတသော အကျင့်ကို ကျင့်လေ့ရှိကုန်၏၊ မြတ်သည်ကို ကျင့်လေ့ရှိကုန်၏၊ အမှန်ကို ဆိုလေ့ရှိကုန်၏၊ သီလရှိကုန်၏၊ ကောင်းသောသဘော ရှိကုန်၏ဟု ဝန်ခံကြတုံ ဘိ၏၊ ဤရဟန်းတို့အား ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်သည် မရှိတော့ပြီ၊ ဤရဟန်းတို့အား ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်သည် ပျောက်ပျက်ခဲ့လေပြီ၊ ဤရဟန်းတို့အား အဘယ်မှာ ရဟန်းအဖြစ် သူတော် သူမြတ်အဖြစ်သည် ရှိမည်နည်း၊ ဤရဟန်းတို့သည် ရဟန်းအဖြစ် သူတော်သူမြတ် အဖြစ်မှ ကင်းကွာကုန်ပြီ၊ အဘယ့်ကြောင့် ဥဒါယီရဟန်းသည် ငါ့မယား၏ အင်္ဂါကြီးငယ် တို့ကို သုံးသပ် ကိုင်တွယ်လေဘိသနည်း။

အမျိုးမိန်းမ 'အိမ်ထောင်ရှင်မ' အမျိုးသမီးကြီး 'အပျိုကြီး' အမျိုးသမီးငယ် 'အပျို' အမျိုးချွေးမ အမျိုး အစေခံမ တို့သည် အရံတွင်းသို့လည်းကောင်း၊ ကျောင်းသို့ လည်းကောင်း သွားရန် မသင့်လျော်တော့ပေ၊ အမျိုးမိန်းမ အမျိုးသမီးကြီး အမျိုးသမီးငယ် အမျိုးချွေးမ အမျိုးအစေခံမတို့သည် အရံတွင်းသို့ လည်းကောင်း၊ ကျောင်းသို့လည်းကောင်း သွားကြပါကုန်မူ ထိုအမျိုးသမီးတို့ကိုလည်း သာကီဝင် မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ဖျက်ဆီး ကုန်ရာ၏''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော ထိုပုဏ္ဏား၏ စကားကို ကြားကုန်ရကား အကြင်ရဟန်းတို့သည် အလိုနည်းပါးကုန်၏၊ ထိုရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်ဥဒါယီသည် မိန်းမနှင့် အတူတကွ ကိုယ်လက်နှီးနှောခြင်း သို့ ရောက်လေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။

ထို့နောက် ထိုရဟန်းတို့သည် အသျှင်ဥဒါယီကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် အသျှင်ဥဒါယီကို-

''ဥဒါယီ သင်သည် မိန်းမနှင့် အတူတကွ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်၏ဟူ သည် မှန်သလော'' ဟု စိစစ်မေးမြန်း တော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊ ''မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သောယောက်ျား ဤအပြုအမူသည် ရဟန်းတို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် အသင်သည် မိန်းမနှင့် အတူတကွ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်လေဘိသနည်း။

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် ရာဂနှင့် တကွဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူသည် မဟုတ်ပါလော။ပ။ကာမဂုဏ် အပူအအိုက်တို့၏ ငြိမ်းအေးမှုကို ဟောတော်မူသည်မဟုတ်ပါလော။

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောက်ျား ဤ သင်ပြုမိသောအမှု သည် မကြည် ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့သည် ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 269

ပညတ်သိက္ခာပုဒ်နှင့် သိက္ခာပုဒ်အဖွင့်...

အကြင် ရဟန်းသည် ရာဂဘီလူး ပူးဝင်အပ်သည်ဖြစ်၍ ဖောက်ပြန်သော စိတ်ဖြင့် မာတုဂါမနှင့် အတူတကွ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်ငြားအံ့၊ လက်ကို ကိုင်ခြင်းသို့လည်းကောင်း၊ ဆံထုံးကို ကိုင်ခြင်းသို့လည်းကောင်း၊ တစ်ပါးပါးသော အင်္ဂါကြီးငယ်ကို သုံးသပ်ကိုင်တွယ်ခြင်းသို့ လည်းကောင်း ရောက်ငြားအံ့၊ ထိုရဟန်းအား သံဃာဒိသိသ်အာပတ် သင့်၏၊
ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ 270-2


၂ - ကာယသံသဂ္ဂသိက္ခာပုဒ် အဖွင့်

အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟု အလိုရှိ အပ်၏။

ရာဂဘီလူးပူးဝင်အပ်သည် ဖြစ်၍ မည်သည် အလွန်တပ်မက်သည် ဖြစ်၍ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ ဖွဲ့နှောင်ရစ်ပတ်အပ်သော စိတ်ရှိသည်ဖြစ်၍။ ဖောက်ပြန်ဟူသည် တပ်မက်သော စိတ်သည်လည်း ဖောက်ပြန်သည် မည်၏၊ အမျက်ထွက်သော စိတ်သည်လည်း ဖောက်ပြန်သည် မည်၏၊ တွေဝေသော စိတ်သည်လည်း ဖောက်ပြန်သည် မည်၏၊ သို့ရာတွင် တပ်မက်သောစိတ်ကို ဤအရာ၌ ''ဖောက်ပြန်''ဟု အလိုရှိအပ်၏။

မာတုဂါမ မည်သည် လူမိန်းမတည်း၊
ဘီလူး (နတ်)မ မဟုတ်၊
ပြိတ္တာမ မဟုတ်၊
တိရစ္ဆာန်မ မဟုတ်၊
အယုတ်ဆုံးအားဖြင့် ယနေ့မွေးဖွားသော သူငယ်မတည်း၊
အရွယ်ကြီးသော မိန်းမ၌ ဆိုဖွယ်ရာ မရှိသည်သာတည်း။
အတူဟူသည် အတူတကွတည်း။
ကိုယ်လက် နှီးနှောခြင်းသို့ ရောက်ငြားအံ့ဟူသည် လွန်ကျူးမှုကို ဆို၏။

တံတောင်ဆစ်ကို အစပြု၍ လက်သည်းဖျားတိုင်အောင် လက်မည်၏။
ဆံထုံး မည်သည် ဆံပင်သက်သက်တို့သည် လည်းကောင်း၊
ချည်နှင့်ရောသော ဆံပင်တို့သည် လည်းကောင်း၊
ပန်းနှင့်ရောသော ဆံပင်တို့သည် လည်းကောင်း၊
ငွေနှင့်ရောသော ဆံပင်တို့သည် လည်းကောင်း၊
ရွှေနှင့်ရောသော ဆံပင်တို့သည် လည်းကောင်း၊
ပုလဲသွယ်နှင့်ရောသော ဆံပင်တို့သည် လည်းကောင်း၊
ပတ္တမြားကုံးနှင့် ရောသော ဆံပင်တို့သည် လည်းကောင်း ဆံထုံးမည်၏။
အင်္ဂါကြီးငယ် မည်သည် လက်ကိုလည်းကောင်း၊ ဆံထုံးကိုလည်းကောင်း ထား၍ အကြွင်းသည် အင်္ဂါကြီးငယ်မည်၏။ 271

ကာယသံသဂ္ဂ သိက္ခာပုဒ်၊ သံဃာဒိသိသ်အခန်း၊ ပါရာဇိကဏ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

နတ်မိုက်က ဤသို့ဆို၏...

နန္ဒနသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟု ခေါ်တော်မူ၏၊ ''အသျှင်ဘုရား'' ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား တာဝတိံသာနတ်ပြည်၌ ဖြစ်သော နတ်သား တစ်ယောက်သည် နန္ဒဝန်ဥယျာဉ်၌ နတ်သမီးအပေါင်း ခြံရံလျက် နတ်၌ ဖြစ်ကုန်သော ကာမဂုဏ်ငါးမျိုးတို့ဖြင့် ကုံလုံ ပြည့်စုံစွာ ပျော်မြူးစံပယ်နေစဉ် ထိုအချိန်၌ ဤဂါထာကို ရွတ်ဆို၏-

နတ်မိုက်က ဤသို့ဆို၏...
''အကြင်သူတို့သည် များသော အခြံအရံရှိကုန်သော သုံးကျိပ်ကုန်သော နတ်သားတို့၏ နေရာ နန္ဒဝန်ဥယျာဉ်ကို မမြင်ဖူးကုန်၊ ထိုသူတို့သည် ချမ်းသာကို မသိကုန်'' ဟု ရွတ်ဆို၏။

ရဟန်းတို့ ဤသို့ ဆိုသည်ရှိသော် နတ်သားတစ်ယောက်သည် ထိုနတ်သားကို ဂါထာဖြင့် ပြန်၍ရွတ် ဆို၏-

နတ်လိမ္မာက ဤသို့ပြန်ပြော၏...
''နတ်မိုက် ရဟန္တာတို့၏ စကားကို ဆိုလိုသော အခြင်းအရာဖြင့် သင်မသိ၊ ပြုပြင် စီရင်အပ်သော 'သင်္ခါရ' တရားအားလုံးတို့သည် အမြဲ မရှိကုန်၊ ဖြစ်တတ် ပျက်တတ်သော သဘောရှိကုန်၏၊ ဖြစ်ပြီးလျှင် ချုပ်ကုန်၏၊ ထိုသင်္ခါရတရားတို့၏ ငြိမ်းရာ နိဗ္ဗာန်သည်သာ ချမ်းသာ၏'' ဟု ပြန်၍ ရွတ်ဆို၏။ 11

၁ - နန္ဒနသုတ်၊ နန္ဒနဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ကိုယ်တိုင် သိမြင်သည်ကိုသာလျှင် ငါဘုရား ဟောတော်မူ၏...

မိစ္ဆာဒိဋ္ဌိကသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ငါဘုရားသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို စွပ်စွဲတတ်ကြသူ မှားသော အယူရှိကြသူမှားသော အယူဖြင့် ဆောက်တည်အပ်သော ကံရှိကြသူ သတ္တဝါတို့ကို လည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရသည်တို့ကို လည်းကောင်း ငါဘုရား မြင်တော်မူ၏။

ရဟန်းတို့ ငါဘုရားသည် ထိုအခြင်းအရာကို တစ်ပါးသော သမဏထံမှသော် လည်းကောင်း၊ ဗြာဟ္မဏထံမှသော် လည်းကောင်း ကြား၍ ဟောသည် မဟုတ်ပေ၊

ရဟန်းတို့ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို စွပ်စွဲတတ်ကြသူ မှားသော အယူရှိကြသူမှားသော အယူဖြင့် တည်ဆောက် အပ်သော ကံရှိကြသူ သတ္တဝါ တို့ကို လည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ် ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး ကျရောက်ရာ ဖြစ်သော ငရဲသို့ ကပ်ရောက်ရသည်တို့ကို လည်းကောင်း ငါဘုရား မြင်တော်မူ၏၊

ရဟန်းတို့ စင်စစ်သော်ကား ကိုယ်တိုင်သိ ကိုယ်တိုင်မြင် ကိုယ်တိုင်ထင်ရှားသော အခြင်းအရာကိုသာလျှင် ငါဘုရား ဟောတော်မူ၏။

ရဟန်းတို့ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို စွပ်စွဲတတ်ကြသူ မှားသော အယူရှိကြသူ မှားသောအယူဖြင့် ဆောက်တည်အပ် သော ကံရှိကြသူ သတ္တဝါတို့ကို လည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး ကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရသည်တို့ကို လည်းကောင်း ငါဘုရား မြင်တော်မူ၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော် မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို -

''ဤလောက၌ အကြားအမြင်နည်းသော ပုဂ္ဂိုလ်သည် ဤလူ့ပြည်ဝယ် အသက်တိုသည် ဖြစ်ပါလျက် ကိုယ်ဖြင့် မှားသော အမှုတို့ကို ပြု၍မှားသော စကားကိုလည်း ပြောဆို၍ မှားသော စိတ်ကိုလည်း ဆောက်တည်၍ မကောင်းမှုတို့ကို ပြု၏၊ ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ ရောက်ရ၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ 70

၁ - မိစ္ဆာဒိဋ္ဌိကသုတ်၊ တတိယဝဂ်၊ ဣတိဝုတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ပညာရှိသောသူ၏ အဖြစ်...

မောနေယျသုတ် - (ပညာရှိသောသူ၏ အဖြစ်)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့...
ရဟန္တာအဖြစ်ကို ပြုတတ်သော 'မောနေယျ' အကျင့်တို့သည် ဤသုံးပါးတို့တည်း။

အဘယ် သုံးပါးတို့နည်း-

၁... ကာယမောနေယျ၊
၂... ဝစီမောနေယျ၊
၃... မနောမောနေယျတို့တည်း။

ရဟန်းတို့...
ရဟန္တာအဖြစ်ကို ပြုတတ်သော 'မောနေယျ' အကျင့်တို့သည် ဤသုံးပါးတို့တည်း၊
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက် သဘောကို-

''ကာယဒုစရိုက်ကို ပယ်ဖျက်မှု ဝစီဒုစရိုက်ကို ပယ်ဖျက်မှု မနောဒုစရိုက်ကို ပယ်ဖျက်မှုရှိသော မဂ်ရေစင်ဖြင့် မကောင်းမှုကို ဆေးကြောပြီးသော မြင့်မြတ်သော မောနေယျတရားနှင့် ပြည့်စုံသော အာသဝေါ မရှိသူ ရဟန္တာကို မုနိဟူ၍ ဆိုကြကုန်၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ ရပါသည်။ 67

၈ - မောနေယျသုတ်၊ ဒုတိယဝဂ်၊ ဣတိဝုတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, September 8, 2009

ရဟန်းပြုကြသော သင်တို့အား ကိစ္စ နှစ်ပါးကို ပြုရမည်...

နန္ဒကသုတ် မှ...


ငါ့သျှင်တို့
ယခုအခါ မြတ်စွာဘုရားသည် ...
''နန္ဒက ကောင်းပေစွ ကောင်းပေစွ၊ နန္ဒက သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုကြသော သင်တို့အား တရားနှင့်စပ်သော စကား ဖြင့် အညီအညွတ် ထိုင်နေခြင်းသည် သင့်လျော်၏။
နန္ဒက စုဝေးကြသူတို့သည် တရားနှင့်စပ်သော စကားကိုဖြစ်စေ အပြစ်မရှိသော ဆိတ်ဆိတ် နေခြင်းကိုဖြစ်စေ ကိစ္စ နှစ်ပါးကို ပြုရမည်။

နန္ဒက ရဟန်းသည် သဒ္ဓါတရား ရှိ၏၊ သီလကား မရှိ၊ ဤသို့ဖြစ်သော် ထိုရဟန်း သည် ထိုအင်္ဂါနှင့်မပြည့်စုံ၊ ထို့ကြောင့် ''ငါသည် အဘယ်သို့လျှင် သဒ္ဓါတရား ရှိသူသည် လည်းကောင်း၊ သီလရှိသူသည် လည်းကောင်း ဖြစ်ရပါမည်နည်း'' ဟု ထိုအင်္ဂါကို ပြည့်စုံစေရမည်၊

နန္ဒက အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရား ရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏။ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏။ နန္ဒက ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏၊ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုကား မရ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ၊ ထို့ကြောင့် ''ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူ သီလရှိသူ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကို ရသူဖြစ်ရပါမည်နည်း'' ဟု ထိုအင်္ဂါကို ပြည့်စုံစေရမည်၊

နန္ဒက အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလရှိသူ လည်း ဖြစ်၏။ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုလည်း ရ၏၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏။ နန္ဒက ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏၊ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုလည်း ရ၏၊ သင်္ခါရတို့ကို သိမ်းဆည်းနိုင်သော ဝိပဿနာဉာဏ်ကိုကား မရ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ၊ နန္ဒက အခြေလေးချောင်းရှိသော သတ္တဝါသည် ရှိရာ၏၊ ထိုသတ္တဝါအား ခြေတစ်ချောင်းသည် ယုတ်လျော့၏၊ ချို့တဲ့၏၊ ဤသို့ဖြစ်သော် ထိုသတ္တဝါသည် ထိုအင်္ဂါနှင့် မပြည့်စုံသကဲ့သို့ နန္ဒက ဤအတူပင် ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလ ရှိသူလည်း ဖြစ်၏၊ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုလည်း ရ၏၊ သင်္ခါရတို့ကို သိမ်းဆည်း နိုင်သော ဝိပဿနာဉာဏ်ကိုကား မရ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ၊ ထို့ကြောင့် ''ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူသည် လည်းကောင်း၊ သီလရှိသူသည် လည်းကောင်း၊ အတွင်းသန္တာန်၌ စိတ် တည်ကြည်မှုကို ရသူသည် လည်းကောင်း၊ သင်္ခါရတို့ကို သိမ်းဆည်းနိုင်သော ဝိပဿနာဉာဏ်ကို ရသူသည် လည်းကောင်း ဖြစ်ရပါမည်နည်း'' ဟု ထိုအင်္ဂါကို ပြည့်စုံစေရမည်၊

နန္ဒက အကြင် အခါ၌ကား ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလ ရှိသူလည်းဖြစ်၏။ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုလည်း ရ၏၊ သင်္ခါရတို့ကို သိမ်းဆည်းနိုင်သော ဝိပဿနာဉာဏ်ကိုလည်း ရ၏။ ဤသို့ ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏ ဟု လေးပုဒ်တို့ဖြင့် အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကို ပြတော်မူ၍ နေရာမှ ထလျက် ကျောင်းတော်သို့ ဝင်တော်မူ၏။


၎ - နန္ဒကသုတ်၊ သမ္ဗောဓိဝဂ်၊ နဝကနိပါတ်၊ အင်္ဂုတ္တိုရ်ပ်ဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, September 4, 2009

သင် အိပ်နေခြင်းမှ ထလော့...



ဥဋ္ဌာနသုတ်

ရဟန်းတို့...
အိပ်ခြင်းမှ ထကြကုန်လော့၊ ကမ္မဋ္ဌာန် အားထုတ်ရန် ထိုင်နေကြကုန်လော့၊ သင်တို့အား အိပ်သဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ကိလေသာ နှိပ်စက် အခံခက်၍ နေကြကုန်သော ရာဂမြား စူးဝင်ကုန်သည်ဖြစ်၍ ဖောက်ပြန်ကုန်သော သင်တို့အား အိပ်ခြင်းသည် အဘယ်အကျိုး ရှိအံ့နည်း။ 334-1

ရဟန်းတို့...
အိပ်ခြင်းမှ ထကြကုန်လော့၊ ကမ္မဋ္ဌာန်အားထုတ်ရန် ထိုင် နေကြကုန်လော့၊ နိဗ္ဗာန် အကျိုးငှါ ပြင်းပြင်းထန်ထန် ကျင့်ကြကုန်လော့၊ သေမင်းသည် မေ့လျော့နေသော သင်တို့ကို သိ၍ မိမိအလိုသို့ လိုက်စေသည်ကို ပြုကာ မတွေဝေစေလင့်။ 335-2

ရဟန်းတို့...
လူတို့သည် လည်းကောင်း၊ နတ်တို့သည် လည်းကောင်း အကြင်တဏှာဖြင့် အလိုရှိကုန်သည် ဖြစ်၍ မှီလျက် တည်ကုန်၏၊ ကပ်ငြိတတ်သော ထိုတဏှာကို သင်တို့သည် လွန်မြောက်ကုန်လော့၊ ဗုဒ္ဓုပ္ပါဒနဝမခဏသည် သင်တို့ကို မလွန်စေလင့် ဗုဒ္ဓုပ္ပါဒနဝမ ခဏကို လွန်စေသူတို့သည် ငရဲ၌ ကျရောက်ကြ ရကုန်သည် ဖြစ်၍ စိုးရိမ်ရကုန်၏။ 336-3

ရဟန်းတို့...
မေ့လျော့ခြင်းသည် မြူမှုန် အညစ်အကြေး မည်၏၊ မေ့လျော့ခြင်းသို့ အဖန်ဖန် ကျရောက်နေသော မေ့လျော့ခြင်းသည်လည်း မြူမှုန် အညစ်အကြေးပင် ဖြစ်၏၊ မမေ့လျော့ခြင်းဖြင့် လည်းကောင်း၊ အာသဝက္ခယ (ဝိဇ္ဇာ) ဉာဏ်ဖြင့် လည်းကောင်း မိမိစိတ်နှလုံး၌ စူးဝင်နေသော မြားငြောင့်ကို နုတ်ရာ၏။ 337-4

၁ဝ - ဥဋ္ဌာနသုတ်၊ စူဠဝဂ်၊ သုတ္တနိပါတ်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သောကငြောင့်ကို ထုတ်နုတ်ပေးတော်မူပါ...

နာရဒသုတ်
မိဖုရား၏ အရိုးပြာကို စေတီ တည်ထားလေလော့...

အခါတစ်ပါး၌ အသျှင်နာရဒမထေရ်သည် ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ နေတော်မူ၏၊ ထိုအခါ မုဏ္ဍမင်း၏ ချစ်အပ် မြတ်နိုးအပ်သော မိဖုရားဘဒ္ဒါသည် သေလေ၏၊ ထိုမုဏ္ဍမင်းသည် ချစ်အပ် မြတ်နိုးအပ်သော မိဖုရားဘဒ္ဒါ သေဆုံးသောကြောင့် ရေလည်း မချိုး၊ နံ့သာလည်း မလိမ်းကျံ၊ ပွဲတော်လည်း မတည်၊ တိုင်းရေးပြည်မှု ကိစ္စကိုလည်း မစီရင် မလုပ်ဆောင်၊ နေ့ရောညဥ့်ပါ မိဖုရားဘဒ္ဒါ၏အလောင်း၌ လွန်စွာ တပ်မက်မောခြင်းဖြင့် မိန်းမောတွေဝေနေ၏။

ထိုအခါ မုဏ္ဍမင်းသည် ရွှေတိုက်စိုး ပိယကကို (ခေါ်၍) အမိန့်ပေး၏။
''အချင်းပိယက ထိုသို့ သေလွန်သောကြောင့် မိဖုရားဘဒ္ဒါ၏ အလောင်းကို သံဖြင့် ပြုလုပ်သော ဆီပြည့်သော ခေါင်း၌ ထည့်စိမ်၍ သံခေါင်းတစ်ခုဖြင့် ဖုံးအုပ် လေလော့၊ ယင်းသို့ ထည့်ထားခြင်းဖြင့် မိဖုရားဘဒ္ဒါ၏ အလောင်းကို ငါတို့ ကြာမြင့်စွာ ရှုမြင်ရကုန်အံ့'' ဟု (အမိန့်ပေး၏)။

ရွှေတိုက်စိုးပိယကသည် ''မင်းမြတ် ကောင်းပါပြီ'' ဟု မုဏ္ဍမင်း၏ စကားကို ဝန်ခံပြီးလျှင် ဘဒ္ဒါမိဖုရား၏ အလောင်းကို သံဖြင့် ပြုလုပ်ထားသော ဆီပြည့်သော ခေါင်း၌ ထည့်စိမ်၍ သံခေါင်းတစ်ခုဖြင့် ဖုံးထား၏။ ထိုအခါ ရွှေတိုက်စိုးပိယကအား ဤသို့ အကြံဖြစ်၏ -

''ဤမုဏ္ဍမင်း၏ ချစ်အပ် မြတ်နိုးအပ်သော ဘဒ္ဒါမိဖုရားသည် သေခဲ့၏၊ ထိုမင်းသည် မိမိချစ်အပ် မြတ်နိုးအပ်သော ဘဒ္ဒါမိဖုရား သေဆုံးသောကြောင့် ရေလည်း မချိုး၊ နံ့သာလည်း မလိမ်းကျံ၊ ပွဲတော်လည်း မတည်၊ တိုင်းရေးပြည်မှုကို လည်း မစီရင် မလုပ်ဆောင်၊ နေ့ရောညဥ့်ပါ မိဖုရားဘဒ္ဒါ၏ ကိုယ်ကောင်၌ လွန်စွာ တပ်မက်ခြင်းဖြင့် မိန်းမောတွေဝေနေ၏၊ တရားကို ကြားနာရသော် သောက ငြောင့်ကို နုတ်ပယ်နိုင်စေသည့် အဘယ် သမဏဗြာဟ္မဏသို့ မုဏ္ဍမင်းသည် ချဉ်းကပ်သင့်ပါသနည်း'' ဟု (အကြံဖြစ်၏)။

ထို့နောက် ရွှေတိုက်စိုး ပိယကအား ဤသို့ အကြံဖြစ်ပြန်၏ -
''ဤအသျှင်နာရဒမထေရ်သည် ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုအသျှင် နာရဒမထေရ်၏ ကောင်းသော ကျော်စောသံသည် ဤသို့ ပျံ့နှံ့၍ ထွက်၏ အသျှင်နာရဒသည် ပညာရှိ၏၊ ကျွမ်းကျင်လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ အကြားအမြင်များ၏၊ ဆန်းကြယ်စွာ ပြောဆိုတတ်၏၊ ကောင်းသော ပဋိဘာန်ရှိ၏၊ အသက် သိက္ခာလည်း ကြီး၏၊ရဟန္တာလည်း ဖြစ်၏ ဟု (ပျံ့နှံ့၍ ထွက်၏)။

မုဏ္ဍမင်းသည် အကယ်၍ အသျှင်နာရဒမထေရ်ကို ဆည်းကပ်ခဲ့လျှင် အသျှင် နာရဒမထေရ်၏ စကားကို ကြားနာရ၍ သောကငြောင့်ကို နုတ်ပယ်နိုင်ကောင်း နုတ်ပယ်နိုင်ရာ၏'' ဟု (အကြံဖြစ်၏)။

ထိုအခါ ရွှေတိုက်စိုးပိယကသည် မုဏ္ဍမင်းစံနေရာသို့ ချဉ်းကပ်၍ မုဏ္ဍမင်းအား ဤသို့ သံတော်ဦး တင်၏ -
''မင်းမြတ် ဤအသျှင်နာရဒမထေရ်သည် ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူပါ၏၊ ထိုအသျှင်နာရဒ၏ ကောင်းသော ကျော်စောသံ သည်လည်း ဤသို့ ပျံ့နှံ့၍ ထွက်ပါ၏၊ အသျှင်နာရဒသည် ပညာရှိ၏၊ ကျွမ်းကျင်လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ အကြားအမြင် များ၏၊ ဆန်းကြယ်စွာ ပြောဆိုတတ်၏၊ ကောင်းသော ပဋိဘာန်ရှိ၏၊ အသက်သိက္ခာလည်း ကြီး၏၊ ရဟန္တာလည်း ဖြစ်၏' ဟု (ပျံ့နှံ့၍ထွက်ပါ၏)။ အသျှင်မင်းမြတ်သည် အသျှင်နာရဒမထေရ်ကို ဆည်းကပ်ခဲ့လျှင် အသျှင်နာရဒမထေရ်၏ တရား စကားကို ကြားနာရ၍ သောကငြောင့်ကို နုတ်ပယ်နိုင်ရာပါ၏'' ဟု လျှောက်တင် လေ၏။

အချင်းပိယကသို့ ဖြစ်လျှင် အသျှင်နာရဒမထေရ်ကို ကြိုတင် လျှောက်ကြား သိစေပါလော့။ ''ငါကဲ့သို့သော မင်းသည် နိုင်ငံတော်၌ နေထိုင်သော သမဏဗြာဟ္မဏကို ရှေးဦးစွာ ကြိုတင် မသိစေဘဲ ချဉ်းကပ်သင့်သည် ဟု အသို့လျှင် မှတ်ယူနိုင်အံ့နည်း'' ဟု (မိန့်ဆိုလေ၏)။

''မင်းမြတ် ကောင်းပါပြီ'' ဟူ၍ ရွှေတိုက်စိုးပိယကသည် မုဏ္ဍမင်း၏ စကားကို ဝန်ခံခဲ့၍ အသျှင် နာရဒမထေရ်ထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် အသျှင်နာရဒမထေရ် အား -

''အသျှင်ဘုရား ဤမုဏ္ဍမင်း၏ ချစ်မြတ်နိုးအပ်သော မိဖုရားဘဒ္ဒါသည် နတ်ရွာစံခဲ့ပါ၏၊ ထိုမင်းသည် ချစ်အပ် မြတ်နိုးအပ်သော မိဖုရား ဘဒ္ဒါ သေဆုံးသောကြောင့် ရေလည်း မချိုး၊ နံ့သာလည်း မလိမ်းကျံ၊ ပွဲတော်ကိုလည်း မတည်၊ တိုင်းရေး ပြည်မှု ကိစ္စတို့ကိုလည်း မစီရင် မလုပ်ဆောင်၊ နေ့ရော ညဥ့်ပါ ဘဒ္ဒါမိဖုရား၏ အလောင်း၌ လွန်စွာ တပ်မက်မောခြင်းဖြင့် မိန်းမောတွေဝေနေပါ၏။ အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်နာရဒ၏ တရားတော်ကို ကြားနာရ၍ သောကငြောင့်ကို မုဏ္ဍမင်း ပယ်နုတ် နိုင်လောက်သော အခြင်းအရာအားဖြင့် တရား ဟောတော်မူပါလော့ ဟု လျှောက်လေ၏''။

ပိယက ယခုအခါ၌ မုဏ္ဍမင်းသည် တရားနာရန် အချိန်ကို သိ၏ တရားနာရန်မှာ မုဏ္ဍမင်း၏ အလိုအတိုင်းပင် ဖြစ်၏ဟု မိန့်တော်မူ၏။

ထိုအခါ ရွှေတိုက်စိုးပိယကသည် နေရာမှထ၍ အသျှင်နာရဒကို ရှိခိုးပြီးလျှင် အရိုအသေပြုလျက် မုဏ္ဍမင်းထံသို့ ချဉ်းကပ်၍ မုဏ္ဍမင်းအား -

''မင်းမြတ် အသျှင်နာရဒမထေရ် အခွင့်ပြုအပ်ပါပြီ၊ ယခုအခါ၌ သွားရန်အချိန်ကို အသျှင်မင်းမြတ် သိပါ၏၊ သွားရန်မှာ အသျှင်မင်းမြတ်၏ အလိုအတိုင်းပင် ဖြစ်ပါသည်'' ဟု လျှောက်တင်၏။ အချင်း ပိယကသို့ဖြစ်လျှင် ကောင်းကုန် ကောင်းကုန်သော ယာဉ်ရထားတို့ကို ပြင်ဆင်လော့ဟု အမိန့်ပေးလေ၏။

''မင်းမြတ် ကောင်းပါပြီ'' ဟု ရွှေတိုက်စိုး ပိယကသည် မုဏ္ဍမင်း၏ စကားကို ဝန်ခံခဲ့၍ ကောင်းကုန် ကောင်းကုန်သော ယာဉ်ရထားတို့ကို ပြင်ဆင်၍ မုဏ္ဍမင်းအား- ''မင်းမြတ် ကောင်းကုန် ကောင်းကုန်သော ယာဉ်ရထားတို့ကို ပြင်ဆင်ပြီးပါပြီ၊ မင်းမြတ်သည် ယခုအခါ၌ သွားရန် အချိန်ကို သိတော်မူပါ၏ သွားရန်မှာ အသျှင်မင်းမြတ်၏ အလိုအတိုင်း ဖြစ်ပါသည်'' ဟု လျှောက်တင်၏။

ထိုအခါ မုဏ္ဍမင်းသည် ကောင်းသော ယာဉ်ကို တက်စီး၍ ကောင်းကုန် ကောင်းကုန်သော ယာဉ်တို့ဖြင့် ကုက္ကုဋာရုံကျောင်းတိုက်သို့ အသျှင်နာရဒ မထေရ်ကို ဖူးမြော်ရန် ကြီးစွာသော မင်း၏ ကျက်သရေဖြင့် ကြွသွားတော်မူ၏။ ယာဉ်ဖြင့် သွားနိုင်သော အရပ်တိုင်အောင် ယာဉ်ဖြင့် သွား၍ ယာဉ်မှ ဆင်းသက်ပြီးသော် ခြေကျင်သာလျှင် ကျောင်းတိုက်သို့ ဝင်လေ၏။ ထို့နောက် အသျှင်နာရဒထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော မုဏ္ဍမင်းအား အသျှင်နာရဒမထေရ်သည် ဤစကားကို မိန့်တော်မူ၏ -

မင်းကြီး သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤငါးမျိုး တို့တည်း။

အဘယ် ငါးမျိုး တို့နည်း ဟူမူ -

အိုတတ်သော သဘောတရားသည် ''မအိုပါစေလင့်'' ဟူ၍ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ် ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတည်း။
နာတတ်သော သဘောတရားသည် ''မနာပါစေလင့်'' ဟူ၍။ပ။
သေတတ်သော သဘောတရားသည် ''မသေပါစေလင့်'' ဟူ၍။ပ။
ကုန်တတ်သော သဘောတရားသည် ''မကုန်ဆုံးပါစေလင့်'' ဟူ၍။ပ။
ပျက်စီးတတ်သော သဘောတရားသည် ''မပျက်စီးပါစေလင့်'' ဟူ၍ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတည်း။

မင်းကြီး အကြားအမြင် မရှိသော ပုထုဇဉ်အား အိုတတ်သော သဘောတရားသည် အိုခဲ့၏၊ အိုတတ်သော သဘောတရား အိုသည်ရှိသော် ထိုပုထုဇဉ်သည် ဤသို့ မဆင်ခြင်နိုင် -

''အိုတတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ အိုသည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း၊ တစ်ပါးသောဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့အား အိုတတ်သော သဘောတရားသည် အို၏၊ အိုတတ်သော သဘောတရားသည် အိုသည် ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီး မြည်တမ်းခဲ့မူ တွေဝေ မိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်ရာ၏၊ အလုပ်အကိုင်တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်းကုန်ရာ၏'' ဟု (မဆင်ခြင်နိုင်)။

အိုတတ်သော သဘောတရားသည် အိုသည်ရှိသော် ထိုပုထုဇဉ်သည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ တွေဝေခြင်းသို့ ရောက်၏။ မင်းကြီး အကြားအမြင် နည်းပါးသော ဤပုထုဇဉ်ပုဂ္ဂိုလ်ကို အဆိပ်ရှိသော သောကငြောင့် စူးဝင်သည် ဖြစ်၍ မိမိကိုယ်ကိုပင်လျှင် ပူပန်စေတတ်သူ ဟူ၍ ဆိုအပ်၏။

မင်းကြီး နောက်တစ်မျိုးကား အကြားမြင်မရှိသော ပုထုဇဉ်အား နာတတ်သော သဘောတရားသည့် နာခဲ့၏။ပ။ သေတတ်သော သဘောတရားသည် သေခဲ့၏။ပ။ ကုန်တတ်သော သဘောတရားသည် ကုန်ခဲ့၏။ပ။ ပျက်တတ်သော သဘော တရားသည် ပျက်ခဲ့၏၊ ပျက်တတ်သော သဘောတရားသည် ပျက်သည် ရှိသော် ထိုပုထုဇဉ်သည် ဤသို့ မဆင်ခြင်နိုင်။

''ပျက်တတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ ပျက်သည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့)လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်း ရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့အား ပျက်တတ်သော သဘောတရားသည် ပျက်၏၊ ပျက်တတ်သော သဘော တရားသည် ပျက်စီးသည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီး မြည်တမ်းခဲ့မူ တွေဝေ မိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင်တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်းကုန်ရာ၏'' ဟု (မဆင်ခြင်နိုင်)။

ပျက်တတ်သော သဘောတရားသည် ပျက်သည်ရှိသော် ထိုပုထုဇဉ်သည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ တွေဝေခြင်းသို့ ရောက်၏။ မင်းကြီး အကြားအမြင် နည်းပါးသော ဤပုထုဇဉ်ကို အဆိပ်ရှိသော သောကငြောင့် စူးဝင်သည် ဖြစ်၍ မိမိကိုယ်ကိုပင်လျှင် ပူပန်စေတတ်သူ ဟူ၍ ဆိုအပ်၏။

မင်းကြီး အကြားအမြင်ရှိသော အရိယာတပည့်အား အိုတတ်သော သဘောတရား သည် အိုခဲ့၏၊ အိုတတ်သော သဘောတရားသည် အိုသည်ရှိသော် ထို အရိယာတပည့်သည် ဤသို့ ဆင်ခြင်နိုင်၏ -

''အိုတတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ အိုသည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့လာခြင်း တစ်ပါးသောဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့အား အိုတတ် သော သဘောတရားသည် အို၏၊ အိုတတ်သော သဘောတရားသည် အိုသည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီး မြည်တမ်းခဲ့မူ တွေဝေ မိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်ရာ၏။ အလုပ်အကိုင်တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်းကုန်ရာ၏'' ဟု (ဆင်ခြင်နိုင်၏)။

အိုတတ်သော သဘောတရား အိုသည်ရှိသော် ထိုအရိယာတပည့်သည် မပူဆွေး၊ မပင်ပန်း၊ မငိုကြွေး ရင်ဘတ်စည်တီး မမြည်တမ်း၊ တွေဝေခြင်းသို့ မရောက်။ မင်းကြီး အကြားအမြင် ရှိသော ဤအရိယာတပည့်ကို အဆိပ်ရှိသော သောကငြောင့်ကို ထုတ်နုတ်သူ ဟူ၍ ဆိုအပ်၏။ ယင်းသောက ငြောင့်စူးဝင်သော အကြားအမြင် နည်းပါးသော ပုထုဇဉ်သည် မိမိကိုယ်ကိုပင်လျှင် ပူလောင်စေ၏၊ သောကငြောင့် မစူးဝင်သော အရိယာတပည့်သည် မိမိကိုယ်ကိုပင်လျှင် ငြိမ်းအေးစေ၏။

မင်းကြီး နောက်တစ်မျိုးကား အကြားအမြင်ရှိသော အရိယာတပည့်အား နာတတ် သော သဘောတရားသည် နာခဲ့၏။ပ။ သေတတ်သော သဘောတရားသည် သေခဲ့၏။ပ။ကုန်တတ်သော သဘောတရားသည် ကုန်ခဲ့၏။ပ။ပျက်စီးတတ်သော သဘောတရားသည် ပျက်စီးခဲ့၏၊ ပျက်စီးတတ်သော သဘော တရားပျက်သည် ရှိသော် ထိုအရိယာတပည့်သည် ဤသို့ ဆင်ခြင်နိုင်၏။

''ပျက်တတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ ပျက်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ပါးသောဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့အား ပျက်တတ်သော သဘောတရားသည် ပျက်၏၊ ပျက်တတ်သော သဘောတရား ပျက်သည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ် စည်တီး မြည်တမ်းခဲ့မူ တွေဝေခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်ရာ၏၊ အလုပ် အကိုင်တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက် ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်းကုန်ရာ၏'' ဟု ဆင်ခြင်နိုင်၏။

ပျက်တတ်သော သဘောတရား ပျက်သည်ရှိသော် ထိုအရိယာတပည့်သည် မပူဆွေး၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘတ်စည်တီး မငိုညည်း မမြည်တမ်း၊ တွေဝေခြင်းသို့ မရောက်။

မင်းကြီး အကြားအမြင်ရှိသော ဤအရိယာတပည့်ကို အဆိပ်ရှိသော သောကငြောင့်ကို ထုတ်နုတ်သောသူ ဟူ၍ ဆိုအပ်၏၊ ယင်းသောကငြောင့် စူးဝင်သော အကြားအမြင် နည်းပါးသော ပုထုဇဉ်သည် မိမိကိုယ်ကိုပင်လျှင် ပူလောင်စေ၏၊ သောကငြောင့် မစူးဝင်သော အရိယာတပည့်သည် မိမိကိုယ်ကို ပင်လျှင် ငြိမ်းအေးစေ၏။

မင်းကြီး သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤငါးမျိုးတို့ပင်တည်း ဟု မိန့်တော်မူ၏။

ဤလောက၌ ပူဆွေးခြင်း ငိုကြွေးခြင်းဖြင့် အကျိုး အနည်းငယ်မျှကိုလည်း စင်စစ် မရနိုင်၊ ပူဆွေးဆင်းရဲသော ထိုသူကို ရန်သူတို့ သိ၍ ဝမ်းမြောက်ကုန်၏။ အကြင်အခါ၌ကား အကြောင်းကို ဆုံးဖြတ်ခြင်း၌ သိသော ပညာရှိသည် ဘေးရန်တို့ကြောင့် မတုန်မလှုပ်၊ (ထိုအခါ၌ ) ရန်သူတို့သည် ထိုပညာရှိ ပုဂ္ဂိုလ်၏ ရှေးမူ အတိုင်း မဖောက်ပြန်သော မျက်နှာကို တွေ့မြင်၍ ဆင်းရဲကုန်၏။ ဂုဏ်ကျေးဇူးကို ချီးမွမ်းသဖြင့် ဖြစ်စေ တန်ခိုးရှိသော မန္တာန်ကို ရွတ်အံသရဇ္ဈာယ် သဖြင့် ဖြစ်စေ ကောင်းမွန်သော စကားကို ပြောဆို၍ ဖြစ်စေ တံစိုး လက်ဆောင်ပေးသဖြင့် ဖြစ်စေ မျိုးရိုးစဉ်ဆက်ကို ပြသဖြင့် ဖြစ်စေ အကျိုးရနိုင် သမျှ အရာ၌ အားထုတ်ရာ၏။ ငါသော် လည်းကောင်း၊ အခြားသူသော် လည်းကောင်း မအိုခြင်းစသော ထိုအကျိုးကို မရအပ်ဟူ၍အကယ်၍ သိခဲ့မူ ငါသည် ဝဋ်၌ တည်နေစေသော ကံကို မြဲမြံစွာ အားထုတ်အပ်ပြီးခဲ့ပြီ၊ ယခုအခါ၌ အဘယ်သို့လျှင် ပြုတော့အံ့နည်း ဟု ဆင်ခြင်၍ ပူဆွေးခြင်း မရှိဘဲ သည်းခံရာ၏။


ဤသို့ ဟောကြားတော်မူသည် ရှိသော် မုဏ္ဍမင်းသည် အရှင်နာရဒအား ''အသျှင်ဘုရား ဤတရားဒေသနာသည် အဘယ်အမည် ရှိပါသနည်း'' ဟု လျှောက်၏။

မင်းကြီး ဤတရားဒေသနာသည်
သောကငြောင့်ကို ထုတ်နုတ်ကြောင်း ဖြစ်၍
'သောကသလ္လဟရဏ' မည်၏ ဟု မိန့်ဆို၏။

အသျှင်ဘုရား သောကငြောင့်ကို ထုတ်ဆောင်တတ်သည် စင်စစ် မှန်ပါပေ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤတရားတော်ကို ကြားနာရ၍ သောကငြောင့်ကို နုတ်ပယ်ပြီးပါပြီ ဟု (လျှောက်၏)။

ထို့နောက် မုဏ္ဍမင်းသည် ရွှေတိုက်စိုးပိယကကို ခေါ်၍ -
''အချင်းပိယက ထိုသို့ သောက ကင်းပြီးဖြစ်သောကြောင့် မိဖုရားဘဒ္ဒါ၏ အလောင်းကို မီးသင်္ဂြိုဟ်လော့၊ ထိုမိဖုရား၏ အရိုးပြာကို စေတီ နတ်ကွန်း တည်ထားလေလော့၊ ယနေ့မှ စ၍ ငါတို့သည် ရေလည်း ချိုးကုန်အံ့၊ နံ့သာလည်း လိမ်းကျံကုန်အံ့၊ ပွဲတော်ကိုလည်း တည်ကုန်အံ့၊ တိုင်းရေးပြည်မှု တို့ကိုလည်း စီရင်လုပ်ဆောင်ကြကုန်အံ့'' ဟု မိန့်ဆိုလေသတည်း။ 50

၁ဝ - နာရဒသုတ်၊ မုဏ္ဍရာဇဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, September 3, 2009

ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏...


ဇိဂုစ္ဆိတဗ္ဗသုတ် - (ရွံရှာစက်ဆုပ်အပ်သည်)

ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။

အဘယ် သုံးမျိုး တို့နည်းဟူမူ-

၁...
ရဟန်းတို့ စက်ဆုပ်ထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏၊

၂...
ရဟန်းတို့ လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏၊

၃...
ရဟန်းတို့ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏။

၁...
ရဟန်းတို့ စက်ဆုပ်ထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ မစင်ကြယ်သော အကျင့်ရှိ၏၊ ယုံမှားဖွယ်သော အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊ ရဟန်း မဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့် ရှိသူ မဟုတ်ဘဲလျက် မြတ်သော အကျင့်ရှိသူဟု ဝန်ခံ၏၊ အတွင်းသဘော ပုပ်၏၊ ဖြစ်ပေါ်သော ရာဂ စသည်ဖြင့် စွတ်စို၏၊ ဖြစ်ပေါ်သော ရာဂ စသော အမှိုက်ရှိ၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို စက်ဆုပ်ထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း...
ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို အတုလိုက်ခြင်းသို့ အကယ်၍ မရောက်စေကာမူ ''ဤပုဂ္ဂိုလ်သည် ယုတ်ညံ့သော အဆွေခင်ပွန်းရှိ၏၊ ယုတ်ညံ့ သော အပေါင်းအဖော်ရှိ၏၊ ယုတ်ညံ့သော အဆွေခင်ပွန်းသို့ ညွတ်ကိုင်း၏ဟု ထိုမှီဝဲသော သူ၏ ယုတ်ညံ့သော ကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက်၏။

ရဟန်းတို့ မစင်တွင်းသို့ ကျသော မြွေသည် ထို ဆယ်သောသူကို အကယ်၍ မကိုက်စေကာမူ မစင်ဖြင့်မူကား လိမ်းကျံစေနိုင် သကဲ့သို့၊ ရဟန်းတို့ ဤ အတူသာလျှင် ဤသို့သဘောရှိသော ပုဂ္ဂိုလ်အား အတုလိုက်ခြင်းသို့ အကယ်၍ မရောက်စေကာမူ ''ဤပုဂ္ဂိုလ်သည် ယုတ်ညံ့သော အဆွေခင်ပွန်းရှိ၏၊ ယုတ်ညံ့သော အပေါင်းအဖော်ရှိ၏၊ ယုတ်ညံ့သော အဆွေခင်ပွန်းသို့ ညွတ်ကိုင်း၏'' ဟု ထိုမှီဝဲသော သူ၏ ယုတ်ညံ့သော ကျော်စော သတင်းသည် ပျံ့နှံ့၍ ထွက်၏။ ထို့ကြောင့် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို စက်ဆုပ်ထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်။

၂...
ရဟန်းတို့ လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ် ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်း များ၏၊ အနည်းငယ် ပြောဆိုရုံမျှဖြစ်သော်လည်း ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏၊ အမျက်ထွက်ခြင်းကို လည်းကောင်း၊ ပြစ်မှားခြင်းကို လည်းကောင်း၊ မနှစ်သက်ခြင်းကို လည်းကောင်း ထင်စွာပြုတတ်၏။

ရဟန်းတို့ အနာဟောင်းသည် သစ်သားစဖြင့်သော် လည်းကောင်း၊ အိုးခြမ်းကွဲ ဖြင့်သော် လည်းကောင်း ထိခိုက်မိသော် လွန်လွန် ကဲကဲ (သွေးပြည် အရိအရွဲတို့) ယိုထွက်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင်။ပ။ ရဟန်းတို့ လောင်နေဆဲဖြစ်သော တည်သားမီးစသည် သစ်သားစ ဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲ ဖြင့်သော် လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ ဖြစ်ဖြစ်မြည် သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင်။ပ။

ရဟန်းတို့ မစင်တွင်းသည် သစ်သားစဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့် သော် လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ မကောင်းသော အနံ့ဖြစ်သကဲ့ သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်း များ၏၊ အနည်းငယ် ပြောဆိုရုံမျှ ဖြစ်သော်လည်း ကပ်ငြိတတ်၏၊ အမျက်ထွက် တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန် တတ်၏၊ အမျက်ထွက်ခြင်းကို လည်းကောင်း၊ ပြစ်မှားခြင်းကို လည်းကောင်း၊ မနှစ်သက်ခြင်းကို လည်းကောင်း ထင်စွာပြုတတ်၏။ ရဟန်းတို့ ဤသို့ သဘော ရှိသော ပုဂ္ဂိုလ်ကို လျစ်လျူရှုထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ် ထိုက်၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ငါ့ကို ဆဲရေးမူလည်း ဆဲရေးရာ၏၊ ငါ့ကို ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်ရာ၏၊ ငါ့ကို အကျိုးမဲ့ပြုမူ လည်း ပြုရာ၏။ ထို့ကြောင့် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို လျစ်လျူရှုထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်။

၃...
ရဟန်းတို့ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဉ်းကပ်ထိုက်၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်၏ အတုလိုက် ခြင်းသို့ အကယ်၍ မရောက် စေကာမူ ''ဤပုဂ္ဂိုလ်သည် ကောင်းသော အဆွေခင်ပွန်းရှိ၏၊ ကောင်း သော အပေါင်းအဖော်ရှိ၏၊ ကောင်းသော အဆွေခင်ပွန်းသို့ ညွတ်ကိုင်း၏'' ဟု ထိုမှီဝဲသော သူ၏ ကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက်၏။ ထို့ကြောင့် ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဉ်းကပ်ထိုက် ၏၊

ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ် သုံးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု မိန့်တော်မူ၏။

မိမိအောက် သီလစသည်ဖြင့် နိမ့်သူကို ပေါင်းဖော် မှီဝဲလေ့ရှိသူသည် ဆုတ်ယုတ် ရ၏၊ မိမိနှင့် သီလစသည်ဖြင့် တူသူကို ပေါင်းဖော်မှီဝဲလေ့ရှိသူသည် တစ်ရံ တစ်ခါမျှ မဆုတ်ယုတ်ရာ၊ မိမိထက် သီလ စသည်ဖြင့် မြင့်မြတ်သူကို ဆည်းကပ်သူသည် လျင်စွာ တိုးတက်၏။ ထို့ကြောင့် မိမိထက် သီလ စသည်ဖြင့် မြင့်မြတ်သူကို ဆည်းကပ်ရာ၏။ 27

၇ - ဇိဂုစ္ဆိတဗ္ဗသုတ်၊ ပုဂ္ဂလဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။