နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။

သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Tuesday, June 30, 2009

မိမိ၏ အစီးအပွါး အလို့ငှါသာ ကျင့်၏...

ပဌမ ဟိတသုတ် - (အစီးအပွား၊ အကျိုး)

ရဟန်းတို့ …
တရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ အစီးအပွါး အလို့ငှါသာ ကျင့်၏၊
သူတစ်ပါး၏ အစီးအပွါး အလို့ငှါ မကျင့်။

အဘယ် တရား ငါးမျိုးတို့နည်း ဟူမူ -
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်

၁…
မိမိကား သီလနှင့် ပြည့်စုံ၏၊
သူတစ်ပါးကိုမူ သီလနှင့် ပြည့်စုံစေရန် မဆောက်တည်စေ။

၂…
မိမိကား သမာဓိနှင့် ပြည့်စုံ၏၊
သူတစ်ပါးကိုမူ သမာဓိနှင့် ပြည့်စုံစေရန် မဆောက်တည်စေ။

၃…
မိမိကား ပညာနှင့် ပြည့်စုံ၏၊
သူတစ်ပါးကိုမူ ပညာနှင့် ပြည့်စုံစေရန် မဆောက်တည်စေ။

၎…
မိမိကား (ကိလေသာမှ) လွတ်မြောက်ခြင်း 'ဝိမုတ္တိ' နှင့် ပြည့်စုံ၏၊
သူတစ်ပါးကိုမူ (ကိလေသာမှ) လွတ်မြောက်ခြင်း 'ဝိမုတ္တိ' နှင့် ပြည့်စုံစေရန် မဆောက်တည်စေ။

၅…
မိမိကား (ကိလေသာမှ) လွတ်မြောက်မှုကို ဆင်ခြင်တတ်သော 'ပစ္စဝေက္ခဏာ' ဉာဏ်အမြင်နှင့် ပြည့်စုံ၏၊ သူတစ်ပါးကိုမူ(ကိလေသာမှ) လွတ်မြောက်မှုကို ဆင်ခြင်တတ်သော 'ပစ္စဝေက္ခဏာ' ဉာဏ်အမြင်နှင့် ပြည့်စုံစေရန် မဆောက် တည်စေ။

ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ အစီးအပွါး အလို့ငှါသာ ကျင့်၏၊ သူတစ်ပါး၏ အစီးအပွါး အလို့ငှါ မကျင့် ဟု မိန့်တော်မူ၏။ 17

၇ - ပဌမ ဟိတသုတ်၊ ဗလ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


((ဤရဟန်းကို အတ္တကြီးသည်ဟု မြတ်ဗုဒ္ဓက အပြစ်မတင်ပါ))

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, June 29, 2009

အသျှင်ဘုရား အဘယ်ပုဂ္ဂိုလ်၌ အလှူကို ပေးလှူအပ်ပါသနည်း...

ဣဿတ္တသုတ် - (မြားအတတ်)





သာဝတ္ထိနိဒါန်း။

တစ်ခုသောနေရာ၌ ထိုင်နေပြီးသော
ပသေနဒီ ကောသလမင်းသည် မြတ်စွာဘုရားအား…

''အသျှင်ဘုရား အဘယ်ပုဂ္ဂိုလ်၌ အလှူကို ပေးလှူအပ်ပါသနည်း'' ဟု လျှောက်၏၊

မင်းကြီး အကြင်ပုဂ္ဂိုလ်၌ စိတ်သည် ကြည်ညို၏၊
ထိုပုဂ္ဂိုလ်အား ပေးလှူအပ်၏ ဟု မိန့်တော်မူ၏။

အသျှင်ဘုရား အဘယ်ပုဂ္ဂိုလ်၌ အလှူကို ပေးလှူခြင်းသည် အကျိုးကြီးပါသနည်း။

မင်းကြီး အဘယ်ပုဂ္ဂိုလ်၌ အလှူကို ပေးလှူအပ်ပါသနည်း ဤအမေးသည် တစ်မျိုး သာတည်း။ ထို့ပြင် အဘယ်ပုဂ္ဂိုလ်၌ ပေးလှူခြင်းသည် အကျိုးကြီးပါသနည်း ဤအမေးသည် တစ်မျိုးသာတည်း။ မင်းကြီး စင်စစ် သီလရှိသော ပုဂ္ဂိုလ်အား ပေးလှူခြင်းသည် အကျိုးကြီး၏၊ သီလမရှိသော ပုဂ္ဂိုလ်အား ပေးလှူခြင်းသည် အကျိုးမကြီး။ မင်းကြီး သို့ဖြစ်လျှင် ဤအရာ၌ သင်မင်းကြီးကိုပင်လျှင် တစ်ဖန် မေးဦးအံ့၊ ထိုအမေးကို သင်နှစ်သက်သလို ဖြေကြားလော့။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊
ဤအရပ်၌ သင့်အား စစ်သည် စုရုံး၍ စစ်ထိုးခြင်းသည် ရှေးရှုထင်၏၊ ထိုသို့ ထင်လတ်သော် လေးအတတ်ကို မသင်ရသေး၍ လေးမြားအတတ်၌ လက်ကျင့် မရသေးသော (လေးအတတ်၌) မလေ့လာဖူးသေးသော ပြုလုပ်ထားသော စက်ဝန်း၌ မြားကို မကျစေနိုင်သော ကြောက်တတ်သော တုန်လှုပ်တတ်သော ထိတ်လန့်တတ်သော ပြေးတတ်သော မင်းသားသည် လာရာ၏၊ ထိုပုဂ္ဂိုလ်ကို (သင်သည်) မွေးမြူမည်လော၊ သင့်အား ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလိုရှိမည်လော ဟု မေးတော်မူ၏။

အသျှင်ဘုရား ထိုပုဂ္ဂိုလ်ကို အကျွန်ုပ်သည် မမွေးမြူ၊
အကျွန်ုပ်အား ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်ကို အလိုမရှိပါ။
ထို့ပြင် လေးအတတ်ကို မသင်ရသေးသော ပုဏ္ဏားလုလင်သည် လာရာ၏။ပ။
ထို့ပြင် လေးအတတ်ကို မသင်ရသေးသော ကုန်သည်လုလင်သည် လာရာ၏။ပ။
ထို့ပြင် လေးအတတ်ကို မသင်ရသေးသော သူဆင်းရဲလုလင်သည် လာရာ၏။ပ။
အကျွန်ုပ်သည် ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်ကို အလိုမရှိပါ ဟု လျှောက်၏။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊
ဤအရပ်၌ သင့်အား စစ်သည် စုရုံး၍ စစ်ထိုးခြင်းသည် ရှေးရှုထင်၏။ ထိုသို့ ထင်လတ်သော် လေးအတတ်ကို သင်ပြီး၍ လေးမြားအတတ်၌ လက်ကျင့်ရ ပြီးသော (လေးအတတ်၌) လေ့လာပြီးသော ပြုလုပ်ထားသော စက်ဝန်း၌ မြားကို ကျစေနိုင်သော မကြောက်တတ်သော မတုန်လှုပ်တတ်သော မထိတ်လန့်တတ် သော မပြေးတတ်သော မင်းသားသည် လာရာ၏၊ ထိုပုဂ္ဂိုလ်ကို (သင်သည်) မွေးမြူမည်လော၊ သင့်အား ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလိုရှိမည်လော ဟု မေးတော်မူ၏။

အသျှင်ဘုရား ထိုပုဂ္ဂိုလ်ကို အကျွန်ုပ်သည် မွေးမြူလိုပါ၏၊
အကျွန်ုပ်သည် ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလိုရှိပါ၏။
ထို့ပြင် ပုဏ္ဏားလုလင်သည် လာရာ၏။ပ။
ထို့ပြင် ကုန်သည်လုလင်သည် လာရာ၏။ပ။
ထို့ပြင် လေးအတတ်ကို သင်ပြီး၍ (လေးမြားအတတ်၌) လက်ကျင့်ရပြီးသော (လေးအတတ်၌) လေ့လာပြီးသော ပြုလုပ်ထားသော စက်ဝန်း၌ မြားကို ကျစေနိုင်သော မကြောက်တတ်သော မတုန်လှုပ်တတ်သော မထိတ်လန့်တတ် သော မပြေးတတ်သော သူဆင်းရဲလုလင်သည် လာရာ၏၊ ထိုပုဂ္ဂိုလ်ကို သင်သည် မွေးမြူမည်လော၊ သင့်အား ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလိုရှိမည်လော၊ အသျှင်ဘုရား ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အကျွန်ုပ်သည် မွေးမြူလို၏၊ အကျွန်ုပ်အား ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလိုရှိပါ၏ ဟု (လျှောက်၏)။

မင်းကြီး ဤအတူသာလျှင်… သင်သည်…
မည်သည့်အမျိုးမှမဆို ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်း ပြုအံ့၊ ထိုရဟန်းသည်လည်း အင်္ဂါငါးပါးကို ပယ်ပြီးသည်ဖြစ်၍ အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသည် ဖြစ်အံ့၊ ထိုပုဂ္ဂိုလ်၌ လှူအပ်သော အလှူသည် အကျိုးကြီး၏။

အဘယ်အင်္ဂါငါးပါးတို့ကို ပယ်အပ်ကုန်သနည်း-

(၁) ကာမဂုဏ်ကို လိုလားမှု 'ကာမစ္ဆန္ဒ'ကို ပယ်အပ်၏။
(၂) ပျက်စီးစေလိုမှု 'ဗျာပါဒ'ကို ပယ်အပ်၏။
(၃) လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'ကို ပယ်အပ်၏။
(၄) ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ'ကို ပယ်အပ်၏။
(၅) မခွဲဝေနိုင်မှု 'ဝိစိကိစ္ဆာ'ကို ပယ်အပ်၏။
ဤအင်္ဂါငါးပါးတို့ကို ပယ်အပ်ကုန်၏။

အဘယ်အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသနည်း-

(၁) ရဟန္တာတို့၏ ဥစ္စာဖြစ်သော သီလဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။
(၂) ရဟန္တာတို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။
(၃) ရဟန္တာတို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။
(၄) ရဟန္တာတို့၏ဥစ္စာဖြစ်သော ကိလေသာမှလွတ်မြောက်မှု ဝိမုတ္တိဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။
(၅) ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကိလေသာမှ လွတ်မြောက်သော ဉာဏ်အမြင် ဝိမုတ္တိဉာဏ် ဒဿနဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။
ဤအင်္ဂါငါးပါးတို့နှင့် ပြည့်စုံ၏။

ဤအင်္ဂါငါးပါးတို့ကို ပယ်ပြီး၍ အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား ပေးလှူ အပ်သော အလှူသည် အကျိုးကြီး၏ ဟု ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။ လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤဂါထာ တို့ကို မိန့်တော်မူ၏။ပ။

အကြင်လုလင်၌…
လေးအတတ်သည် လည်းကောင်း၊
ခွန်အားလုံ့လသည် လည်းကောင်း ရှိ၏။
မင်းသည် ထိုလုလင်ကိုသာ စစ်ထိုးရာ၌ အလိုရှိသည်ဖြစ်၍ မွေးမြူရာ၏၊
ရဲရင့်ခြင်း မရှိသောသူကို အမျိုးဟူသော အကြောင်းကြောင့် မမွေးမြူရာ။

ထို့အတူသာလျှင် …
အကြင်ပုဂ္ဂိုလ်၌ သည်းခံခြင်းသည် လည်းကောင်း၊ ရဲရင့်သည်၏ အဖြစ် အရဟတ္တဖိုလ် သည် လည်းကောင်း တရားနှစ်ပါးတို့သည် တည်ကုန်၏။ အရိယာ တို့၏ အသက်မွေးခြင်းဖြင့် အသက်မွေးသော ပညာရှိသူကို အမျိုးပင် ယုတ်သော် လည်း ပူဇော်ရာ၏။ နှလုံးမွေ့လျော်ဖွယ်ဖြစ်သော ကျောင်းသင်္ခမ်းတို့ကို ပြုလုပ် ရာ၏၊ ဤကျောင်း၌ အကြားအမြင်များသူတို့ကို နေစေရာ၏၊ တောအရပ်၌ ရေအိုးစင်တို့ကိုလည်း ပြုလုပ်ရာ၏၊ မညီညွတ်သော အရပ်၌ တံတားလမ်းတို့ကို လည်း ပြုလုပ်ရာ၏။

ဖြောင့်မတ်စွာ ကျင့်ကုန်သော ပုဂ္ဂိုလ်တို့အား ကြည်လင်သော စိတ်ဖြင့် ဆွမ်းကို လည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ ခဲဖွယ်ကိုလည်းကောင်း၊ အဝတ်သင်္ကန်း ကိုလည်းကောင်း၊ အိပ်ရာနေရာတို့ကို လည်းကောင်း ပေးလှူရာ၏။ လျှပ်စစ်နွယ် ရှိသော အရာသော တိမ်ထွတ်ရှိသော မိုးသည် ထစ်ချုန်း၍ မြေကြီးကို စိုစွတ် စေလျက် ကြည်းကုန်းကိုလည်းကောင်း၊ နိမ့်ရာအရပ်ကိုလည်းကောင်း ပြည့်စေ သကဲ့သို့ ထို့အတူပင်လျှင် သဒ္ဓါတရားရှိသော အကြားအမြင်များသော ပညာရှိ သည် စားသုံးဖွယ်ကို စီရင်၍ တောင်းစားတတ်သူတို့ကို ထမင်းအဖျော်ဖြင့် ရောင့်ရဲစေ၏။ အလွန်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ပေးကမ်းစွန့်ကြဲ၏၊ ''လှူကြပါကုန် လှူကြပါကုန်'' ဟု ပြောဆို၏၊ ရွာသောမိုး၏ ထစ်ချုန်းသံကဲ့သို ထိုသို့ဆိုခြင်း သည်သာလျှင် ထိုပညာရှိ၏ ထစ်ချုန်းသံ မည်၏၊ ပြန့်ပြောသော ထို ကောင်းမှုအယဉ်သည် ပေးလှူတတ် သူကို စိုစွတ်စေ၏'' ဟု မိန့်တော်မူ၏။ 135

၎ - ဣဿတ္တသုတ်၊ တတိယ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Sunday, June 28, 2009

သူတော်ကောင်းတရား ကြာမြင့်စွာတည်ခြင်း အထောက်အပံ့ကား...

ကိမိလသုတ်

အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည်ရှိသော် သူတော်ကောင်း တရား ကြာမြင့်စွာ တည်တံ့နိုင်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါ နည်း'' ဟု လျှောက်၏။

ကိမိလ ဤလောက၌ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည်ရှိသော်
ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့သည်

မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှုရှိသည်ဖြစ်၍ နေကြကုန်၏၊
တရားတော်၌ ရိုသေမှု တုပ်ဝပ်မှုရှိသည်ဖြစ်၍ နေကြကုန်၏၊
သံဃာတော်၌ ရိုသေမှု တုပ်ဝပ်မှုရှိသည်ဖြစ်၍ နေကြကုန်၏၊
အကျင့်သိက္ခာ၌ ရိုသေမှု တုပ်ဝပ်မှုရှိသည်ဖြစ်၍ နေကြကုန်၏၊
သမာဓိ၌ ရိုသေမှု တုပ်ဝပ်မှုရှိသည်ဖြစ်၍ နေကြကုန်၏၊
မမေ့လျော့မှု၌ ရိုသေမှု တုပ်ဝပ်မှုရှိသည်ဖြစ်၍ နေကြကုန်၏၊
အစေ့အစပ်ပြုမှု 'ပဋိသန္ထာရ'၌ ရိုသေမှု တုပ်ဝပ်မှုရှိသည်ဖြစ်၍ နေကြကုန်၏။

ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာ တည်တံ့နိုင်ခြင်း၏ အကြောင်း အထောက်အပံ့ကား ဤသည်ပင်တည်း ဟု (မိန့်တော်မူ၏)။ 59

၆ - ကိမိလသုတ်-မှ၊ အဗျာကတဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, June 27, 2009

နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ထိုက်တန်၏...

သီတိဘာဝသုတ်…

ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည်
အတုမဲ့ အးချမ်းသည့်အဖြစ် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ထိုက်တန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်…

၁… စိတ်ကို နှိမ့်ချသင့်သော အခါ၌ စိတ်ကို နှိမ့်ချ၏၊
၂… စိတ်ကို ချီးမြှောက်သင့်သော အခါ၌ စိတ်ကို ချီးမြှောက်၏၊
၃… စိတ်ကို ရွှင်စေသင့်သော အခါ၌ စိတ်ကို ရွှင်စေ၏၊
၎… စိတ်ကို လျစ်လျူရှုသင့်သော အခါ၌ စိတ်ကို လျစ်လျူရှု၏၊
၅… နှလုံးသွင်းလည်း မွန်မြတ်၏၊
၆… နိဗ္ဗာန်၌လည်း မွေ့လျော်၏၊

ရဟန်းတို့
ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည်
အတုမဲ့ အေးချမ်းသည့်အဖြစ် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်
ထိုက်တန်၏ ဟု မိန့်တော်မူ၏။ 85

၁ - သီတိဘာဝသုတ်-မှ၊ သီတိဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, June 26, 2009

ကြီးကျယ်ခြင်း ပြန့်ပြောခြင်းသို့ ရောက်၏ဟု...



မဟန္တတ္တသုတ်၊ အရဟတ္တ၀ဂ်၊ ဆက္ကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

မကောင်းမှုကိုလည်း မှီဝဲလိမ့်မည် မဟုတ်တော့...


ဝဇ္ဇိပုတ္တသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဝဇ္ဇီမင်းသား ရဟန်းတစ်ပါးသည် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား …

''အသျှင်ဘုရား ဤသိက္ခာပုဒ် တစ်ရာ့ငါးဆယ်ကျော်သည် တစ်လခွဲတစ်ကြိမ် အကျဉ်းပြခြင်းသို့ ရောက်၏၊ အသျှင်ဘုရား တပည့်တော်သည် ဤသိက္ခာပုဒ်တို့၌ ကျင့်သုံးရန် မစွမ်းနိုင်ပါ'' ဟု လျှောက်၏။

ရဟန်း သို့ဖြစ်လျှင် သင်သည် …

၁… အဓိသီလသိက္ခာ
၂… အဓိစိတ္တသိက္ခာ
၃… အဓိပညာသိက္ခာ သုံးပါးတို့၌ ကျင့်နိုင်မည်လော ဟု မေးတော်မူ၏။

အသျှင်ဘုရား တပည့်တော်သည် ထို အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာ သုံးပါးတို့၌ကား ကျင့်နိုင်ပါ၏ ဟု လျှောက်၏။

ရဟန်း ထို့ကြောင့် သင်သည် ဤသာသနာတော်၌ အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးပါးတို့၌ ကျင့်လေလော့၊ ရဟန်း သင်သည် အဓိသီလသိက္ခာကို လည်းကောင်း၊ အဓိစိတ္တသိက္ခာကို လည်းကောင်း၊ အဓိပညာသိက္ခာကို လည်းကောင်း ကျင့်သောကြောင့် သင့်အား ရာဂ ဒေါသ မောဟ အလိုလို ပျောက်ကင်းလိမ့်မည်၊ ထိုသင်သည် ရာဂ ဒေါသ မောဟ အလိုလို ပျောက်ကင်း ခြင်းကြောင့် အကုသိုလ်ကို ပြုလိမ့်မည်မဟုတ်၊ မကောင်းမှုကိုလည်း မှီဝဲလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။

ထိုအခါ ထိုရဟန်းသည် နောက်အခါ၌ အဓိသီလသိက္ခာကိုလည်း ကျင့်၏၊ အဓိစိတ္တသိက္ခာကိုလည်း ကျင့်၏၊ အဓိပညာသိက္ခာကိုလည်း ကျင့်၏၊ အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးပါးကို ကျင့်သော ထိုရဟန်းအား ရာဂပျောက် ကင်းလေပြီ၊ ဒေါသပျောက်ကင်းလေပြီ၊ မောဟ ပျောက်ကင်းလေပြီ။

ထိုရဟန်းသည် ရာဂ ဒေါသ မောဟ ပျောက်ကင်းလေသောကြောင့် အကုသိုလ်ကို မပြုလုပ်ပြီ။ မကောင်းမှုကိုလည်း မမှီဝဲပြီ။ 85

၎ - ဝဇ္ဇိပုတ္တသုတ်၊ သမဏ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, June 25, 2009

မိမိကို လုပ်ကျွေး ပြုစုရန်အတွက်...

ကမ္မဝိပါကဇသုတ် - (ကံ၏အကျိုးကြောင့်ဖြစ်သည်)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်…
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ရဟန်း တစ်ပါးသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဉ်ခွေပြီးလျှင် ရှေးကံ၏ အကျိုးကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲ ဝေဒနာကို သည်းခံလျက် အမှတ်ရမှု'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသည်ဖြစ်၍ မပင်မပန်း ထိုင်နေ၏။

မြတ်စွာဘုရားသည် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာထား၍ တင်ပျဉ်ခွေပြီးလျှင် ရှေးကံ၏ အကျိုးကြောင့်ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲ ဝေဒနာကို သည်းခံလျက် အမှတ်ရမှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသည် ဖြစ်၍ မပင်မပန်း ထိုင်နေသော ထိုရဟန်းကို မြင်တော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည်…
ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌-

''ကံအလုံးစုံကို စွန့်ပယ်ပြီး၍ ရှေးက ပြုဖူးသော ရာဂစသော မြူကို ခါထုတ်လျက် ငါ ငါဟု မစွဲလမ်းဘဲ နိဗ္ဗာန်၌ တည်သော တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန်းအား မိမိကို လုပ်ကျွေး ပြုစုရန်အတွက် လူအပေါင်းကို ပြောဆိုခြင်းငှါ အလိုမရှိ'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 21

၁ - ကမ္မဝိပါကဇသုတ်၊ နန္ဒ၀ဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, June 24, 2009

ကျွန်ုပ်ကော သင်ပါ ဤသို့ကျင့်ရမည်...



မဟာစုန္ဒသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် ...

အခါတစ်ပါး၌ အသျှင်မဟာစုန္ဒသည် စေတိယတိုင်း သယံဇာတိ နိဂုံး၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ ရဟန်းတို့ကို ''ငါ့သျှင် ရဟန်းတို့'' ဟု ခေါ်တော်မူ၏၊ ''ငါ့သျှင်'' ဟု ထိုရဟန်းတို့သည် အသျှင် မဟာစုန္ဒအား ပြန်ကြား လျှောက်ထား ကုန်၏၊ အသျှင်မဟာစုန္ဒမထေရ်သည် ဤစကားကို မိန့်ဆိုတော်မူ၏ -

ငါ့သျှင်တို့ ဤသာသနာတော်၌…
တရားဟောကြကုန်သော ရဟန်းတို့သည်
ဈာန်ဝင်စားသော ရဟန်းတို့ကို ပုတ်ခတ် ပြောဆိုကုန်၏ -

''ဤရဟန်းတို့သည် 'ငါတို့ ဈာန်ဝင်စား ကုန်၏၊ ငါတို့ ဈာန်ဝင်စား ကုန်၏' ဟု ရှုကုန်၏၊ အဖန်ဖန် ရှုကုန်၏၊ တစိမ့်စိမ့် ရှုကုန်၏၊ ကပ်၍ ရှုကုန်၏၊ ဤသူတို့သည် အဘယ်ကို ရှုကုန်သနည်း၊ ဤသူတို့သည် အဘယ် အကျိုးငှါ ရှုကုန်သနည်း၊ ဤသူတို့သည် အဘယ် အကြောင်းကြောင့် ရှုကုန်သနည်း'' ဟု ပုတ်ခတ် ပြောဆို ကုန်၏။

ထိုသို့ ပုတ်ခတ် ပြောဆိုရာ၌ တရားဟောကုန်သော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ ဈာန်ဝင်စားသော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ လူများစွာတို့၏ အစီးအပွါး အလို့ငှါ ချမ်းသာရန် အလို့ငှါ များစွာသော လူ အပေါင်း၏ အကျိုးငှါ နတ်လူတို့၏ စီးပွားချမ်းသာ အလို့ငှါ ကျင့်သူတို့ မဖြစ်ကုန်။

ငါ့သျှင်တို့ ဤသာသနာတော်၌…
ဈာန်ဝင်စားသော ရဟန်းတို့သည်
တရား ဟောကုန်သော ရဟန်းတို့ကို ပုတ်ခတ် ပြောဆိုကြကုန်၏ -

''ဤရဟန်းတို့သည် 'ငါတို့ တရား ဟောကုန်၏၊ ငါတို့ တရား ဟောကုန်၏' ဟု ပျံ့လွင့်သောစိတ် ရှိကုန်၏၊ (ကျူပင်ကဲ့သို့ အထက်သို့) တက်သော မာန်မာန ရှိကုန်၏၊ လျှပ်ပေါ်ကုန်၏၊ နှုတ်ကြမ်းကုန်၏၊ ဖရိုဖရဲ ကြဲသော စကား ရှိကုန်၏၊ သတိ လွတ်ကင်း ကုန်၏၊ ပညာ အဆင်ခြင် မရှိကုန်၊ မတည်ကြည်ကုန်၊ တုန်လှုပ်သော စိတ်ရှိကုန်၏၊ ဟင်းလင်းပွင့်သော ဣနြေ္ဒ ရှိကုန်၏၊ ဤသူတို့သည် အဘယ်သို့ တရား ဟောကုန်သနည်း၊ ဤသူတို့သည် အဘယ် အကျိုးငှါ တရား ဟောကုန်သနည်း၊ ဤသူတို့သည် အဘယ်အကြောင်းကြောင့် တရားဟော ကုန်သနည်း'' ဟု ပုတ်ခတ် ပြောဆိုကြကုန်၏။

ထိုသို့ ပုတ်ခတ် ပြောဆိုရာ၌ ဈာန်ဝင်စားသော ရဟန်းတို့သည်လည်း မကြည်လင် ကုန်၊ တရားဟောကုန်သော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ လူများစွာ တို့၏ အစီးအပွါး အလို့ငှါ ချမ်းသာရန် အလို့ငှါ များစွာသော လူအပေါင်း၏ အကျိုးငှါ နတ်လူတို့၏ စီးပွါးချမ်းသာ အလို့ငှါ ကျင့်သူတို့ မဖြစ်ကုန်။

ငါ့သျှင်တို့ ဤသာသနာတော်၌…
တရား ဟောကုန်သော ရဟန်းတို့သည်
တရားဟောကုန်သော ရဟန်းတို့၏ ဂုဏ်ကိုသာလျှင် ပြောဆိုကြကုန်၏၊
ဈာန်ဝင်စားသူ ရဟန်းတို့၏ ဂုဏ်ကို မပြောဆိုကြကုန်။

ထိုသို့ ပြောဆိုရာ၌ တရား ဟောကုန်သော ရဟန်းတို့သည်လည်း မကြည်လင် ကုန်၊ ဈာန်ဝင်စားသော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ လူများစွာတို့၏ အစီးအပွါး အလို့ငှါ ချမ်းသာရန် အလို့ငှါ များစွာသော လူအပေါင်း၏ အကျိုးငှါ နတ်လူတို့၏ စီးပွါးချမ်းသာ အလို့ငှါ ကျင့်သူတို့ မဖြစ်ကုန်။

ငါ့သျှင်တို့ ဤသာသနာတော်၌…
ဈာန်ဝင်စားသော ရဟန်းတို့သည်
ဈာန်ဝင်စားသော ရဟန်းတို့၏ ဂုဏ်ကိုသာလျှင် ပြောဆိုကုန်၏၊
တရား ဟောကုန်သော ရဟန်းတို့၏ ဂုဏ်ကို မပြောဆိုကုန်။

ထိုသို့ ပြောဆိုရာ၌ ဈာန်ဝင်စားသော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ တရား ဟောကုန်သော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ လူများစွာတို့၏ အစီးအပွါး အလို့ငှါ ချမ်းသာရန် အလို့ငှါ များစွာသော လူအပေါင်း၏ အကျိုးငှါ နတ်လူတို့၏ စီးပွါးချမ်းသာ အလို့ငှါ ကျင့်သူတို့ မဖြစ်ကုန်။

ငါ့သျှင်တို့ ထို့ကြောင့် ဤသို့ ကျင့်ရမည် …
တရား ဟောကုန်သော ရဟန်းတို့ ဖြစ်ပါကုန်သော်
ဈာန်ဝင်စားသော ရဟန်းတို့၏ ဂုဏ်ကို ပြောဆိုကုန်အံ့ ဟု ကျင့်ရမည်၊
ငါ့သျှင်တို့ ဤသို့လျှင် သင်တို့ကျင့်ရမည်။

ထိုသို့ ကျင့်ရခြင်းသည် အဘယ့်ကြောင့်နည်း။
သေခြင်းမရှိသော နိဗ္ဗာနဓာတ်ကို နာမကာယဖြင့် တွေ့ထိ၍ နေကြသည့်
ပုဂ္ဂိုလ်တို့သည် အံ့ဖွယ် ရှိကုန်၍ လောက၌ ရခဲကုန်သောကြောင့်တည်း။

ငါ့သျှင်တို့ ထို့ကြောင့် ဤသို့ ကျင့်ရမည် …
ဈာန်ဝင်စားသော ရဟန်းတို့ ဖြစ်ပါကုန်သော်
တရားဟောကုန်သော ရဟန်းတို့၏ ဂုဏ်ကို ပြောဆိုကြကုန်အံ့ ဟု ကျင့်ရမည်။
ငါ့သျှင်တို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်။

ထိုသို့ ကျင့်ရခြင်းသည် အဘယ့်ကြောင့်နည်း။
နက်နဲသော အနက် (ခန္ဓာ,အာယတန,ဓာတ်) အစုကို ပညာဖြင့် ထိုးထွင်း၍
သိမြင်ကြသည့် ပုဂ္ဂိုလ်တို့သည် အံ့ဖွယ် ရှိကုန်၍
လောက၌ ရခဲကုန်သောကြောင့်တည်း ဟု ဆိုတော်မူ၏။ 46

၎ - မဟာစုန္ဒသုတ်၊ ဓမ္မိကဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, June 23, 2009

ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်၏...

ဟိရီဂါရဝသုတ်

ရဟန်းတို့ ဤညဥ့်၌ နတ်သားတစ်ယောက်သည် ညဥ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံ အခါ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ကိုယ်ရောင် ကိုယ်ဝါဖြင့် တောက်ပစေလျက် ငါ့ထံသို့ ချဉ်းကပ်၍ ငါ့ကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်ကာ ငါ့အား ဤစကားကို လျှောက်၏-

အသျှင်ဘုရား…
ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ…

မြတ်စွာဘုရား၌ ရိုသေမှု၊
တရား၌ ရိုသေမှု၊
သံဃာ၌ ရိုသေမှု၊
အကျင့်သိက္ခာ၌ ရိုသေမှု၊
သမာဓိ၌ ရိုသေမှု၊
မကောင်းမှုမှ ရှက်ခြင်း၌ ရိုသေမှု၊
မကောင်းမှုမှ ကြောက်ခြင်း၌ ရိုသေမှုတို့ ပါတည်း။

အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည်
ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏ ဟု လျှောက်၏။

ဤစကားကို လျှောက်ထားပြီးလျှင် ငါ့ကို ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ ပင် ကွယ်ပျောက်လေ၏'' ဟု မိန့်တော်မူ၏။


လုံ့လရှိသော ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေ၏၊ တရား၌ ရိုသေ၏၊ သံဃာ၌လည်း ထက်သန်သော ရိုသေမှုရှိ၏၊ သမာဓိ၌လည်း ရိုသေ၏၊ သိက္ခာ၌လည်း ထက်သန်သော ရိုသေမှု ရှိ၏၊ ဟိရီသြတ္တပ္ပနှင့် ပြည့်စုံ၏၊ တုပ်ဝပ်မှု အလေး အမြတ် ပြုမှုရှိ၏၊ (ထိုရဟန်းသည်) ဆုတ်ယုတ်ရန် မထိုက်၊ နိဗ္ဗာန်နှင့် နီးသည် သာလျှင် ဖြစ်၏။ 33
၂ - ဟိရီဂါရဝသုတ်၊ ဒေဝတာဝဂ်၊ သတ္တကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

တိုးပွါးအောင် ပြုရန် မထိုက်...

သာမညဝဂ်

ရဟန်းတို့ အင်္ဂါ တစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော နွားကျောင်းသားသည် နွားအပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင် ပြုရန် မထိုက်။

အဘယ် တစ်ဆယ့်တစ်မျိုးတို့နည်း ဟူမူ-

ရဟန်းတို့ ဤလောက၌ နွားကျောင်းသားသည်-

၁… ရုပ်ပုံသဏ္ဌာန်ကို မသိ၊
၂… လက္ခဏာ၌ မလိမ္မာ၊
၃… ယင်ချေးဥကို မခွါတတ်၊
၎… အနာကို မဖုံးလွှမ်းတတ်၊
၅… မီးခိုး မတိုက်တတ်၊
၆… ဆိပ်ကမ်းကို မသိ၊
၇… ရေသောက်ပြီး မသောက်ရသေးကို မသိ၊
၈… လမ်းခရီးကို မသိ၊
၉… စားကျက်၌ မလိမ္မာ၊
၁၀… အကြွင်းမဲ့ နို့ညှစ်လေ့ရှိ၏၊
၁၁… နွားတို့၏မိဘ နွားတို့၏ရှေ့ဆောင် နွားလားတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် မပူဇော်တတ်။

ရဟန်းတို့ ဤအင်္ဂါတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော နွားကျောင်းသားသည် နွားအပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင်ပြုရန် မထိုက်။

ရဟန်းတို့ ဤအတူပင် တရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မျက်စိ၌ မမြဲဟု ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်။ပ။ မျက်စိ၌ ဆင်းရဲဟု ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်၊ မျက်စိ၌ အစိုးမရ 'အနတ္တ' ဟု ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်၊ မျက်စိ၌ ကုန်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍နေရန် မထိုက်၊ မျက်စိ၌ပျက်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန်မထိုက်၊ မျက်စိ၌ ကင်းပြတ်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်၊ မျက်စိ၌ ချုပ်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်၊ မျက်စိ၌ တဖန်စွန့်လွှတ်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်။ (၁-၈) 22-29

နား၌။ နှာခေါင်း၌။ လျှာ၌။ ကိုယ်၌။ စိတ်၌။ ပ။ (၉-၄၈) 30-69

အဆင်း 'ရူပါရုံ'တို့၌။ အသံ 'သဒ္ဒါရုံ'တို့၌။ အနံ့ 'ဂန္ဓာရုံ'တို့၌။ အရသာ 'ရသာရုံ'တို့၌။
အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ'တို့၌။ သဘော 'ဓမ္မာရုံ'တို့၌။ ပ။ (၄၉-၉၆) 70-117

စက္ခုဝိညာဏ်၌။ သောတဝိညာဏ်၌။ ဃာနဝိညာဏ်၌။ ဇိဝှါဝိညာဏ်၌။ ကာယ ဝိညာဏ်၌။ မနောဝိညာဏ်၌။ ပ။ (၉၇-၁၄၄) 118-165

မျက်စိအတွေ့၌။ နားအတွေ့၌။ နှာခေါင်းအတွေ့၌။ လျှာအတွေ့၌။ ကိုယ်အတွေ့၌။ စိတ် အတွေ့၌။ (၁၄၅-၁၉၂) 166-213

မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ' ၌။ နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ'၌။ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ'၌။ လျှာ အတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ'၌။ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ' ၌။ စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ' ၌။ (၁၉၃-၂၄ဝ) 214-261

အဆင်း 'ရူပါရုံ' အမှတ်၌။ အသံ 'သဒ္ဒါရုံ' အမှတ်၌။ အနံ့ 'ဂန္ဓာရုံ' အမှတ်၌။ အရသာ 'ရသာရုံ' အမှတ်၌။ အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' အမှတ်၌။ သဘော 'ဓမ္မာရုံ' အမှတ်၌။ (၂၄၁-၂၈၈) 262-309

အဆင်း 'ရူပါရုံ'စေ့ဆော်မှု 'စေတနာ' ၌။ အသံ 'သဒ္ဒါရုံ'စေ့ဆော်မှု 'စေတနာ' ၌။ အနံ့'ဂန္ဓာရုံ'စေ့ဆော်မှု 'စေတနာ' ၌။ အရသာ 'ရသာရုံ'စေ့ဆော်မှု 'စေတနာ' ၌။ အတွေ့'ဖောဋ္ဌဗ္ဗာရုံ'စေ့ဆော်မှု 'စေတနာ' ၌။ သဘော 'ဓမ္မာရုံ'စေ့ဆော်မှု 'စေတနာ' ၌။ (၂၈၉-၃၃၆) 310-357

အဆင်း 'ရူပါရုံ' တပ်မက်မှု 'တဏှာ' ၌။ အသံ 'သဒ္ဒါရုံ' တပ်မက်မှု 'တဏှာ' ၌။ အနံ့
'ဂန္ဓာရုံ' တပ်မက်မှု 'တဏှာ' ၌။ အရသာ 'ရသာရုံ' တပ်မက်မှု 'တဏှာ' ၌။ အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' တပ်မက်မှု 'တဏှာ' ၌။ သဘော'ဓမ္မာရုံ' တပ်မက်မှု 'တဏှာ' ၌။ (၃၃၇-၃၈၄) 358-405

အဆင်း 'ရူပါရုံ' ကြံစည်မှု 'ဝိတက်' ၌။ အသံ 'သဒ္ဒါရုံ' ကြံစည်မှု 'ဝိတက်' ၌။ အနံ့ 'ဂန္ဓာရုံ' ကြံစည်မှု 'ဝိတက်' ၌။ အရသာ 'ရသာရုံ' ကြံစည်မှု 'ဝိတက်' ၌။ အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' ကြံစည်မှု 'ဝိတက်' ၌။ သဘော 'ဓမ္မာရုံ' ကြံစည်မှု 'ဝိတက်' ၌။ (၃၈၅-၄၃၂) 406- 453

အဆင်း 'ရူပါရုံ' သုံးသပ်မှု 'ဝိစာရ' ၌။ အသံ 'သဒ္ဒါရုံ' သုံးသပ်မှု 'ဝိစာရ' ၌။ အနံ့'ဂန္ဓာရုံ' သုံးသပ်မှု 'ဝိစာရ' ၌။ အရသာ 'ရသာရုံ' သုံးသပ်မှု 'ဝိစာရ' ၌။ အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' သုံးသပ်မှု 'ဝိစာရ' ၌။ သဘော 'ဓမ္မာရုံ' သုံးသပ်မှု 'ဝိစာရ' ၌ မမြဲဟု ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ ဆင်းရဲဟု ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ အစိုးမရ 'အနတ္တ'ဟု ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ ကုန်ခြင်းကို ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ ပျက်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန်၊ ကင်းပြတ်ခြင်းကို ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ ချုပ်ခြင်းကို ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ တဖန် စွန့်လွှတ်ခြင်းကို ရှုလေ့ရှိသည်ဖြစ်၍ နေရန်မထိုက်။ပ။ (၄၃၃-၄၈ဝ) 454-501

သာမညဝဂ်၊ ဧကာဒသကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, June 22, 2009

သစ်တုံးကို မြင်တော်မူ၍...

ဒါရုက္ခန္ဓသုတ် - (သစ်တုံး)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်း သုံး) နေတော်မူ၏။ ထိုစဉ်အခါ အသျှင်သာရိပုတြာသည် နံနက်အချိန်၌ သင်္ကန်း ကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ဆောင်ယူပြီးလျှင် များစွာသော ရဟန်းတို့နှင့် အတူ ဂိဇ္ဈကုဋ်တောင်မှ ဆင်းတော်မူသည် ရှိသော် တစ်ခုသော အရပ်၌ ကြီးစွာ သော သစ်တုံးကို မြင်တော်မူ၍ ရဟန်းတို့ကို -

''ငါ့သျှင်တို့ သင်တို့သည် ဤသစ်တုံးကြီးကို မြင်ကုန်၏လော'' ဟု မေး၏။
ငါ့သျှင် မြင်ပါကုန်၏ ဟု လျှောက်ကုန်၏။ ငါ့သျှင်တို့ အလိုရှိခဲ့လျှင် တန်ခိုး အဘိညာဉ်နှင့် ပြည့်စုံသော၊ စိတ်၏ လေ့လာခြင်းသို့ ရောက်သော ရဟန်းသည် ဤသစ်တုံးကြီးကို မြေဟူ၍သာလျှင် နှလုံးသွင်းရာ၏၊ ထိုသို့ နှလုံးသွင်းရခြင်းသည်
အဘယ့်ကြောင့်နည်း။

ငါ့သျှင်တို့ အကြင် (ခက်မာမှု) ပထဝီကို အမှီပြု၍ တန်ခိုး အဘိညာဉ်နှင့် ပြည့်စုံ သော၊ စိတ်၏ လေ့လာခြင်းသို့ ရောက်သော ရဟန်းသည် ဤ သစ်တုံးကြီးကို မြေဟူ၍သာလျှင် နှလုံးသွင်းရာ၏၊ ထို ခက်မာမှု ပထဝီဓာတ်သည် ဤသစ်တုံးကြီး ၌ ရှိ၏။

ငါ့သျှင်တို့ အလိုရှိခဲ့လျှင် တန်ခိုး အဘိညာဉ်နှင့် ပြည့်စုံသော၊
စိတ်၏ လေ့လာခြင်း သို့ ရောက်သော ရဟန်းသည် ဤသစ်တုံးကြီးကို-
ရေ ဟူ၍ သာလျှင် နှလုံးသွင်း ရာ၏။ ပ။
မီး ဟူ၍ သာလျှင် နှလုံးသွင်းရာ၏။ ပ။
လေ ဟူ၍ သာလျှင် နှလုံးသွင်းရာ၏။ ပ။
တင့်တယ်၏ ဟူ၍ သာလျှင် နှလုံးသွင်းရာ၏။ ပ။
မတင့်တယ်၏ ဟူ၍ သာလျှင် နှလုံးသွင်းရာ၏၊ ထိုသို့ နှလုံးသွင်းရခြင်းသည် အဘယ့်ကြောင့်နည်း။ ငါ့သျှင်တို့ အကြင် မတင့်တယ်ခြင်း 'အသုဘဓာတ်' ကို အမှီပြု၍ တန်ခိုး အဘိညာဉ်နှင့် ပြည့်စုံသော၊ စိတ်၏ လေ့လာခြင်းသို့ ရောက်သော ရဟန်းသည် ဤသစ်တုံးကြီးကို မတင့်တယ် ဟူ၍ သာလျှင် နှလုံး သွင်းရာ၏၊ ထိုမတင့်တယ်ခြင်း သဘော အသုဘဓာတ်သည် ဤသစ်တုံးကြီး၌ ရှိ၏ဟု မိန့်ဆို၏။ 41

၁၁ - ဒါရုက္ခန္ဓသုတ်၊ ဒေ၀တာဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, June 21, 2009

ငါ့အား သားလှီးဓားဖြင့် ဝမ်းကိုရစ်၍ လှီးဘိသကဲ့သို့…



ဆန္ဒောဝါဒသုတ်...

*** ငါတို့တတွေ လူမမာ မေးရန် ချဉ်းကပ်ကုန်အံ့…
အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာ အသျှင်မဟာစုန္ဒနှင့် အသျှင်ဆန္ဒ့တို့သည် ဂိဇ္ဈကုဋ်တောင်၌ နေကြကုန်၏။ ထိုအခါ အသျှင်ဆန္ဒသည် ဖျားနာနေ၏၊ ဒုက္ခရောက်နေ၏၊ အသည်းအသန် မမာနေ၏။ ထိုအခါ အသျှင် သာရိပုတြာသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထလျက် မဟာစုန္ဒထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာစုန္ဒကို 'ငါ့သျှင်စုန္ဒ လာသွားကုန်အံ့၊ အသျှင်ဆန္ဒထံ လူမမာ မေးရန် ချဉ်းကပ်ကုန်အံ့'' ဟု ဤစကားကို ပြောဆို၏။ ''ငါ့သျှင် ကောင်းပါပြီ'' ဟု အသျှင်မဟာစုန္ဒသည် အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထား၏။

*** ငါ့သျှင် ဣရိယာပထ မျှတ၏လော…
ထိုအခါ အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည် အသျှင်ဆန္ဒထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်ဆန္ဒနှင့်အတူ ဝမ်းမြောက် ဝမ်းသာ ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် သင့်လျော် ရာ၌ ထိုင်နေကုန်၏၊ သင့်လျော်ရာ၌ ထိုင်ပြီးသော် အသျှင် သာရိပုတြာသည် အသျှင်ဆန္ဒအား ''ငါ့သျှင်ဆန္ဒ အသို့နည်း၊ ခံ့ကျန်း၏လော၊ ဣရိယာပထ မျှတ၏လော၊ သင့်အား ဒုက္ခ ဝေဒနာတို့သည် ဆုတ်ယုတ်ကုန်၏လော၊ မတိုးတက်ဘဲ ရှိကုန်၏လော၊ ဆုတ်ယုတ်သော အရာသည် ထင်၏လော၊ တိုးတက်သော အရာသည် မထင်ဘဲ ရှိ၏လော'' ဟု ဤစကားကို ပြောဆို၏။

*** ငါ့သျှင် ဣရိယာပထ မမျှတပါ…
ငါ့သျှင်သာရိပုတြာ မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်သော ဝေဒနာတို့သည် တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည် ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ၊ ငါ့သျှင် သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောက်ျားသည် ထက်စွာသော ခက်ရင်းဖြင့် ထိပ်ကို ထိုး၍ နှိပ်ဘိသကဲ့သို့ ငါ့သျှင် သာရိပုတြာ ဤအတူသာလျှင် အကျွန်ုပ်အား ပြင်းထန်သော လေတို့သည် ဦးထိပ်၌ ထိုးကျင့်ပါကုန်၏။ ငါ့သျှင် သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်သော ဒုက္ခ ဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။

*** ခေါင်းကိုက်သော ဝေဒနာတို့သည် ဖြစ်ပါကုန်၏…
ငါ့သျှင် သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောက်ျားသည် မြဲမြံခိုင်ခံ့သော သားရေကြိုးပိုင်းဖြင့် ဦးခေါင်း၌ ရစ်ပတ်ခြင်းကို ပေးရာသကဲ့သို့ ငါ့သျှင် သာရိပုတြာ ဤအတူသာလျှင် ငါ့အား ဦးခေါင်း၌ အလွန် ပြင်းထန်ကုန်သော ဦးခေါင်းကိုက် သော ဝေဒနာတို့သည် ဖြစ်ပါကုန်၏။ ငါ့သျှင် သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်ကုန်သော ဒုက္ခ ဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက် သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။

*** ငါ့အား သားလှီးဓားဖြင့် ဝမ်းကိုရစ်၍ လှီးဘိသကဲ့သို့…
ငါ့သျှင် သာရိပုတြာ ဥပမာအားဖြင့် ကျွမ်းကျင် လိမ္မာသော နွားသတ်ယောက်ျား သည် လည်းကောင်း၊ နွားသတ်ယောက်ျား၏ တပည့်သည် လည်းကောင်း ထက်လှစွာသော သားလှီးဓားဖြင့် ဝမ်းကိုရစ်၍ လှီးဘိသကဲ့သို့ ငါ့သျှင် သာရိပုတြာ ဤအတူသာလျှင် ငါ့အား ပြင်းထန်ကုန်သော လေတို့သည် ဝမ်းဗိုက်ကို ရစ်ကုန်၏၊ ငါ့သျှင် သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်ကုန်သော ဒုက္ခ ဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။

*** ငါသည် အသက်ရှင်ခြင်းကို မလိုလားတော့ပါ…
ငါ့သျှင် သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောက်ျားနှစ်ယောက်တို့သည် အလွန် အားနည်းသော ယောက်ျားကို အသီးအသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးစု၌ ကင်ကုန်ရာ သကဲ့သို့ အပြန်အလှန် ကင်ကုန်ရာသကဲ့သို့ ငါ့သျှင် သာရိပုတြာ ဤအတူသာလျှင် ငါ့အား ခန္ဓာကိုယ်၌ ပြင်းပြင်းထန်ထန် ပူလောင် ခြင်းသည် ဖြစ်ပါ၏။ ငါ့သျှင်သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်ကုန်သော ဒုက္ခ ဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာ သည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ၊ ငါ့သျှင် သာရိပုတြာ ဓားကို အသုံးပြုတော့မည်၊ အသက် ရှင်ခြင်းကို မလိုလားတော့ပါ ဟု ပြောဆို၏။

*** ငါသည် အသျှင်ဆန္ဒအတွက်…

အသျှင်ဆန္ဒသည် ဓားလက်နက်ကို အသုံး မပြုပါလင့်၊
အသျှင်ဆန္ဒသည် မျှတပါလော့၊
ငါတို့သည် အသျှင်ဆန္ဒ မျှတသည်ကို အလိုရှိပါကုန်၏…

အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော ဘောဇဉ်တို့သည် မရှိကုန်အံ့၊

ငါသည်…
အသျှင်ဆန္ဒအတွက် သင့်လျော်သော ဘောဇဉ်တို့ကို ရှာပါအံ့၊

အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော ဆေးတို့သည် မရှိကုန်အံ့၊

ငါသည် …
အသျှင်ဆန္ဒအတွက် သင့်လျော်သော ဆေးတို့ကို ရှာပါအံ့၊

အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော အလုပ်အကျွေးသည် မရှိအံ့၊

ငါသည် …
အသျှင်ဆန္ဒကို လုပ်ကျွေးပါအံ့၊

အသျှင်ဆန္ဒသည် ဓားလက်နက်ကို အသုံးမပြုပါလင့်၊
အသျှင်ဆန္ဒသည် မျှတပါလော့၊
ငါတို့သည် အသျှင်ဆန္ဒ မျှတသည်ကို အလို ရှိပါကုန်၏ ဟု ပြောဆိုကြကုန်၏။

*** ငါ့အား ပစ္စည်းလေးပါးတို့ ပြည့်စုံပါ၏…
ငါ့သျှင် သာရိပုတြာ ငါ့အား သင့်လျော်သော ဘောဇဉ်မရှိသည် မဟုတ်၊ ငါ့အား သင့်လျော်သောဆေးလည်း မရှိသည် မဟုတ်၊ ငါ့အား သင့်လျော်သော အလုပ်အကျွေးလည်း မရှိသည် မဟုတ်။ ငါ့သျှင် သာရိပုတြာ စင်စစ် ငါသည် ဆရာဖြစ်သော မြတ်စွာဘုရားကို ရှည်မြင့်စွာသော ကာလပတ်လုံး စိတ်လက် ပါပါသာလျှင် လုပ်ကျွေးခဲ့ပြီ၊ စိတ်လက်မပါဘဲ လုပ်ကျွေးခဲ့သည် မဟုတ်၊ ငါ့သျှင် သာရိပုတြာ ဆရာဖြစ်သော မြတ်စွာဘုရားကို စိတ်လက် ပါပါသာလျှင် လုပ်ကျွေး၍ စိတ်လက် မပါဘဲ လုပ်ကျွေးခြင်း မဟုတ်ခြင်းသည် သာလျှင် တပည့်အား လျော်၏။

ငါ့သျှင် သာရိပုတြာ…
ရဟန်းဆန္ဒသည် ကပ်ရောက်ရာ မရှိသည်ဖြစ်၍ ဓားလက်နက်ကို အသုံးပြုလတ္တံ့ ဟူ၍သာလျှင် သင်မှတ်ပါလော့ ဟု ပြောဆို၏။


*** အသျှင်ဆန္ဒအား ပြဿနာ မေးခွင့်ပြုပါ…
အသျှင်ဆန္ဒသည် အကယ်၍ ပြဿနာကို ဖြေဆိုရန် အခွင့်ပြုပါလျှင် ငါတို့သည် အသျှင်ဆန္ဒကို တစ်စုံတစ်ခုသော အရာကို မေးလိုပါ ကုန်၏ ဟု (ဆိုကြကုန်၏)။ ငါ့သျှင် သာရိပုတြာ မေးပါလော့၊ ကြားရပြီးနောက် သိရပါအံ့ ဟု (ဆို၏)။ 390

*** ဤဟာ ငါ၏ ကိုယ် 'အတ္တ' မဟုတ် ဟု ရှုပါသလော…
ငါ့သျှင်ဆန္ဒ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို ''ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် 'အတ္တ' မဟုတ်'' ဟု ရှုပါသလော ဟု မေး၏။
ငါ့သျှင်ဆန္ဒ သောတပသာဒ + သောတဝိညာဏ်။ ပ။
ငါ့သျှင်ဆန္ဒ ဃာနပသာဒ + ဃာနဝိညာဏ်။ ပ။
ငါ့သျှင်ဆန္ဒ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။ ပ။
ငါ့သျှင်ဆန္ဒ ကာယပသာဒ + ကာယဝိညာဏ်။ ပ။
ငါ့သျှင်ဆန္ဒ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို ''ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် 'အတ္တ' မဟုတ်'' ဟု ရှုပါသလော ဟု မေး၏။

*** ဤဟာ ငါ၏ ကိုယ် 'အတ္တ' မဟုတ် ဟု ရှုပါ၏…
ငါ့သျှင်သာရိပုတြာ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ် သော တရားတို့ကို ''ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် 'အတ္တ'မဟုတ်'' ဟု ရှုပါ၏။
ငါ့သျှင်သာရိပုတြာ သောတပသာဒ။ ပ။
ငါ့သျှင်သာရိပုတြာ ဃာနပသာဒ။ ပ။
ငါ့သျှင်သာရိပုတြာ ဇိဝှါပသာဒ။ ပ။
ငါ့သျှင် သာရိပုတြာ ကာယပသာဒ။ ပ။
ငါ့သျှင် သာရိပုတြာ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့် သိအပ် သော တရားတို့ကို ''ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် 'အတ္တ' မဟုတ်'' ဟု ရှုပါ၏ ဟု (လျှောက်၏)။ 391

*** အဘယ်ကို သိမြင်၍ ဤဟာ ငါမဟုတ်ဟု ရှုပါသနည်း…
ငါ့သျှင်ဆန္ဒ စက္ခုပသာဒ+စက္ခုဝိညာဏ်+ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရား တို့၌ အဘယ်ကို မြင်၍ အဘယ်ကို သိ၍ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သောတရားတို့ကို ''ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ်'အတ္တ' မဟုတ်'' ဟု ရှုပါသနည်း။
ငါ့သျှင်ဆန္ဒ သောတ ပသာဒ + သောတဝိညာဏ်။ ပ။
ငါ့သျှင်ဆန္ဒ ဃာနပသာဒ + ဃာနဝိညာဏ်။ ပ။
ငါ့သျှင်ဆန္ဒ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။ ပ။
ငါ့သျှင်ဆန္ဒ ကာယပသာဒ + ကာယဝိညာဏ်။ ပ။
ငါ့သျှင်ဆန္ဒ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ အဘယ်ကို မြင်၍ အဘယ်ကို သိ၍ ''ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် 'အတ္တ' မဟုတ်'' ဟု ရှုပါသနည်း ဟု (မေး၏)။

*** ချုပ်ပျက်မှုကို သိမြင်၍ ဤဟာ ငါမဟုတ် ဟုရှုပါ၏…
ငါ့သျှင်သာရိပုတြာ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ်ပျက်မှုကို မြင်၍ ချုပ်ပျက်မှုကို သိ၍ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို ''ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် 'အတ္တ' မဟုတ်'' ဟုရှုပါ၏။
ငါ့သျှင်သာရိပုတြာ သောတပသာဒ + သောတဝိညာဏ်။ ပ။
ငါ့သျှင်သာရိပုတြာ ဃာနပသာဒ + ဃာနဝိညာဏ်။ ပ။
ငါ့သျှင်သာရိပုတြာ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။ ပ။
ငါ့သျှင်သာရိပုတြာ ကာယပသာဒ + ကာယဝိညာဏ်။ ပ။
ငါ့သျှင်သာရိပုတြာ မနောဒွါရ + မနောဝိညာဏ် မနောဝိညာဏ်ဖြင့် သိအပ်သော
တရားတို့၌ ချုပ်ပျက်မှုကို မြင်၍ ချုပ်ပျက်မှုကို သိ၍ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို ''ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် 'အတ္တ' မဟုတ်' ဟု ရှုပါ၏ ဟု (ပြောဆို၏)။ 392

*** မမှီတွယ်သူမှာ ဆင်းရဲဒုက္ခ၏ အဆုံးမည်၏…
ဤသို့ ပြောဆိုသော် အသျှင်မဟာစုန္ဒသည် အသျှင်ဆန္ဒအား ''ငါ့သျှင်ဆန္ဒ ထို့ကြောင့် 'မှီတွယ်သူမှာ လှုပ်ရှား၏၊ မမှီတွယ်သူမှာ လှုပ်ရှားမှု မရှိ၊ လှုပ်ရှားမှု မရှိလတ်သော် ငြိမ်းအေး၏၊ ငြိမ်းအေးလတ်သော် တိမ်းညွတ်မှု မရှိ၊ တိမ်းညွတ်မှု မရှိလတ်သော် အလားအလာမရှိ၊ အလားအလာ မရှိသော် ရွေ့လျော ကပ်ရောက်မှု မရှိ၊ ရွေ့လျော ကပ်ရောက်မှု မရှိသော် ဤဘဝမှာလည်း မဖြစ်၊ တမလွန် ဘဝမှာလည်း မဖြစ်၊ နှစ်ပါးစုံမှာလည်း မဖြစ်၊ ဤသည်ပင်လျှင် ဆင်းရဲဒုက္ခ၏ အဆုံးမည်၏'ဟူသော မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလည်း အမြဲ နှလုံးသွင်းသင့်၏'' ဟု ပြောဆို၏။

ထို့နောက် အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည်
အသျှင်ဆန္ဒကို ဤအဆုံးအမဖြင့် ဆုံးမ၍ နေရာမှထကာ ဖဲသွားကုန်၏။ 393


*** အသျှင်ဆန္ဒသည် မိမိကိုယ်ကို ဓားလက်နက်ဖြင့် အဆုံးစီရင်လေပြီ…
ထိုအခါ အသျှင်ဆန္ဒသည် အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့ ဖဲသွား၍ မကြာမီ ဓားလက်နက်ကို အသုံးပြု၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ အလွန် ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ''အသျှင်ဘုရား အသျှင်ဆန္ဒသည် ဓားလက်နက်ကို အသုံးပြုပါ၏၊ အသျှင်ဆန္ဒ၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန် ဘဝကား အဘယ်ပါနည်း'' ဟု လျှောက်ထား၏။

သာရိပုတြာ ရဟန်းဆန္ဒသည် သင်၏ မျက်မှောက်၌ပင်လျှင် ကပ်ရောက်ရာ မရှိသည်၏ အဖြစ်ကို ပြောကြားသည် မဟုတ်လော ဟု မိန့်တော်မူ၏။

မြတ်စွာဘုရား ပုဗ္ဗဇိရမည်သော ဝဇ္ဇိရွာသည် ရှိပါ၏၊ ထိုရွာ၌ အသျှင်ဆန္ဒ၏ ချစ်ကျွမ်းဝင်သော အမျိုးတို့သည် လည်းကောင်း၊ စိတ်သဘော ကောင်းသော အမျိုးတို့သည် လည်းကောင်း၊ ချဉ်းကပ်ထိုက်သော အမျိုးတို့သည် လည်းကောင်း ရှိပါကုန်၏ ဟု လျှောက်၏။

*** စွဲလမ်းလျှင် ဘ၀တစ်ခုသို့ ကပ်ရောက်ရာရှိ၏…
သာရိပုတြာ ရဟန်းဆန္ဒအား ထိုချစ်ကျွမ်းဝင်သောအမျိုး စိတ်သဘောကောင်း သောအမျိုး ချဉ်းကပ်ထိုက်သော အမျိုးတို့သည် ရှိကုန်သည်သာတည်း။ သာရိပုတြာ ငါသည် ဤရှိကာမျှဖြင့် ကပ်ရောက်စရာ ရှိ၏ ဟု မဆို။ သာရိပုတြာ စင်စစ် အကြင်သူသည် ဤကိုယ်ကိုလည်း စွန့်ပစ်၍ တစ်ပါးသော ကိုယ်ကိုလည်း စွဲလမ်း၏၊ ထိုပုဂ္ဂိုလ်ကို ကပ်ရောက်ရာရှိသူ ဟူ၍ ငါဟော၏၊

*** ရဟန်းဆန္ဒသည် စွဲလမ်းမှုမရှိ၍ ဘ၀တစ်ခုသို့ ကပ်ရောက်စရာ မရှိတော့ပြီ…
ရဟန်းဆန္ဒအား ထိုကပ်ရောက်စရာသည် မရှိ၊ သာရိပုတြာ ရဟန်းဆန္ဒသည် ကပ်ရောက်ရာ မရှိသည်ဖြစ်၍ ဓားလက်နက်ကို အသုံးပြုသွားပြီ ဟု မှတ်လေလော့ ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရား ဒေသနာတော်ကို ဟောတော် မူ၏၊ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ တရား ဒေသနာတော်ကို ဝမ်းမြောက် ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။ 394

၂ - ဆန္ဒောဝါဒသုတ်၊ သဠာယတနဝဂ်၊ ဥပရိပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, June 20, 2009

စကားကိုနားထောင်ခြင်းငှာ အလိုရှိသည်...

သုဿူသတိသုတ်...

စကားကိုနားထောင်ခြင်းငှာ အလိုရှိသည်...


ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကို
ကြားနာရသော်လည်း ကုသိုလ် တရားတို့၌ မဖောက်ပြန်သော သဘောဟု
ဆိုအပ်သော နိယာမ(မဂ်)သို့ သက်ဝင်ရန် မထိုက်တန်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ…

မြတ်စွာဘုရား ဟောကြားတော် မူအပ်သော ဓမ္မဝိနယကို ဟောတော် မူအပ်သည်
ရှိသော် မနာယူ၊ နားမစိုက်၊ သိခြင်းငှါ စိတ်ကို မဖြစ်စေ၊ အကျိုးမဲ့ကို ယူ၏၊ အကျိုး
ရှိသည်ကို စွန့်၏၊ (သာသနာတော်နှင့်) မလျော်သော ပညာနှင့် ပြည့်စုံ၏။
ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကို
ကြားနာရပါသော်လည်း ကုသိုလ် တရားတို့၌ မဖောက်ပြန်သော သဘောဟု
ဆိုအပ်သော နိယာမ(မဂ်)သို့ သက်ဝင်ရန် မထိုက်တန်။

ရဟန်းတို့ တရား ခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကို
ကြားနာရသည်ရှိသော် ကုသိုလ် တရားတို့၌ မဖောက်ပြန်သော သဘောဟု
ဆိုအပ် သော နိယာမ (မဂ်)သို့ သက်ဝင်ရန် ထိုက်တန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူမြတ်စွာဘုရား ဟောကြားတော် မူအပ်သော
ဓမ္မဝိနယကို ဟောတော် မူအပ်သည် ရှိသော် နာယူ၏၊ နားစိုက်၏၊ သိခြင်းငှါ
စိတ်ကို ဖြစ်စေ၏၊ အကျိုး ရှိသည်ကို ယူ၏၊ အကျိုး မရှိသည်ကို စွန့်၏၊
(သာသနာတော်နှင့်) လျော်သော ပညာနှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကို
ကြားနာရသည်ရှိသော် ကုသိုလ်တရားတို့၌ မဖောက်ပြန်သော သဘောဟု
ဆိုအပ်သော နိယာမ (မဂ်)သို့ သက်ဝင်ရန် ထိုက်တန်၏ ဟု (မိန့်တော်မူ၏)။ 88

၎ - သုဿူသတိသုတ်၊ သီတိဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, June 19, 2009

ဤသို့ မေးလာကြကုန်မူ ...

မူလကသုတ် - (အကြောင်းရင်းရှိသည်)

ရဟန်းတို့…
သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့သည် ငါ့သျှင်တို့…

တရားအားလုံးတို့သည် အဘယ်လျှင် အခြေခံ ရှိကုန်သနည်း၊
တရားအားလုံးတို့သည် အဘယ်ကြောင့် ဖြစ်ပေါ်ကုန်သနည်း၊
တရား အားလုံးတို့သည် အဘယ်လျှင် ဖြစ်ကြောင်း ရှိကုန်သနည်း။
တရားအားလုံးတို့သည် အဘယ်လျှင် ပေါင်းဆုံရာ ရှိကုန်သနည်း။
တရားအားလုံးတို့သည် အဘယ်လျှင် ရှေ့သွားရှိကုန်သနည်း။
တရားအားလုံးတို့သည် အဘယ်လျှင် အကြီးအကဲ ရှိကုန်သနည်း။
တရားအားလုံးတို့သည် အဘယ်လျှင် လွန်ကဲမှု ရှိကုန်သနည်း။
တရားအားလုံးတို့သည် အဘယ်လျှင် အနှစ် ရှိကုန်သနည်း။
တရားအားလုံးတို့သည် အဘယ်လျှင် သက်ဝင်ရာ ရှိကုန်သနည်း။
တရားအားလုံးတို့သည် အဘယ်လျှင် အဆုံးရှိကုန်သနည်း ဟု
ဤသို့ မေးလာကြကုန်မူ ရဟန်းတို့ ဤသို့ အမေးခံကြရသော သင်တို့သည်
ထိုသာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ထိုပရိဗိုဇ်တို့အား
အဘယ်သို့ ဖြေကြကုန်မည်နည်း ဟု မေးတော်မူ၏။


အသျှင်ဘုရား အကျွန်ုပ်တို့အား တရားတို့သည် မြတ်စွာဘုရားလျှင် အရင်း 'အခြေခံ' ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ထုတ်ဆောင်သူ ရှိပါကုန်၏၊ မြတ်စွာ ဘုရားလျှင် လဲလျောင်းရာ ရှိပါကုန်၏။ အသျှင်ဘုရား တောင်းပန်ပါ၏၊ ဆိုအပ်သော တရားစကား၏ အနက်သည် မြတ်စွာဘုရား၏ ဉာဏ်တော်၌သာ ထင်ပါစေလော့၊ မြတ်စွာဘုရား၏ အထံမှ ကြားနာရ၍ ရဟန်းတို့သည် ဆောင်ထားကြပါကုန် လိမ့်မည်ဟု လျှောက်ကြကုန်၏။


ရဟန်းတို့ ထိုသို့ဖြစ်လျှင် နာကုန်လော့၊ ကောင်းစွာ နှလုံးပြုကုန်လော့၊ ဟောပြ ပေအံ့ ဟု မိန့်တော်မူ၏။ ''အသျှင်ဘုရား ကောင်းပါပြီ'' ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။


မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏…


ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့သည် ငါ့သျှင်တို့ တရားအားလုံးတို့သည် အဘယ်လျှင် 'အခြေခံ' ရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်ကြောင့် ဖြစ်ပေါ်ကုန်သနည်း။ တရားအားလုံး တို့သည် အဘယ်လျှင် ဖြစ်ကြောင်း ရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် ပေါင်းဆုံရာ ရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် ရှေ့သွားရှိကုန်သနည်း။ တရား အားလုံးတို့သည် အဘယ်လျှင် အကြီးအကဲ ရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် လွန်ကဲမှု ရှိကုန်သနည်း။ တရား အားလုံးတို့သည် အဘယ်လျှင် အနှစ်ရှိကုန်သနည်း။ တရားအားလုံးတို့ သည် အဘယ်လျှင် သက်ဝင်ရာ ရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ် လျှင် အဆုံး ရှိကုန်သနည်း'' ဟု အကယ်၍ မေးလာကြကုန်မူ ရဟန်းတို့ ဤသို့ အမေးခံကြရသော သင်တု့သိ ည် သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေကြကုန်လော့။


ငါ့သျှင်တို့ တရားအားလုံးတို့သည် အလိုဆန္ဒလျှင် 'အခြေခံ' ရှိကုန်၏။
တရားအားလုံးတို့သည် နှလုံးသွင်းခြင်းကြောင့် ဖြစ်ပေါ်ကုန်၏။
တရားအားလုံးတို့သည် ဖဿလျှင် ဖြစ်ကြောင်း ရှိကုန်၏။
တရားအားလုံးတို့သည် ဝေဒနာလျှင် ပေါင်းဆုံရာ ရှိကုန်၏၊
တရားအားလုံးတို့သည် သမာဓိလျှင် ရှေ့သွား ရှိကုန်၏။
တရားအားလုံးတို့သည် သတိလျှင် အကြီးအကဲရှိကုန်၏။
တရားအားလုံးတို့သည် ပညာလျှင် လွန်ကဲမှု ရှိကုန်၏။
တရားအားလုံးတို့သည် ဝိမုတ္တိ 'အရဟတ္တဖိုလ်'လျှင် အနှစ် ရှိကုန်၏။
တရားအားလုံးတို့သည် အမြိုက်နိဗ္ဗာန်လျှင် သက်ဝင်ရာ ရှိကုန်၏။
တရားအားလုံးတို့သည် နိဗ္ဗာန်လျှင် အဆုံး ရှိကုန်၏ ဟု ဖြေကြကုန်လော့။
ရဟန်းတို့ ဤသို့ အမေးခံကြရသော သင်တို့သည် သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေကုန်လော့ ဟု မိန့်တော်မူ၏။ 58


၈ - မူလကသုတ်၊ သစိတ္တ၀ဂ်၊ ဒသကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, June 18, 2009

ဤရဟန်းသည် နတ်လူတို့၏ အကျိုးရှိရန်ဖြစ်၏...

ထေရသုတ်...

ဤရဟန်းသည် နတ်လူတို့၏ အကျိုးရှိရန်ဖြစ်၏...

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် များစွာသော လူတို့၏ အစီးအပွါးအလို့ငှါ များစွာသော လူတို့၏ ချမ်းသာခြင်းငှါ များစွာသော လူတို့၏ အကျိုးငှါ နတ်လူတို့၏ အစီးအပွါး အလို့ငှါ ချမ်းသာခြင်းငှါ ကျင့်၏။

အဘယ် ငါးမျိုး တို့နည်း ဟူမူ -
မထေရ်ကြီးဖြစ်၏၊ ရဟန်း ဝါရင့်၏၊ ရဟန်းသက် ရှည်၏။ လူနှင့်တကွသော ရဟန်းတို့တွင် ထင်ရှား၏၊ ကျော်စော၏၊ လူအခြံအရံ များစွာ ရှိ၏။ သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ကို ရလေ့ရှိ၏။

အကြားအမြင် များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အနက်, သဒ္ဒါနှင့်တကွ ဖြစ်၍ အလုံးစုံ ပြည့်စုံ စင်ကြယ်သည့် မြတ်သော အကျင့်ကို ဖော်ပြတတ်ကုန်သော အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိသော တရားတို့ကို ထိုသူသည် များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် ဆင်ခြင်မှတ်သား ထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍သိ၏။ မှန်ကန်သောအယူရှိ၏၊ မဖောက်ပြန်သော ဉာဏ် အမြင်ရှိ၏၊ ထိုရဟန်းသည် များစွာသော လူအပေါင်းကို မသူတော်တရားမှ ထုတ်၍ သူတော်ကောင်း တရား၌ တည်စေ၏။

''မထေရ်ရဟန်းသည် ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏'' ဟူ၍လည်း ထိုရဟန်း၏ အပြုအမူသို့ အတုလိုက်၍ ကျင့်ကုန်၏။

''မထေရ်ရဟန်းသည် လူနှင့်တကွသော ရဟန်းတို့တွင် ထင်ရှား၏၊ ကျော်စော၏၊ လူအခြံအရံ များစွာရှိ၏'' ဟူ၍လည်း ထိုရဟန်း၏ အပြုအမူသို့ အတုလိုက်၍ ကျင့်ကုန်၏။

''မထေရ်ရဟန်းသည် သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ ဆေး အသုံး အဆောင်တို့ကို ရလေ့ရှိ၏'' ဟူ၍လည်း ထိုရဟန်း၏ အပြုအမူသို့ အတုလိုက်၍ ကျင့်ကုန်၏။

''မထေရ်ရဟန်းသည် အကြားအမြင် များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြား အမြင်ကို ဆည်းပူး၏'' ဟူ၍လည်း ထိုရဟန်း၏ အပြုအမူသို့ အတုလိုက်၍ ကျင့်ကုန်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် များစွာသော လူတို့၏ အစီးအပွါး အလို့ငှါ များစွာသော လူတို့၏ ချမ်းသာခြင်းငှါ များစွာသော လူတို့၏ အကျိုးငှါ နတ်လူတို့၏ အစီးအပွါး အလို့ငှါ ချမ်းသာခြင်းငှါ ကျင့်၏ ဟု (မိန့်တော်မူ၏)။ 88

၈ - ထေရသုတ်-မှ၊ ထေရ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။



ဤရဟန်းသည် နတ်လူတို့၏ အကျိုးမဲ့ရန်ဖြစ်၏--->

ထေရသုတ်--->

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အမိဖြစ်သူ မနှစ်သက်...


ဥတ္တရမာတုပေတိဝတ္ထု -

သားဖြစ်သူဥတ္တရက ဒါနပြုသည်ကို အမိဖြစ်သူ မနှစ်သက် ကန့်ကွက်ဆဲရေးခဲ့ မိသောကြောင့် ကွယ်လွန်သောအခါ ပြိတ္တာဘဝ၌ ငါးဆယ့်ငါးနှစ်ပါတ်လုံး အစာနှင့် ရေကို မသုံးစားရ ဂင်္ဂါမြစ်ကို တွေ့သော်လည်း သွေးအတိဖြစ်၍ မသောက်ရ ဒုက္ခကြီးစွာ ခံစားရသော ပြိတ္တာမအကြောင်း…

ထိုပြိတ္တာမ၏ ဆံပင်တို့သည် အလွန်ရှည်လျားကုန်၏၊ မြေကြီးတိုင်အောင် တွဲရရွဲ ကျကုန်၏၊ စက်ဆုပ်ရွံ့ရှာဖွယ် အဆင်းသဏ္ဌာန်ရှိ၍ ကြောက်မက်ဖွယ် အမြင်ရှိသော ထိုပြိတ္တာမသည် ဆံပင်တို့ဖြင့် ကိုယ်ကို ဖုံးလွှမ်းလျက် ဂင်္ဂါမြစ်ကမ်းနား၌ နေသော နေ့သန့်စင်ရာ အရပ်သို့ သွားသော ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ရဟန်းအား ဤစကားကို လျှောက်၏၊

အရှင်ဘုရား အကျွန်ုပ်သည် သေလွန်သည်မှ အစပြု၍ ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ထမင်းစားရသည်ကို လည်းကောင်း,သောက်ရေ သောက်ရသည်ကို လည်းကောင်း မသိစဖူးပါ၊ အကျွန်ုပ်သည် ရေမွတ်သိပ်လှပါ၏၊ အရှင်ဘုရားသည် အကျွန်ုပ်အား ရေကို ပေးတော်မူပါလော့ဟု (ပြောဆို လျှောက်ထား၏)။

ဤဂင်္ဂါမြစ်သည် အေးသောရေ ရှိ၏၊ ဟိမဝန္တာမှသာလျှင် စီဆင်း၏၊ ဤဂင်္ဂါမြစ်မှ ယူလျက်သောက်ပါလော့၊ အဘယ့်ကြောင့် ငါအား သောက်ရေကို တောင်းဘိသနည်း ဟု မထေရ်က ပြော၏။

အရှင်ဘုရား အကျွန်ုပ်သည် ဂင်္ဂါမြစ်၌ ရေကို အကျွန်ုပ် ကိုယ်တိုင် ယူခဲ့ပါမူ ရေသည် အကျွန်ုပ်အတွက် သွေးအဖြစ်ဖြင့် ပြောင်းလဲသွားပါ၏၊ ထို့ကြောင့် သောက်ရေကို တောင်းပါ၏ဟု လျှောက်၏။

သင်သည် ကိုယ်ဖြင့် လည်းကောင်း, နှုတ်ဖြင့် လည်းကောင်း, စိတ်ဖြင့် လည်းကောင်း အဘယ် မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဂင်္ဂါမြစ်သည် သင့်အတွက် သွေးဖြစ်ရပါသနည်းဟု မထေရ်က မေး၏။

အရှင်ဘုရား ဥတ္တရမည်သော အကျွန်ုပ်၏ သားသည် ယုံကြည်မှု 'သဒ္ဓါ' ရှိသော ဥပါသကာ ဖြစ်ခဲ့ပါ၏၊ ထိုသားသည် အကျွန်ုပ် အလိုမရှိဘဲ ရဟန်းတို့အား သင်္ကန်းကို လည်းကောင်း, ဆွမ်းကို လည်းကောင်း, သူနာ၏ အထောက်အပံ့ ဆေးကို လည်းကောင်း, အိပ်ရာနေရာကို လည်းကောင်း ပေးလှူပါ၏၊ ထိုပေးလှူသော သားကို အကျွန်ုပ်သည် ဝန်တိုမှု 'မစ္ဆရိယ' နှိပ်စက်အပ်သည်ဖြစ်၍ ဆဲရေး ရေရွတ် ကြိမ်းမောင်းမိပါ၏။

ဥတ္တရ အကြင်သင်သည် ငါ အလိုမရှိဘဲ သင်္ကန်းကို လည်းကောင်း, ဆွမ်းကို လည်းကောင်း, သူနာ၏ အထောက်အပံ့ဆေးကို လည်းကောင်း, အိပ်ရာနေရာကို လည်းကောင်း ရဟန်းတို့အား ပေးလှူ ဘိ၏။ ဤအလှူဝတ္ထုသည် သင့်အတွက် တမလွန်ဘဝ၌ သွေးဖြစ်စေသတည်း ဟု ဆဲရေး ရေရွတ် ကြိမ်းမောင်းမိပါ၏၊ ထိုမကောင်းမှုကံ၏ အကျိုးကြောင့် ဂင်္ဂါမြစ်ရေသည် အကျွန်ုပ်အတွက် သွေးဖြစ် နေပါတော့၏ ဟု လျှောက်၏။

၁ဝ - ဥတ္တရမာတုပေတိဝတ္ထု၊ ဥဗ္ဗရိဝဂ်၊ ပေတ၀တ္ထု၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, June 17, 2009

ရဟန်းတော်များ ငြင်းခုံမှု…

ဝိဝါဒသုတ် - (ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း)

ရဟန်းတော်များ ငြင်းခုံမှု…

အသျှင်ဥပါလိသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ''အသျှင်ဘုရား သံဃာ၌ ငြင်းခုံမှု ခိုက်ရန်ဖြစ်မှု အယူကွဲပြားမှု စကားများမှုတို့ ဖြစ်ပါကုန်၏၊ ရဟန်းတို့ သည်လည်း ချမ်းသာစွာ မနေကြရပါ၊ ယင်း ငြင်းခုံမှု ခိုက်ရန်ဖြစ်မှု အယူကွဲပြားမှု စကားများမှု၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါ နည်း'' ဟု လျှောက်၏။

ဥပါလိ ဤသာသနာတော်၌ ရဟန်းတို့သည်…

တရား မဟုတ်သည်ကို ''တရားဟုတ်၏'' ဟု ပြကုန်၏၊

တရား ဟုတ်သည်ကို ''တရားမဟုတ်'' ဟု ပြကုန်၏၊

ဝိနည်း မဟုတ်သည်ကို ''ဝိနည်းဟုတ်၏'' ဟု ပြကုန်၏၊

ဝိနည်း ဟုတ်သည်ကို ''ဝိနည်းမဟုတ်'' ဟု ပြကုန်၏၊

မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်သည်ကို ''မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်၏'' ဟု ပြကုန်၏၊

မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်သည်ကို ''မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်'' ဟု ပြကုန်၏၊

မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို ''မြတ်စွာဘုရား လေ့ကျက်အပ်၏'' ဟု ပြကုန်၏၊

မြတ်စွာဘုရားလေ့ကျက်အပ်သည်ကို ''မြတ်စွာဘုရား မလေ့ကျက်အပ်'' ဟု ပြကုန်၏၊

မြတ်စွာဘုရား မပညတ်အပ်သည်ကို ''မြတ်စွာဘုရား ပညတ်အပ်၏'' ဟု ပြကုန်၏၊

မြတ်စွာဘုရား ပညတ်အပ်သည်ကို ''မြတ်စွာဘုရား မပညတ်အပ်'' ဟု ပြကုန်၏။

ဥပါလိ သံဃာ၌ ငြင်းခုံမှု ခိုက်ရန်ဖြစ်မှု အယူကွဲပြားမှု စကားများမှု ဖြစ်ကြသော ကြောင့် ရဟန်းတို့သည်လည်း ချမ်းသာစွာ မနေကြရကုန်၊ ယင်းငြင်းခုံမှု ခိုက်ရန် ဖြစ်မှု အယူကွဲပြားမှု စကားများမှု၏ အကြောင်းကား ဤသည်ပင်တည်း။
အထောက်အပံ့ကား ဤသည်ပင်တည်း ဟု မိန့်တော်မူ၏။

၁ - ဝိဝါဒသုတ်၊ အက္ကောသဝဂ်၊ ဒသကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, June 15, 2009

သတ္တဝါတို့၏ အသက်သည်...

သလ္လသုတ် - (မြှား၊ ငြောင့်)

၁…
ဤလောက၌ သတ္တဝါတို့၏ အသက်သည် အမှတ်နိမိတ် ကင်းသည်ဖြစ်၍ သေရမည့် အခါ လားရာဂတိ အသက် အပိုင်းအခြားကို မသိနိုင်၊ အကြောင်းများစွာနှင့် စပ်သဖြင့် ပင်ပန်းငြိုငြင်ရ၏၊ နည်းငယ်တိုတောင်းလှ၏၊ သို့ဖြစ်နေလျက်လည်း ထိုအသက်သည် ဆင်းရဲအမျိုးမျိုးနှင့် ရောယှက် နေသေး၏။ ၅၈၀

၂…
ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်လာသော သတ္တဝါတို့သည် အကြင် (ဆေးဝါး မန္တရားစသော) လုံ့လဖြင့် မသေကုန်ရာ၊ ထိုမသေရာသော လုံ့လမျိုးသည် မရှိနိုင်၊ အိုခြင်းသို့ ရောက်၍သော် လည်းကောင်း (အိုခြင်းသို့ မရောက်မူ၍သော် လည်းကောင်း) သေ တတ်၏၊ သတ္တဝါတို့သည် ဤသို့ သေတတ်သော သဘော ရှိကုန်သည်သာတည်း။

၃…
သစ်သီးမှည့်တို့အား နံနက်တိုင်း ကြွေကျရခြင်းကြောင့် ဘေးဖြစ်သကဲ့သို့ ဤအတူ ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ် လာကုန်သော သတ္တဝါတို့အား သေရခြင်းကြောင့် အမြဲ ဘေးဖြစ်နေ၏။

၎…
အိုးထိန်းသည် ပြုလုပ်အပ်သော မြေအိုး မြေခွက်အားလုံးတို့သည် ကွဲခြင်းလျှင် အဆုံးရှိကြကုန်သကဲ့သို့ ဤအတူ သတ္တဝါတို့၏ အသက်သည် သေခြင်းလျှင် အဆုံးရှိ၏။

၅…
ငယ်သူတို့သည် လည်းကောင်း၊ ကြီးသူတို့သည် လည်းကောင်း၊ မိုက်သူတို့သည် လည်း ကောင်း၊ ပညာရှိသူတို့ သည် လည်းကောင်း ထိုသူအားလုံးတို့သည် သေမင်းနိုင်ငံသို့ လိုက်ပါကြရကုန်၏၊ အလုံးစုံသော သူတို့သည် သေမင်း၏ အထံသို့ ဆိုက်ရောက်ကြ ရကုန်၏။

၆…
သေမင်း နှိပ်စက်အပ်ကုန်သည်ဖြစ်၍ တမလွန်လောကသို့ သွားကုန်သော ထို သတ္တဝါတို့တွင် အမိ အဖသည် သားသမီးကို သေဘေးမှ မစောင့်ရှောက်နိုင်၊ ဆွေမျိုးတို့သည်လည်း ဆွေမျိုးတို့ကို သေဘေးမှ မစောင့်ရှောက်နိုင်ကုန်။

၇…
ကြည့်ရှုစမ်းပါလော့ သတ်မည့် နွားကို ဆောင်ယူသွား သကဲ့သို့ ဆွေမျိုးတို့ ကြည့်ရှု နေကြကုန်စဉ်ပင် အထူးထူး အထွေထွေ ငိုကြွေး မြည်တမ်းနေကြကုန်စဉ်မှာပင် သတ္တဝါတို့တွင် တစ်ယောက်စီ တစ်ယောက်စီ သေမင်းသည် ဆောင်ယူ သွားလေ၏။

၈…
ဤသို့ သတ္တဝါအပေါင်းကို သေခြင်းတရားသည် လည်းကောင်း၊ အိုခြင်း တရားသည် လည်းကောင်း အလွန် ညှဉ်းဆဲ နှိပ်စက်နေ၏၊ ထို့ကြောင့် ပညာရှိတို့သည် လောက အကြောင်းကို သိ၍ မစိုးရိမ်ကြကုန်။

၉…
ဤဘဝသို့ လာသည်လည်းဖြစ်သော ဘဝတစ်ပါးသို့ သွားသည်လည်းဖြစ်သော အကြင်သူ၏ လမ်းခရီးကို မသိ၊ ထိုသူ၏ သွားရာ လာရာ ခရီးနှစ်မျိုးတို့ကို ကောင်းစွာ မမြင်ရ၊ အကျိုးမဲ့ ငိုကြွေး၏။

၁၀…
ငိုကြွေးသည်ဖြစ်၍ အကျိုး တစ်စုံတစ်ရာကို ဆောင်နိုင်ခဲ့ပါမူ တွေဝေသည်ဖြစ်၍ မိမိကိုယ်ကို ညှဉ်းဆဲလျက် အကျိုး တစ်စုံတစ်ရာကို ဆောင်နိုင်ခဲ့ပါမူ ပညာရှိသည် ထိုငိုကြွေးမှုစသည်ကို ပြုရာ၏။

၁၁…
တစ်စုံတစ်ယောက်သောသူသည် ငိုကြွေးခြင်းဖြင့် လည်းကောင်း စိုးရိမ်ပူ ဆွေးခြင်းဖြင့်
လည်းကောင်း စိတ်၏ ငြိမ်းအေးခြင်းသို့ မရောက်နိုင်၊ ထိုငိုကြွေးသူအား ဆင်းရဲသာလျှင် လွန်စွာဖြစ်ရ၏၊ ခန္ဓာကိုယ်သည်လည်း ပင်ပန်း ရာ၏။

၁၂…
မိမိကိုယ်ကို မိမိကိုယ်တိုင် နှိပ်စက်ညှဉ်းဆဲသူသည် ကြုံလှီသော ကိုယ်ရှိသူ အဆင်းမလှသူ ဖြစ်ရ၏၊ ထိုသို့ ငိုကြွေးသဖြင့် သေသော သူတို့သည် မမျှတနိုင်ကုန်၊ ထို့ကြောင့် ငိုကြွေးခြင်းသည် အကျိုးမရှိ။

၁၃…
စိုးရိမ်မှု 'သောက' ကို မပယ်စွန့်နိုင်သော သတ္တဝါသည် လွန်စွာ ကိုယ်စိတ် ဆင်းရဲ ခြင်းသို့ရောက်၏၊ ဗသသူ ကို အကြောင်းပြု၍ အဖန်တလဲလဲ စိုးရိမ် ညည်းတွားသူသည် စိုးရိမ်ခြင်းသို့ အလိုသို့ အစဉ်လိုက်ရ၏။

၁၄…
ဤလောက၌ တမလွန်သို့ သွားသော ကံအားလျော်စွာ ဘဝသို့ ကပ်ရောက်ရကုန်သော
တစ်ပါးသော သူတို့ကို လည်းကောင်း၊ သေမင်း၏ အလိုနိုင်ငံသို့ ရောက်ကုန်၍ သေဘေးဖြင့် တုန်လှုပ်ကုန်သော သတ္တဝါတို့ကို လည်းကောင်း ကြည့်ရှုလော့။

၁၅…
မှန်၏ သတ္တဝါတို့သည် အကြင်သို့သော အသက်ရှည်လိမ့်မည် အနာကင်းလိမ့် မည်စသော အခြင်းအရာဖြင့် ထင်မှတ်အောက်မေ့ကုန်၏၊ ထိုထင်မှတ် အောက်မေ့ သည်မှ တစ်ပါးသေခြင်း အနာရောဂါများခြင်းစသော အခြင်းအရာဖြင့် ဖြစ်၏၊ ဤသို့ သဘောရှိသော ဆန့်ကျင်ဘက် သဘောသည် ဖြစ်၏၊ ဤသို့လောက၏ အကြောင်းကို ရှုပါလော့။

၁၆…
ဤလောက၌ သတ္တဝါသည် အနှစ်တစ်ရာသော်လည်း အသက်ရှည်ရ၏၊ အနှစ် တစ်ရာထက် အလွန်သော်လည်း အသက်ရှည်ရ၏၊သို့ပင် အသက်ရှည်ရသော်လည်း ဆွေမျိုးအပေါင်းတို့မှ ကင်း၍ ဖြစ်ရတတ်၏၊ နောက်ဆုံး၌မူ အသက်ကို စွန့်ရသည် သာတည်း။

၁၇…
ထို့ကြောင့် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ သေသောသူကို တွေ့မြင် ရသည် ရှိသော် ဤသေ သော သူသည် တစ်ဖန် အသက်ရှင် ပါစေသတည်းဟု ငါ တောင့်တ၍ မရနိုင်တော့ပေဟု ပိုင်းခြားသိလျက် ငိုကြွေးခြင်းကို ပယ်ဖျောက်ရာ၏။

၁၈…
မီးလောင်နေသော အိမ်ကို ရေဖြင့် ငြိမ်းသတ်ရာ သကဲ့သို့ ဤအတူ တည်ကြည်သည် ဖြစ်၍ ပဋိသန္ဓေ ပညာရှိသော အကြားအမြင် ပညာရှိ၍ လိမ္မာသော ပုဂ္ဂိုလ်သည် (မိမိအပေါ်၌) ကျရောက်နေသော စိုးရိမ်မှု 'သောက' ကို လျင်စွာ ငြိမ်းစေရာ၏၊ လေသည်လဲ ဝါဂွမ်းကို တိုက်ခတ်ဖျက်ဆီးလိုက် သကဲ့သို့ စိုးရိမ်မှု 'သောက' ကို ဖျက်ဆီးရာ၏။

၁၉…
မိမိ၏ ချမ်းသာကို ရှာသော သူသည် ငိုကြွေးမှု တောင့်တမှု နှလုံး မသာယာမှုဟူသော မိမိ၌ စူးဝင်နေသော မြားငြောင့်ကို မိမိကိုယ်တိုင်ပင် နုတ်ရာ၏။

၂၀…
မြားငြောင့်ကို နုတ်ပြီးသူသည် တဏှာဒိဋ္ဌိကို မမှီမူ၍ စိတ်၏ ငြိမ်းအေးခြင်းသို့ ရောက်လျက် စိုးရိမ်မှု အားလုံးကို လွန်မြောက်ကာ စိုးရိမ်မှု မရှိ ငြိမ်းအေးသူ ဖြစ်၏။

၈ - သလ္လသုတ်၊ မဟာဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ကာမဂုဏ်တို့၌ ပြင်းစွာယစ်၍...

ဒုတိယသတ္တသုတ်

ကာမဂုဏ်တို့၌ ပြင်းစွာ ယစ်ခြင်းသို့...

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံ ဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ သာဝတ္ထိပြည်သူ ပြည်သားတို့သည် အများအားဖြင့် ကာမဂုဏ်တို့၌ ကပ်ငြိကုန် တပ်စွန်းကုန် မက်မောကုန် ဖွဲ့နှောင်ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကြကုန် မကန်း သော်လည်း ကန်းသကဲ့သို့ ဖြစ်ကုန်လျက် ကာမဂုဏ်တို့၌ ပြင်းစွာ ယစ်ခြင်းသို့ ရောက်ကာ နေကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်း ကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ မြတ်စွာဘုရားသည် အများအားဖြင့် ကာမဂုဏ်တို့၌ ကပ်ငြိကုန် တပ်စွန်းကုန် မက်မောကုန် ဖွဲ့နှောင် ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကြကုန် မကန်းသော်လည်း ကန်းသကဲ့သို့ ဖြစ်ကုန်လျက် ကာမဂုဏ်တို့၌ ပြင်းစွာ ပျက်စီးခြင်းသို့ ရောက်ကာနေကုန်သော သာဝတ္ထိပြည်သူ ပြည်သားတို့ကို မြင်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌- ''ဝတ္ထုကာမတို့၌ ကိလေသာ ကာမဖြင့် ကန်းသည်ကို အပြုခံရသူ တဏှာတည်းဟူသော ပိုက်ကွန်ဖြင့် အဖုံးလွှမ်းခံရသူ တဏှာတည်းဟူသော အမိုး ဖြင့် ဖုံးအုပ်ခံရသူ သတ္တဝါတို့သည် မြှုံးဝ၌ ဝင်ကုန်သော ငါးတို့သည် သေခြင်းသို့ ရောက်ကုန်သကဲ့သို့ လည်းကောင်း နို့စို့အရွယ် နွားသူငယ်သည် အမိနွားမကြီးသို့ လိုက်သကဲ့သို့ လည်းကောင်း ကိလေသာမာရ် ကိုယ်တွင်းရန်၏ အနှောင်အဖွဲ့ကို ခံကြရကုန်သည်ဖြစ်၍ အိုခြင်း သေခြင်းသို့ အစဉ် လိုက်ကြရကုန်၏'' ဟု ဤ ဥဒါန်းကို ကျူးရင့်တော်မူ၏။ 64

၎ - ဒုတိယသတ္တသုတ်၊ စူဠ၀ဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, June 13, 2009

ဤရဟန်းသည် နတ်လူတို့၏ အကျိုးမဲ့ရန်ဖြစ်၏...

ထေရသုတ်...

ဤရဟန်းသည် နတ်လူတို့၏ အကျိုးမဲ့ရန်ဖြစ်၏...

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် များစွာသော လူတို့၏ အစီးအပွါးမဲ့ရန် များစွာသော လူတို့၏ ချမ်းသာမဲ့ရန် များစွာသော လူတို့၏ အကျိုးမဲ့ရန် နတ်လူတို့၏ အစီးအပွါးမဲ့ရန် ဆင်းရဲရန် ကျင့်၏။

အဘယ် ငါးမျိုး တို့နည်း ဟူမူ -

မထေရ်ကြီးဖြစ်၏၊ ရဟန်းဝါရင့်၏၊ ရဟန်းသက်ရှည်၏။ လူနှင့်တကွသော ရဟန်း တို့တွင် ထင်ရှား၏၊ ကျော်စော၏၊ လူအခြံအရံ များစွာရှိ၏။ သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ကို ရလေ့ရှိ၏။

အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အနက်, သဒ္ဒါနှင့်တကွ ဖြစ်၍ အလုံးစုံ ပြည့်စုံစင်ကြယ်သည့် မြတ်သော အကျင့်ကို ဖော်ပြတတ်ကုန်သော အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိသော တရားတို့ကို ထိုသူသည် များစွာကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် ဆင်ခြင် မှတ်သားထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ကား မသိ။


မှားသော အယူရှိ၏၊ ဖောက်ပြန်သော ဉာဏ်အမြင် ရှိ၏၊ ထိုရဟန်းသည် များစွာသော လူအပေါင်းကို သူတော်ကောင်း တရားမှ ထုတ်၍ မသူတော်တို့တရား၌ တည်စေ၏။

''မထေရ်ရဟန်းသည် ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏'' ဟူ၍လည်း ထိုရဟန်း၏ အပြုအမူသို့အတုလိုက်၍ ကျင့်ကုန်၏။

''မထေရ်ရဟန်းသည် လူနှင့်တကွသော ရဟန်းတို့တွင် ထင်ရှား၏၊ ကျော်စော၏၊ လူအခြံအရံ များစွာရှိ၏'' ဟူ၍လည်း ထိုရဟန်း၏ အပြုအမူသို့ အတုလိုက်၍ ကျင့်ကုန်၏။

''မထေရ်ရဟန်းသည် သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို ရလေ့ရှိ၏'' ဟူ၍လည်း ထိုရဟန်း၏ အပြုအမူသို့ အတုလိုက်၍ ကျင့်ကုန်၏။

''မထေရ်ရဟန်းသည် အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏'' ဟူ၍လည်း ထိုရဟန်း၏ အပြုအမူသို့ အတုလိုက်၍ ကျင့်ကုန်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် များစွာသော လူတို့၏ အစီးအပွါးမဲ့ရန် များစွာသော လူတို့၏ ချမ်းသာမဲ့ရန် များစွာသော လူတို့၏ အကျိုးမဲ့ရန် နတ်လူတို့၏ အစီးအပွါး မဲ့ရန် ဆင်းရဲရန် ကျင့်၏။ 88

၈ - ထေရသုတ်-မှ၊ ထေရ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။

ထေရသုတ်--->

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, June 11, 2009

ဈာန်မဂ်ဖိုလ်တရားကို မျက်မှောက်ပြုရန်မထိုက်...

ဥတ္တရိမနုဿဓမ္မသုတ် ... (ဈန်မဂ်ဖိုလ်တရား)

ရဟန်းတို့ တရား ခြောက်မျိုးတို့ကို မပယ်မူ၍ ကိလေသာကို ဖျက်ဆီးရန် စွမ်းနိုင်သောမြတ်သော ဉာဏ်အမြင် အထူးရှိသော၊ လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရားကို မျက်မှောက်ပြုရန် မထိုက်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ...

သတိလွတ်ကင်းမှု၊
ဆင်ခြင်ဉာဏ် မရှိမှု၊
ဣနြေ္ဒတို့၌ တံခါးကို ပိတ်မထားမှု၊
စားဖွယ်၌ အတိုင်းအရှည်ကို မသိမှု၊
ပလွှား ကြွားဝါမှု၊
မြှောက်ပင့် ရှုတ်ချ၍ ဟောပြောမှုတို့တည်း။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့ကို မပယ်မူ၍ ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင် အထူးရှိသော၊ လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရားကို မျက်မှောက်ပြုရန် မထိုက်။

ရဟန်းတို့ တရား ခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့် ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင် အထူးရှိသော၊ လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရားကို မျက်မှောက်ပြုရန် ထိုက်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ...

သတိ လွတ်ကင်းမှု၊
ဆင်ခြင်ဉာဏ် မရှိမှု၊
ဣနြေ္ဒတို့၌ တံခါးကို ပိတ်မထားမှု၊
စားဖွယ်၌ အတိုင်း
အရှည်ကို မသိမှု၊ ပလွှားကြွားဝါမှု၊
မြှောက်ပင့် ရှုတ်ချ၍ ဟောပြောမှုတို့တည်း။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့် ကိလေသာကို ဖျက်ဆီး ခြင်းငှါ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင် အထူးရှိသော၊ လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရားကို မျက်မှောက်ပြုရန် ထိုက်၏ဟု (မိန့်တော်မူ၏)။ 77

၃ - ဥတ္တရိမနုဿဓမ္မသုတ်၊ အရဟတ္တ၀ဂ်၊ ဆက္ကနိပါတ်၊ အဂုင်္တ္တိုရ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, June 10, 2009

စိတ်ကို ကြည့်ရှု စောင့်ရှောက်ရမည်...

အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်-

စိတ်ကို ကြည့်ရှု စောင့်ရှောက်ရမည်...

''ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုလို၏၊ ငါ၏ဤစိတ် အမှုသည် မိမိ ဆင်းရဲခြင်း ငှါ လည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာ သလော၊ ဤစိတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွါးစေ တတ်သလော၊ ဆင်းရဲသော အကျိုး ရှိလေသလော'' ဟု ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ သင်သည် ကြည့်ရှု 'ဆင်ခြင်' သော် ''ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုလို၏၊ ငါ၏ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာ၏၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း ဖြစ်ရာ၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာ၏၊ ဤစိတ် အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏'' ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့ သဘောရှိသော စိတ်အမှုကို သင်သည် စင်စစ် မပြုသင့်။

ရာဟုလာ သင်သည် ကြည့်ရှု 'ဆင်ခြင်' သော် ''ငါသည် အကြင် အမှုကို စိတ်ဖြင့် ပြုလို၏၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်း ငှါလည်း မဖြစ်ရာ၊ သူတစ်ပါး ဆင်းရဲခြင်း ငှါလည်း မဖြစ်ရာ၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်း ငှါလည်း မဖြစ်ရာ၊ ဤစိတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွါး စေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏'' ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့ သဘော ရှိသော စိတ်အမှုကို သင်သည် ပြုသင့်၏။

ရာဟုလာ သင်သည် စိတ်အမှုကို ပြုနေဆဲ ဖြစ်သော်လည်း ထိုစိတ် အမှုကို သာလျှင် သင် ကြည့်ရှု 'ဆင်ခြင်' ရမည်၊ ''ငါသည် အကြင် အမှုကို စိတ်ဖြင့် ပြုဆဲဖြစ်၏၊ ငါ၏ ဤစိတ် အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်း ငှါလည်း ဖြစ်ရာသလော၊ ဤစိတ် အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွါး စေတတ် သလော၊ ဆင်းရဲသော အကျိုး ရှိသလော'' ဟု (ကြည့်ရှု ဆင်ခြင်ရမည်)။

ရာဟုလာ သင်သည် ကြည့်ရှု 'ဆင်ခြင်' သော် ''ငါသည် အကြင် အမှုကို စိတ်ဖြင့် ပြုဆဲ ဖြစ်၏၊ ငါ၏ ဤစိတ် အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ ဤစိတ် အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွါး စေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏'' ဟု အကယ်၍ သိငြားအံ့...

ရာဟုလာ ဤသို့ သဘောရှိသော စိတ်အမှုကို သင်သည် ရုပ်သိမ်းလေလော့။

ရာဟုလာ သင်သည် ကြည့်ရှု 'ဆင်ခြင်' သော် ''ငါသည် အကြင် အမှုကို စိတ်ဖြင့် ပြုဆဲ ဖြစ်၏၊ ငါ၏ ဤစိတ် အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း မဖြစ်၊ ဤ စိတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွါး စေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏'' ဟု အကယ်၍ သိငြားအံ့...

ရာဟုလာ ဤသို့ သဘောရှိသော စိတ်အမှုကို သင်သည် ကြိုးပမ်းလေလော့။

ရာဟုလာ သင်သည် စိတ်အမှုကို ပြုလုပ်ပြီးသော်လည်း ထိုစိတ်အမှုကို သင်သည် ကြည့်ရှု 'ဆင်ခြင်' ရမည်၊ ''ငါသည် အကြင် အမှုကို စိတ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤစိတ် အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ ဤစိတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်သလော၊ ဆင်းရဲ သော အကျိုး ရှိလေသလော'' ဟု (ကြည့်ရှု ဆင်ခြင်ရမည်)။

ရာဟုလာ သင်သည် ကြည့်ရှု ဆင်ခြင်သော် ''ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ ဤစိတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏''ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့ သဘောရှိသော စိတ်အမှု ကို သင်သည် ငြီးငွေ့ ရမည်၊ ရှက်ရမည်၊ စက်ဆုပ်ရမည်၊ ငြီးငွေ့၍ ရှက်၍ စက်ဆုပ်၍ နောင်အခါ စောင့်ရှောက်ခြင်းသို့ ရောက်ရမည်။

ရာဟုလာ သင်သည် ကြည့်ရှု ဆင်ခြင်သော် ''ငါသည် အကြင် အမှုကို စိတ်ဖြင့် ပြုမိပြီ၊ ငါ၏ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း မဖြစ်၊ ဤစိတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွါး စေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏'' ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ သင်သည် ထိုနှစ်သက် ဝမ်းမြောက်ခြင်း ဖြင့်သာလျှင် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်ကြံလျက် နေရမည်။ 111

၁- အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်-မှ၊ ဘိက္ခုဝဂ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

နိဒ္ဒသဝတ္ထုသုတ်...

နိဒ္ဒသဝတ္ထုသုတ်

ရဟန်းတို့ နိဒ္ဒသဝတ္ထုတို့သည် ဤခုနစ်မျိုးတို့တည်း...

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်...

၁...
သိက္ခာသုံးပါးကို ဆောက်တည်မှု၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊
နောင်အခါ သိက္ခာသုံးပါးကို ဆောက်တည်ခြင်း၌လည်း မကင်းသော မြတ်နိုးခြင်း ရှိ၏။

၂...
အနိစ္စစသော အခြင်းအရာအားဖြင့် တေဘူမက တရားတို့ကို စုံစမ်းရာ၌ ထက်သန် သော ပြုလိုမှု 'ဆန္ဒ' ရှိ၏၊
နောင်အခါ အနိစ္စစသော အခြင်းအရာအားဖြင့် တေဘူမကတရားတို့ကို စုံစမ်းရာ၌ လည်း မကင်းသော မြတ်နိုးခြင်းရှိ၏။

၃...
တဏှာကို ဖျက်ဆီးမှု၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊
နောင်အခါ တဏှာကို ဖျက်ဆီးခြင်း၌လည်း မကင်းသော မြတ်နိုးခြင်းရှိ၏။

၎...
တစ်ယောက်တည်း ကိန်းအောင်းမှု၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊
နောင်အခါ တစ်ယောက်တည်း ကိန်းအောင်းမှု၌ မကင်းသော မြတ်နိုးခြင်းရှိ၏။

၅...
ဝီရိယကို အားထုတ်ရာ၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊
နောင်အခါ ဝီရိယကို အားထုတ်ရာ၌လည်း မကင်းသော မြတ်နိုးခြင်း ရှိ၏။

၆...
အောက်မေ့မှု 'သတိ' ရင့်ကျက်မှု 'ပညာ'၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊
နောင်အခါ အောက်မေ့မှု သတိရင့်ကျက်မှု ပညာ၌လည်း မကင်းသော မြတ်နိုး ခြင်းရှိ၏။

၇...
သမ္မာဒိဋ္ဌိကို ထိုးထွင်း၍ သိရာ၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊
နောင်အခါ သမ္မာဒိဋ္ဌိကို ထိုးထွင်း၍ သိရာ၌လည်း မကင်းသော မြတ်နိုးခြင်းရှိ၏။

ရဟန်းတို့ နိဒ္ဒသဝတ္ထုတို့သည် ဤခုနစ်မျိုးတို့တည်း ဟု (မိန့်တော်မူ၏)။

၁ဝ - နိဒ္ဒသဝတ္ထုသုတ်၊ အနုသယ၀ဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, June 9, 2009

အများအားဖြင့် ကာမဂုဏ်တို့၌...

ပဌမသတ္တသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ သာဝတ္ထိ ပြည်သူ ပြည်သားတို့သည် အများအားဖြင့် ကာမဂုဏ်တို့၌ အလွန့်အလွန် ကပ်ငြိကုန် တပ်စွန်းကုန် မက်မောကုန် ဖွဲ့နှောင်ကုန် မိန်းမောကုန် မျိုထား သကဲ့သို့ တည်ကုန်လျက် ကာမဂုဏ်တို့၌ ပြင်းစွာယစ်ခြင်းသို့ ရောက်ကာ နေကြကုန်၏။

ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်၌ ဆွမ်းခံ လှည့်လည်ကုန်၍ ဆွမ်းစား ပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ကုန်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေကြကုန်ပြီးသော် မြတ်စွာဘုရားအား ...

''အသျှင်ဘုရား ဤသာဝတ္ထိပြည်သူ ပြည်သားတို့သည် အများအားဖြင့် ကာမဂုဏ် တို့၌ အလွန့်အလွန် ကပ်ငြိကုန် တပ်စွန်းကုန် မက်မောကုန် ဖွဲ့နှောင်ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကုန်လျက် ကာမဂုဏ်တို့၌ ပြင်းစွာယစ်ခြင်းသို့ ရောက်ကာ နေကြပါကုန်၏'' ဟု လျှောက်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည်...
ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌-

''ကာမဂုဏ်တို့၌ ကပ်ငြိကုန်သော ကာမဂုဏ်တို့၌ ငြိတွယ်ခြင်းတို့ဖြင့် ငြိတွယ် ကုန်သော သံယောဇဉ်တို့၌ အပြစ်ကို မမြင်ကုန်သော သံယောဇဉ် ငြိတွယ်ခြင်းဖြင့် ငြိတွယ်ကုန်သော သတ္တဝါတို့သည် ပြန့်ပြော ကြီးကျယ် လှစွာသော သြဃကို မကူးနိုင် ကုန်ရာ'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 63

၃ - ပဌမသတ္တသုတ်၊ စူဠ၀ဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

မြတ်စွာဘုရား၏ အဆုံးအမတော်...

သတ္ထုသာသနသုတ် - (မြတ်စွာဘုရား၏ အဆုံးအမတော်)

ထိုအခါ၌ အသျှင်ဥပါလိမထေရ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -

အသျှင်ဘုရား တောင်းပန်ပါ၏...
မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါ၊ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားတော်ကို ကြားနာရ၍ တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာ အားထုတ်သည် တည်ကြည်သောစိတ်ရှိသည် ဖြစ်၍ နေလိုပါ၏ ဟု လျှောက်၏။

ဥပါလိ ''ဤတရားတို့သည် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ကိလေသာ ချုပ်ငြိမ်းရန် ထူးသောဉာဏ်ဖြင့် သိရန် သစ္စာလေးပါးကို ထိုးထွင်း၍ သိရန် မဖြစ်ကုန်၊ နိဗ္ဗာန် အလို့ငှါ မဖြစ်ကုန်''ဟူ၍ သင်သည် အကြင် တရားတို့ကို သိရာ၏။

ဥပါလိ ''ဤသို့သော တရားသည် ဓမ္မမမည်၊ ဤသို့သောတရားသည် ဝိနယ မမည်၊ ဤသို့သော တရားသည် မြတ်စွာဘုရား အဆုံးအမတော် မဟုတ်'' ဟု သင်သည် စင်စစ် မှတ်သားရာ၏။

ဥပါလိ ''ဤတရားတို့သည် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ကိလေသာ ချုပ်ငြိမ်းရန် ထူးသော ဉာဏ်ဖြင့် သိရန် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိရန် ဖြစ်ကုန်၏၊ နိဗ္ဗာန် အလို့ငှါ ဖြစ်ကုန်၏'' ဟူ၍ သင်သည် အကြင် တရားတို့ကို သိရာ၏။

ဥပါလိ ''ဤသို့သော တရားသည် ဓမ္မမည်၏၊ ဤသို့သော တရားသည် ဝိနယ မည်၏၊ ဤသို့သော တရားသည် မြတ်စွာဘုရား၏ အဆုံးအမ တော်ပင်တည်း'' ဟု သင်သည် စင်စစ် မှတ်သား ရာ၏ ဟု မိန့်တော်မူ၏။ 83

၉ - သတ္ထုသာသနသုတ်၊ ၀ိနယ၀ဂ်၊ သတ္တကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, June 8, 2009

ပြောကြားခြင်း...

ဗျာကရဏသုတ် -(ပြောကြားခြင်း၊ ဗျာဒိတ်ပေးခြင်း)

ရဟန်းတို့ အရဟတ္တဖိုလ်ကို ပြောဆိုခြင်းတို့သည် ဤငါးမျိုး တို့တည်း။

အဘယ် ငါးမျိုး တို့နည်း ဟူမူ -
၁...
(ပညာ) နုံ့သည်၏အဖြစ် တွေဝေသည်၏ အဖြစ်ကြောင့် အရဟတ္တဖိုလ်ကို ပြောဆို၏၊

၂...
ယုတ်ညံ့သော အလိုရှိသည် အလိုဆိုး နှိပ်စက်အပ်သည် ဖြစ်၍ အရဟတ္တဖိုလ်ကို ပြောဆို၏၊

၃...
ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းကြောင့် အရဟတ္တဖိုလ်ကို ပြောဆို၏၊

၎...
အထင်ကြီးသဖြင့် အရဟတ္တဖိုလ်ကို ပြောဆို၏၊

၅...
အကြောင်းမှန်အားဖြင့် အရဟတ္တဖိုလ်ကို ပြောဆို၏။

ရဟန်းတို့ အရဟတ္တဖိုလ်ကို ပြောဆိုခြင်းတို့သည် ဤငါးမျိုးတို့တည်း ဟု မိန့်တော်မူ၏။ 93

၃ - ဗျာကရဏသုတ်၊ ကကုဓ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, June 6, 2009

နှုတ်အမှုကို ကြည့်ရှု ဆင်ခြင်ရမည်...

အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်-

ရာဟုလာ သင်သည် အကြင်အမှုကို နှုတ်ဖြင့် ပြုလိုသည် ဖြစ်အံ့၊
ထိုနှုတ်အမှုကို သင်ကြည့်ရှု 'ဆင်ခြင်' ရမည်-

''ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုလို၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်း ငှါလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ ဤနှုတ်အမှုသည် အကု သိုလ်လော၊ ဆင်းရဲကို ဖြစ်ပွါး စေတတ်သလော၊ ဆင်းရဲသော အကျိုးရှိလေ သလော''ဟု ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ သင်သည် ကြည့်ရှု 'ဆင်ခြင်' သော် ''ငါသည် အကြင် အမှုကို နှုတ်ဖြင့် ပြုလို၏၊ ငါ၏ ဤနှုတ် အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာ၏၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း ဖြစ်ရာ၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာ ၏၊ ဤနှုတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်၏၊ ဆင်းရဲ သော အကျိုးရှိ၏'' ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့ သဘော ရှိသော နှုတ်အမှုကို သင်သည် စင်စစ် မပြုသင့်။

ရာဟုလာ သင်သည် ကြည့်ရှု 'ဆင်ခြင်' သော် ''ငါသည် အကြင် အမှုကို နှုတ်ဖြင့် ပြုလို၏၊ ငါ၏ ဤနှုတ် အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း မဖြစ်ရာ၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း မဖြစ်ရာ၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း မဖြစ်ရာ၊ ဤနှုတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွါး စေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏'' ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့ သဘော ရှိသော နှုတ်အမှု ကို သင်သည် ပြုသင့်၏။

ရာဟုလာ သင်သည် နှုတ်အမှုကို ပြုနေဆဲ ဖြစ်သော်လည်း ထိုနှုတ် အမှုကို သင် ကြည့်ရှု 'ဆင်ခြင်'ရမည်၊ ''ငါသည် အကြင် အမှုကို နှုတ်ဖြင့် ပြုဆဲဖြစ်၏၊ ငါ၏ ဤနှုတ် အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ ဤနှုတ် အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွါး စေတတ် သလော၊ ဆင်းရဲသော အကျိုး ရှိလေသလော'' ဟု (ကြည့်ရှု ဆင်ခြင်ရမည်)။

ရာဟုလာ သင်သည် ကြည့်ရှု 'ဆင်ခြင်' သော် ''ငါသည် အကြင် အမှုကို နှုတ်ဖြင့် ပြု၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲ ခြင်းငှါလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ ဤနှုတ် အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏'' ဟု အကယ်၍ သိငြားအံ့...

ရာဟုလာ ဤသို့ သဘော ရှိသော နှုတ်အမှုကို သင်သည် ရုပ်သိမ်းလေလော့။

ရာဟုလာ သင်သည် ကြည့်ရှု 'ဆင်ခြင်' သော် ''ငါသည် အကြင် အမှုကို နှုတ်ဖြင့် ပြု၏၊ ငါ၏ ဤနှုတ် အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲ ခြင်းငှါလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း မဖြစ်၊ ဤနှုတ် အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွါးစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏'' ဟု အကယ်၍ သိငြားအံ့...

ရာဟုလာ ဤသို့ သဘောရှိသော နှုတ်အမှုကို သင်သည် ကြိုးပမ်းလေလော့။

ရာဟုလာ သင်သည် နှုတ် အမှုကို ပြုပြီးသော်လည်း ထိုနှုတ်အမှုကို သင် ကြည့်ရှု 'ဆင်ခြင်' ရမည်၊ ''ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤနှုတ် အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ ဤနှုတ် အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်သလော၊ ဆင်းရဲသော အကျိုးရှိလေသလော'' ဟု (ကြည့်ရှု ဆင်ခြင်ရမည်)။

ရာဟုလာ သင်သည် ကြည့်ရှု 'ဆင်ခြင်' သော် ''ငါသည် အကြင် နှုတ်အမှုကို ပြုမိပြီ၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ ဤနှုတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏'' ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့ သဘော ရှိသော နှုတ်အမှု ကို သင်သည် ဆရာ့ထံ၌ ဖြစ်စေ၊ ပညာရှိတို့ထံ၌ ဖြစ်စေ၊ သီတင်း သုံးဖော်တို့ထံ၌ ဖြစ်စေ ပြောကြားရမည်၊ ဖွင့်ပြရမည်၊ ထင်စွာ ပြုရမည်၊ ပြောကြား၍ ဖွင့်ပြ၍ ထင်စွာပြု၍ နောင်အခါ၌ စောင့်ရှောက်ခြင်းသို့ ရောက်ရမည်။

ရာဟုလာ သင်သည် ကြည့်ရှု 'ဆင်ခြင်' သော် ''ငါသည် နှုတ်ဖြင့် အကြင် အမှုကို ပြုမိပြီ၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း မဖြစ်၊ ဤနှုတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွါးစေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏'' ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ သင်သည် ထိုသို့ နှစ်သက် ဝမ်းမြောက် ခြင်းဖြင့်သာလျှင် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်ကြံလျက် နေရာ၏။ 110

ရာဟုလာ သင်သည် အကြင်အမှုကို စိတ်ဖြင့် ပြုလို၏၊ သင်သည် ထိုသို့ သဘော ရှိသော စိတ်အမှုကို ကြည့်ရှု 'ဆင်ခြင်' ရမည်။

၁ - အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်-မှ၊ ဘိက္ခုဝဂ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ကောင်းသည်၊ ကောင်းသောအမှု...

ဘဒ္ဒကသုတ် - (ကောင်းသည်၊ ကောင်းသောအမှု)

ထိုအခါ၌ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို ''ငါ့သျှင် ရဟန်းတို့'' ဟု ခေါ်တော် မူ၏၊ ''အသျှင်ဘုရား' 'ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထား ကုန်၏၊ အသျှင် သာရိပုတြာသည် ဤစကားကို မိန့်ဆို၏ -

ငါ့သျှင်တို့ အကြင်အကြင် အခြင်းအရာအားဖြင့် နေခြင်းကို ပြုသော ရဟန်းအား ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်းသည် မဖြစ်နိုင်၊ ထိုထိုသော အခြင်းအရာအားဖြင့် ရဟန်းသည် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြုသနည်း။

၁...
ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှု၌ မွေ့လျော်၏၊ အမှု၌ ပျော် ပိုက်၏၊ အမှု၌မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ်၏။ စကားပြော ဟောခြင်း၌ မွေ့လျော်၏၊ စကားပြောဟောခြင်း၌ ပျော်ပိုက်၏၊ စကားပြောဟော ခြင်း၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ်၏။

၂...
အိပ်ခြင်း၌ မွေ့လျော်၏၊ အိပ်ခြင်း၌ ပျော်ပိုက်၏၊ အိပ်ခြင်း၌ မွေ့လျော်သည့် အဖြစ် ကို အဖန်ဖန်အားထုတ်၏။

၃...
အပေါင်းအဖော်၌ မွေ့လျော်၏၊ အပေါင်းအဖော်၌ ပျော်ပိုက်၏၊ အပေါင်းအဖော်၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ်၏။ နှီးနှောမှု (ငါးမျိုး)၌ မွေ့လျော် ၏၊

၎...
နှီးနှောမှု၌ ပျော်ပိုက်၏၊ နှီးနှောမှု၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ် ၏၊ ချဲ့ထွင်မှု 'ပပဉ္စတရား' ၌ မွေ့လျော်၏၊ ချဲ့ထွင်မှု၌ ပျော်ပိုက်၏၊ ချဲ့ထွင်မှု၌ မွေ့ လျော်သည့်အဖြစ်ကို အဖန်ဖန် အားထုတ်၏။

၅...
ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်သော အခြင်းအရာဖြင့် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ ဤရဟန်းကို ထင်ရှားရှိသော ခန္ဓာငါးပါး 'သက္ကာယ'၌ မွေ့လျော်သော ရဟန်း၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာပြုရန် သက္ကာယကို မစွန့်ပယ်နိုင်သော ရဟန်းဟူ၍ ဆိုအပ်၏။

ငါ့သျှင်တို့ အကြင် အကြင် အခြင်းအရာအားဖြင့် နေခြင်းကို ပြုသော ရဟန်းအား ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်းသည် ဖြစ်နိုင်၏၊ ထိုထို အခြင်းအရာအားဖြင့် ရဟန်းသည် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြုသနည်း။

၁...
ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှုသစ်၌ မမွေ့လျော်၊ အမှုသစ်၌ မပျော်ပိုက်၊ အမှုသစ်၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။ စကား ပြောခြင်း၌ မမွေ့လျော်၊ စကားပြောခြင်း၌ မပျော်ပိုက်၊ စကား ပြောခြင်း၌ မွေ့ လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

၂...
အိပ်ခြင်း၌ မမွေ့လျော်၊ အိပ်ခြင်း၌ မပျော်ပိုက်၊ အိပ်ခြင်း၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

၃...
အပေါင်းအဖော်၌ မမွေ့လျော်၊ အပေါင်းအဖော်၌ မပျော်ပိုက်၊ အပေါင်းအဖော်၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

၎...
နှီးနှောမှု (ငါးမျိုး)၌ မမွေ့လျော်၊ နှီးနှောမှု၌ မပျော်ပိုက်၊ နှီးနှောမှု၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

၅...
ချဲ့ထွင်မှု 'ပပဉ္စတရား'၌ မမွေ့လျော်၊ ချဲ့ထွင်မှု၌ မပျော်ပိုက်၊ ချဲ့ထွင်မှု၌ မွေ့လျော် သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ် လွန်ခြင်း ဖြစ်နိုင်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြု၏။ ငါ့သျှင်တို့ ဤ ရဟန်းကို နိဗ္ဗာန်၌ မွေ့လျော်သော ရဟန်း၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာ ပြုရန် သက္ကာယကို စွန့်ပယ်နိုင်သော ရဟန်း ဟူ၍ ဆိုအပ်၏ ဟု (မိန့်ဆို၏)။

ငါ့သျှင်တို့ သားသမင်နှင့် တူသူသည် ချဲ့ထွင်မှု 'ပပဉ္စတရား'၌ အဖန်ဖန်အား ထုတ်သည် ဖြစ်၍ ချဲ့ထွင်မှု၌ မွေ့လျော်ရကား ယောဂ လေးပါးကုန်ရာ အတု မရှိသော နိဗ္ဗာန်ကို လွဲချော်စေ၏။ ချဲ့ထွင်မှု 'ပပဉ္စတရား' ကို စွန့်၍ ချဲ့ထွင်မှု မရှိရာ နိဗ္ဗာန်၌ မွေ့လျော်သူသည် ယောဂ လေးပါးကုန်ရာ အတု မရှိသော နိဗ္ဗာန်ကို ပြည့်စုံစေ၏။14

၎ - ဘဒ္ဒကသုတ်၊ သာရဏီယ၀ဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဥတ္တရသုတ်...

ဥတ္တရသုတ်

ရာဇဂြိုဟ်နိဒါန်း
ဥတ္တရနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏ -

အိုခြင်းတရားသည် အသက်ကို သေခြင်း၏ အနီးသို့ ဆောင်အပ်၏၊ သတ္တဝါတို့၏ အသက်သည် နည်း၏ တိုတောင်းလှ၏။ အိုခြင်းတရားသည် သေခြင်း၏ အနီးသို့ ဆောင်အပ်သောသူအား ကိုးကွယ်ရာတို့သည် မရှိကုန်၊ ပညာရှိသည် သေခြင်း တရား၌် ထိုကြောက်ဖွယ် ဘေးသုံးမျိုးကိုရှုသည် ဖြစ်၍ ချမ်းသာကို ဆောင်တတ် သော ကောင်းမှုတို့ကို ပြုရာ၏ ဟု လျှောက်၏။

အိုခြင်းတရားသည် အသက်ကို သေခြင်း၏ အနီးသို့ ဆောင်အပ်၏၊ သတ္တဝါတို့၏ အသက်သည် နည်း၏ တိုတောင်းလှ၏။ အိုခြင်းတရားသည် သေခြင်း၏ အနီးသို့ ဆောင်အပ်သော သူအား ကိုးကွယ်ရာတို့သည် မရှိကုန်၊ ငြိမ်းချမ်းရာ နိဗ္ဗာန်ကို အလိုရှိသူသည် သေခြင်း၌ ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည် ဖြစ်၍ လောကာမိသ တေဘူမကဝဋ် ကို စွန့်ရာ၏ ဟု မိန့်တော်မူ၏။ 100

ဥတ္တရသုတ်၊ ပုပ္ဖ၀ဂ်၊ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, June 5, 2009

မသူတော်တရား သုံးပါး...

ဒေဝဒတ္တသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ မသူတော်တရား သုံးပါးတို့ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း၊

အဘယ်သုံးပါးတို့နှင့်နည်း...

၁...
ရဟန်းတို့ ယုတ်မာသော အလိုဆိုးဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း။

၂...
ရဟန်းတို့ မိတ်ဆွေယုတ် ရှိသည်၏ အဖြစ်ဖြင့် အနှိပ်စက် ခံရသော သိမ်းရုံး ယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ် ပတ်လုံးတည်၏၊ ကုစား၍ မရကောင်း။

၃...
ဈာန်အဘိညာဉ်တို့ထက် အလွန်ဖြစ်သော မဂ်ဖိုလ်အတွက် ပြုဖွယ်ကိစ္စ ရှိသေး သည် ဖြစ်ပါလျက် အနည်းငယ်မျှသော ဈာန်အဘိညာဉ် တရားထူးကို ရခြင်းဖြင့် အကြား၌သာ ပြီးဆုံးခြင်းသို့ ရောက်နေရ၏။

ရဟန်းတို့ ...
ဤမသူတော်တရား သုံးပါးတို့ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ် ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော် မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို...
''လောက၌ တစ်စုံတစ်ယောက်သော သူသည် အဘယ်အခါမျှ ယုတ်မာသော အလိုရှိသူ မဖြစ်ပါစေလင့်၊ ယုတ်မာသော အလိုရှိသူတို့၏ လားရာ 'ဂတိ' ကဲ့သို့ ထိုသို့သော လားရာ'ဂတိ'ကို ဤဆိုလတ္တံ့သော အကြောင်းဖြင့် သိကြကုန်လော့။

ပညာရှိဟု ထင်ရှားသော ဈာန်အဘိညာဉ်တို့ဖြင့် ပွါးများအပ်ပြီးသော စိတ်ရှိသူဟု သမုတ်အပ်သော ဒေဝဒတ်သည် အခြံအရံဖြင့် တောက်ပသကဲ့သို့တည်၏ဟု ထင်ရှားခဲ့၏။ ထိုဒေဝဒတ်သည် မိမိအတိုင်းအရှည် ပမာဏကို မသိသောကြောင့် ထိုမြတ်စွာဘုရားကို ညှဉ်းဆဲ၍ တံခါးလေးပေါက် ရှိသော ကြောက်မက်ဖွယ် အဝီစိငရဲသို့ ရောက်ရ၏။

အကြင်သူသည် မကောင်းမှု ကံကို မပြုသည့် မပြစ်မှားသင့်သောသူအား ပြစ် မှား၏၊ ရိုသေမှုကင်းသော ပြစ်မှားသော စိတ်ရှိသော ထိုသူသို့သာလျှင် မကောင်း မှုသည် တွေ့ထိကျရောက်၏။

အကြင်သူသည် သမုဒ္ဒရာကို အဆိပ်အိုးဖြင့် ဖျက်ဆီးရန် ကြံစည် အောက်မေ့၏၊ ထိုသူသည် ထိုအဆိပ်အိုးဖြင့် မဖျက်ဆီးနိုင်ရာ၊ မှန်လှ၏ ပြန့်ပြောနက်ကျယ် ကြောက်မက်ဖွယ် ကောင်းသော သမုဒ္ဒရာသည် ကြီးမားကျယ်ဝန်းလှပေ၏။

ဤအတူသာလျှင် အကြင်သူသည် ညီညွတ်သည်ဖြစ်၍ ငြိမ်းအေးသော စိတ်ရှိ သော မြတ်စွာဘုရားကို ဒေါသဖြင့် ညှဉ်းဆဲ နှိပ်စက်၏၊ ထိုသူ၏ ဒေါသသည် ထိုမြတ်စွာဘုရား အပေါ်၌ မကျရောက်နိုင်။

အကြင် ကောင်းသော အကျင့်ရှိသူ၏ ပဋိပတ်လမ်းစဉ်သို့ အစဉ်လိုက်သော ရဟန်းသည် ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ရောက်ရာ၏၊ ပညာရှိသည် ထိုသို့ သဘော ရှိသော ကောင်းသော အကျင့်ရှိသူကို အဆွေခင်ပွန်း ပြုရာ၏၊ ထိုကောင်းသော အကျင့် ရှိသူကိုလည်း မှီဝဲရာ၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ 89

၁ဝ - ဒေဝဒတ္တသုတ်၊ စတုတ္ထ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အံသြဖွယ်ရာ မဖြစ်ဖူးမြဲ ဖြစ်ပုံအချက်...

သမ္ပသာဒနီယသုတ် -(ကြည်ညိုဖွယ်)

အံသြဖွယ်ရာ မဖြစ်ဖူးမြဲ ဖြစ်ပုံအချက်...

အသျှင်ဥဒါယီသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -
မြတ်စွာဘုရား၏ အလိုနည်းခြင်းသည် ရောင့်ရဲလွယ်ခြင်းသည် ကိလေသာ ခေါင်းပါးခြင်းသည် အံဖွယ်ရှိပါပေစွ အသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အသျှင်ဘုရား၊ မြတ်စွာဘုရားသည် ဤသို့ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော်ရှိပါလျက် မိမိဂုဏ်ကို ထင်ရှားပြုတော်မမူ။

မြတ်စွာဘုရား ဤဂုဏ်အပေါင်းမှ ဂုဏ်တစ်ခုခုကိုသော်လည်း တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် မိမိ၌ မြင်ကုန်ငြားအံ့၊ ထိုပရိဗိုဇ်တို့သည် ထိုဂုဏ်မျှဖြင့်ပင် တံခွန်ထူ၍ လှည့်လည် ကုန်ရာ၏။

မြတ်စွာဘုရား၏ အလို နည်းခြင်းသည် ရောင့်ရဲလွယ်ခြင်းသည် ကိလေသာ ခေါင်းပါးခြင်းသည် အံဖွယ်ရှိပါပေစွ အသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အသျှင်ဘုရား၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော်ရှိပါလျက် မိမိဂုဏ်ကို ထင်ရှားပြုတော်မမူ ဟု လျှောက်၏။

ဥဒါယီ သင်သည် မြတ်စွာဘုရား၏အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကိလေသာ ခေါင်းပါးခြင်းကို ရှုလော့၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော်ရှိပါလျက် မိမိဂုဏ်ကို ထင်ရှားပြုတော်မမူ။ ဥဒါယီ ဤ ဂုဏ်အပေါင်းမှ ဂုဏ်တစ်ခုခုကိုသော်လည်း တစ်ပါးသော အယူရှိသော ပရိဗိုဇ် တို့သည် မိမိ၌ မြင်ကုန်ငြားအံ့၊ ထိုပရိဗိုဇ်တို့သည် ထိုဂုဏ်မျှဖြင့်ပင် တံခွန်ထူ၍ လှည့်လည်ကုန်ရာ၏။ ဥဒါယီ သင်သည် မြတ်စွာဘုရား၏ အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကိလေသာ ခေါင်းပါးခြင်းကို ရှုလော့၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော် ရှိပါလျက် မိမိဂုဏ်ကို ထင်ရှားပြုတော်မမူ ဟု မိန့်တော်မူ၏။162

ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတြာကို မိန့်တော်မူ၏...
သာရိပုတြာ ဤတရားတော်ကို ရဟန်းယောက်ျားတို့အားလည်းကောင်း ရဟန်း မိန်မတို့အားလည်းကောင်း ဒါယကာတို့အား လည်းကောင်း ဒါယိကာမတို့အား လည်းကောင်း သင်သည် မပြတ်ဟောကြားလေလော့။ သာရိပုတြာ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်ကုန်သော အကြင်ယောက်ျားတို့အား မြတ်စွာဘုရား၌ ယုံမှားခြင်း တွေးတောခြင်းသည် ဖြစ်လတ္တံ့၊ ထိုယောက်ျားတို့အား ဤတရားဒေသနာတော်ကို နာရ၍ မြတ်စွာဘုရား၌ ထိုယုံမှား တွေးတောခြင်းသည် အလိုလို ပျောက်လတ္တံ့၊ ထို့ကြောင့် မပြတ်ဟောကြားလေလော့ ဟု မိန့်တော်မူ၏။

ဤသို့ ဆိုအပ်ပြီးသောနည်းဖြင့် အသျှင်သာရိပုတြာသည် မြတ်စွာဘုရား မျက်မှောက်တော်၌ ကြည်ညိုခြင်းကို အကြင့်ကြောင့် ပြောကြား၏၊ ထို့ကြောင့် ဤအမေးအဖြေနှင့်တကွ ဟောကြားအပ်သော တရားတော်၏ အမည်သည် 'သမ္ပသာဒနီယ 'ဟု တွင်သတည်း။163

အံသြဖွယ်ရာ မဖြစ်ဖူးမြဲ ဖြစ်ပုံအချက်၊ သမ္ပသာဒနီယသုတ်၊ ပါထိက၀ဂ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, June 4, 2009

ပညာ၏ ကြီးပွါးခြင်းဖြင့်ကြီးပွါးခြင်း...

ပမာဒါဒိဝဂ်...

ပညာ၏ ကြီးပွါးခြင်းဖြင့်ကြီးပွါးခြင်း...
ရဟန်းတို့ အကြင် အခြံအရံ၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်းသည် အနည်း ငယ်မျှသာဖြစ်၏။ ရဟန်းတို့ အကြင် ပညာ၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်း သည် ကြီးပွါးခြင်းတကာတို့တွင် အမြတ်ဆုံးတည်း။ ရဟန်းတို့ ထို့ကြောင့် ဤ သာသနာတော်၌ ''ပညာ၏ ကြီးပွါးခြင်းဖြင့်ကြီးပွါး ကုန်အံ့'' ဟု နှလုံးသွင်း၍ ကျင့်ရ မည်။ ရဟန်းတို့ သင်တို့သည် ဤအတိုင်းသာ ကျင့်ရမည်ဟု မိန့်တော်မူ၏။81


မေ့လျော့ခြင်း...
ရဟန်းတို့ ဤမေ့လျော့ခြင်း 'ပမာဒ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာအကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေ့လျော့ခြင်း 'ပမာဒ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။82


မမေ့မလျော့ခြင်း...
ရဟန်းတို့ ဤမမေ့မလျော့ခြင်း 'အပ္ပမာဒ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မမေ့မလျော့ခြင်း 'အပ္ပမာဒ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။83


ပျင်းရိခြင်း...
ရဟန်းတို့ ဤပျင်းရိခြင်း 'ကောသဇ္ဇ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့ သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှ လည်း ငါမမြင်။ ရဟန်းတို့ ပျင်းရိခြင်း 'ကောသဇ္ဇ'တရားသည် များစွာ အကျိုးမဲ့ခြင်း ငှါ ဖြစ်၏ဟု မိန့်တော်မူ၏။ 84


ထက်သန်သော လုံ့လရှိခြင်း...
ရဟန်းတို့ ဤထက်သန်သော လုံ့လ 'ဝီရိယာရမ္ဘ' တရားသည် များစွာအကျိုးရှိ ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လ 'ဝီရိယာရမ္ဘ' တရား သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။ 85


အလိုကြီးခြင်း...
ရဟန်းတို့ ဤအလိုကြီးခြင်း 'မဟိစ္ဆတာ' တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အလိုကြီးခြင်း 'မဟိစ္ဆတာ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။ 86


အလိုနည်းခြင်း...
ရဟန်းတို့ ဤအလိုနည်းခြင်း 'အပ္ပိစ္ဆတာ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရား ကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အလိုနည်းခြင်း 'အပ္ပိစ္ဆတာ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ 87


မရောင့်ရဲခြင်း...
ရဟန်းတို့ ဤမရောင့်ရဲခြင်း 'အသန္တုဋ္ဌိတာ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရား ကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မရောင့်ရဲခြင်း 'အသန္တုဋ္ဌိတာ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။ 88


ရောင့်ရဲခြင်း...
ရဟန်းတို့ ဤရောင့်ရဲခြင်း 'သန္တုဋ္ဌိတာ' တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ရောင့်ရဲခြင်း 'သန္တုဋ္ဌိတာ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။89


နှလုံးသွင်းခြင်း မကောင်းခြင်း...
ရဟန်းတို့ ဤမသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း 'အယောနိ သော မနသိကာရ' တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။90


နှလုံးသွင်းခြင်း ကောင်းခြင်း...
ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း 'ယောနိသော မနသိကာရ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။91


မဆင်ခြင်ခြင်း...
ရဟန်းတို့ ဤမဆင်ခြင်ခြင်း 'အသမ္ပဇည'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆင်ခြင်ခြင်း 'အသမ္ပဇည'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။92


ဆင်ခြင်ခြင်း...
ရဟန်းတို့ ဤဆင်ခြင်ခြင်း 'သမ္ပဇည'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့ သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကို မျှလည်း ငါမမြင်။ ရဟန်းတို့ ဆင်ခြင်ခြင်း 'သမ္ပဇည'တရားသည် များစွာ အကျိုး ရှိခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။93


အဆွေခင်ပွန်းယုတ်ရှိခြင်း...
ရဟန်းတို့ ဤအဆွေခင်ပွန်းယုတ်ရှိခြင်း 'ပါပမိတ္တတာ'တရားသည် များစွာ အကျိုး မဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခု သော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းယုတ်ရှိခြင်းသည် များ စွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။94


အဆွေခင်ပွန်းကောင်းရှိခြင်း...
ရဟန်းတို့ ဤအဆွေခင်ပွန်းကောင်းရှိခြင်း 'ကလျာဏမိတ္တတာ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းကောင်း ရှိခြင်း သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။95


အကုသိုလ်ပြုခြင်း... ကုသိုလ်မပြုခြင်း...
ရဟန်းတို့ ဤအကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမ ထုတ်ခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ ခြင်းငှါ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်း သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။96


ကုသိုလ်ပြုခြင်း... အကုသိုလ်မပြုခြင်း...
ရဟန်းတို့ ဤကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အား မထုတ်ခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိ ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်း သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။

၉- ပမာဒါဒိဝဂ်၊ ဧကကနိပါတ်၊ အင်္ဂုတ္တိုရ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ထမင်းချိုးကို လှူဒါန်းခဲ့သောကြောင့်...

အာစာမဒါယိကာဝိမာနဝတ္ထု...

ရှေးလူဖြစ်စဉ် ဆွေမျိုးပျက်စီး အထီးကျန်သော သူဆင်းရဲမဖြစ်ကာ သူတပါးအိမ် အဖီကို အမှီပြုနေရသူ ဖြစ်ပါလျက် အသျှင်မဟာကဿပအား ထမင်းချိုးကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့သောကြောင့် ကွယ်လွန်သောအခါ နိမ္မာနရတိ နတ်ပြည်၌ ချမ်းသာပျော်ရွှင်စွာ ဖြစ်ရသော နတ်သမီးအကြောင်း...

စည်းစိမ်ဥစ္စာ ဆွေမျိုးပြုန်းတီး၍ အထီးကျန်သော ဆင်းရဲသော သူတစ်ပါးအိမ် အဖီကိုမှီ၍ နေရသော မိန်းမသည် ဆွမ်းအလို့ငှါ လှည့်လည်လျက် ဆိတ်ဆိတ်နေ ကာ ရပ်တည်သော အရှင်ဘုရားအား ကြည်ညိုစိတ်ရှိသည်ဖြစ်၍ ထမင်းချိုးကို ကိုယ်ထိလက်ရောက် ပေးလှူဖူးပါပြီ၊ ထိုမိန်းမသည် လူ့ကိုယ်ခန္ဓာကို စွန့်၍ အဘယ်ဘဝသို့ လားရောက်ရ လေသနည်း ဟု သိကြားမင်းကမေး၏။ 185-6

စည်းစိမ်ဥစ္စာ ဆွေမျိုးပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသော သူတစ်ပါးအိမ် အဖီကိုမှီ၍ နေရသော မိန်းမသည် ဆွမ်းအလို့ငှါ လှည့်လည်လျက် ဆိတ်ဆိတ် နေကာ ရပ်တည်သော ငါ့အား ကြည်ညိုစိတ် ရှိသည်ဖြစ်၍ ထမင်းချိုးကို ကိုယ်ထိ လက်ရောက် ပေးလှူခဲ့ဖူး၏၊ ထိုမိန်းမသည် လူ့ကိုယ်ခန္ဓာကို စွန့်၍ ဤလူ့ဘဝမှ ကင်းလွတ် စုတေသောအခါ တန်ခိုးကြီးသော နတ်တို့ရှိရာ နိမ္မာနရတိနတ်ပြည်၌ ချမ်းသာခြင်းသို့ ရောက်၍ မွေ့လျော်စံပျော် နေရ၏ဟု အသျှင်မဟာကဿပ မိန့်တော်မူ၏။ 187-9

အသျှင်မဟာကဿပ၌ ကောင်းစွာ တည်စေသော အထီးကျန်သော မိန်းမ၏ အလှူသည် အံ့ဖွယ်ရှိပေစွ၊ သူတစ်ပါးတို့ အိမ်မှ ဆောင်လာသော ထမင်းချိုးဟူ သော လှူဖွယ်ဝတ္ထုဖြင့် ပေးလှူအပ်သော အလှူသည် ပြည့်စုံပေစွ တကား။190

အချင်းတို့ အင်္ဂါကြီးငယ် အလုံးစုံ ကောင်းခြင်းရှိသော လင်၏ ရှုမငြီးသော မိန်းမ သည် စကြာမင်း၏ မိဖုရား ဖြစ်သော်လည်း ထိုမိဖုရားအဖြစ်သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုး အလှူ၏ အကျိုးကို တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိပေ။191

ရွှေစင်နိက္ခတစ်သိန်း, မြင်းတစ်သိန်း, အဿထိုရ်မြင်းကသော ရထားတစ်သိန်း, ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော သမီးကညာတစ်သိန်း ဤအလုံးစုံတို့ သည်လည်း ဤသူဆင်းရဲ မပေးလှူသော ထမင်းချိုးအလှူ၏ အကျိုးကို တစ်ဆယ့် ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုး မရှိကြပေကုန်။192

ဟိမဝန္တာတောင်၌ ဖြစ်ကုန်သော စဉ်းငယ်ညွတ်သော အစွယ်ရှိကုန်သော ကြီးစွာ သော စစ်ထိုးခြင်းကို ရွက်ဆောင်နိုင်ကုန်သော ရွှေကကြိုး တပ်အပ်ကုန်သော ရွှေတန်ဆာတို့ဖြင့် ဖွဲ့အပ်သော ကိုယ်ရှိကုန်သော မာတင်္ဂမျိုး၌ ဖြစ်ကုန်သော ဆင်အကောင်တစ်ရာတို့သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုး အလှူ၏ (အကျိုးကို) တစ်ဆယ့် ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိကြပေ။

ဤလောက၌ အကြင်သူသည် ကျွန်းကြီးလေးကျွန်းတို့ကို အစိုးရခြင်းကို ပြုရာ၏၊ ထိုသူ၏ ထိုစကြာဝတေးမင်း စည်းစိမ်သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုး အလှူ၏ အကျိုးကို တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိပေ။194

၃ - အာစာမဒါယိကာဝိမာနဝတ္ထု၊ စိတ္တလတာဝဂ်၊ ၀ိမာန၀တ္ထုပါဠိတော်။

အာစာမ= ကစီရည်

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, June 3, 2009

နန္ဒသည် ဤသို့ မေးလျှောက်၏...

နန္ဒမာဏဝပုစ္ဆာ...

နန္ဒသည် ဤသို့ မေးလျှောက်၏...
လောက၌ (မုနိ) အမည်ခံ အာဇီဝကစသည်တို့ ရှိကုန်၏ဟု လူတို့ ပြောဆိုကုန်၏၊ ထိုစကားကို အဘယ့်ကြောင့် ဆိုကုန်သနည်း၊ သမာပတ်ဉာဏ်စသည်နှင့် ပြည့်စုံသော သူကို မုနိဟု ဆိုကုန်ပါသလော၊ သို့မဟုတ် ခေါင်းပါးသော အသက်မွေးမှုနှင့် ပြည့်စုံသော သူကို မုနိဟု ဆိုကုန်ပါသလော။ 1-1084

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
နန္ဒ ဤသာသနာတော်ဝယ် ခန္ဓာစသည်၌ လိမ္မာသူတို့သည် အမြင် စင်ကြယ်မှုဖြင့် မုနိဟူ၍ မဆိုကုန်၊ အကြား စင်ကြယ်မှုဖြင့် မုနိဟူ၍ မဆိုကုန်၊ သမာပတ်စသော ဉာဏ်ဖြင့် မုနိဟူ၍ မဆိုကုန်၊ အကြင်သူတို့သည် ကိလေသာ စသော မာရ်စစ်သည် ကင်းအောင် ပြုပြီး၍ ဆင်းရဲ မရှိကြကုန်၊ ကပ်ငြိတွယ်တာမှု 'အာသာ' မရှိကြကုန်ဘဲ ကျင့်ကြံကုန်၏၊ ထိုသူတို့ကို မုနိဟူ၍ ဆို၏။ 2-1085

နန္ဒသည် ဤသို့ မေးလျှောက်၏...
ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသမဏဗြာဟ္မဏ အားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်း စင်ကြယ်၏ ဟု ဆိုကုန်၏၊ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ' ဖြင့်လည်း စင်ကြယ်၏ဟူ၍ ဆိုကုန်၏၊ များသော အပြားရှိသော ကောတု ဟလမင်္ဂလာဖြင့်လည်း စင်ကြယ်၏ဟု ဆိုကုန်၏၊ မြတ်စွာဘုရား အသို့ပါနည်း၊ ထိုသမဏဗြာဟ္မဏ အားလုံးတို့သည် ထိုမိမိ အယူ၌ စောင့်စည်း နေထိုင်ကြ ကုန်သည်ရှိသော် ပဋိသန္ဓေနေမှု အိုမှုကို လွန်မြောက်နိုင်ပါကုန်သလော၊ မြတ်စွာဘုရား ထိုအကြောင်းကို မေးလျှောက်ပါ၏၊ အကျွန်ုပ်အား ထိုအကြောင်းကို ဟောတော်မူပါလော့။ 3-1086

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
နန္ဒ ဤသမဏဗြာဟ္မဏ အားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ' ဖြင့်လည်း စင်ကြယ် ၏ဟူ၍ ဆိုကြကုန်၏၊ များသော အပြားရှိသော ကောတုဟလမင်္ဂလာဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် မိမိအယူ၌ ယူ၍ စောင့်စည်းနေထိုင်ကြစေကာမူ ထိုသမဏ ဗြာဟ္မဏတို့သည် ပဋိသန္ဓေနေမှု အိုမှုကို မကူးမြောက်နိုင်ကြကုန်ဟု ငါ ဆို၏။ 4-1087

နန္ဒသည် ဤသို့ မေးလျှောက်၏...
မြတ်စွာဘုရား ဤသမဏဗြာဟ္မဏအားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ စောင့်ထိန်း မှု 'သီလ' ဆောက်တည်မှု 'ဝတ' ဖြင့်လည်း စင်ကြယ်၏ ဟူ၍ ဆိုကြကုန်၏၊ များသော အပြားရှိသော ကောတုဟလ မင်္ဂလာ ဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ ထိုသမဏဗြာဟ္မဏအားလုံးတို့ကို သံသရာ အယဉ် 'သြဃ'မှ မကူး မြောက်နိုင်ကြသူတို့ဟု အကယ်၍ ဟောတော် မူခဲ့မူ မြတ်စွာဘုရား နတ်လောက လူ့လောက၌ အဘယ်သူသည် ပဋိသန္ဓေ နေမှု အိုမှုကို ကူးမြောက်နိုင်ပါသနည်း၊ မြတ်စွာဘုရား ထိုအကြောင်းကို မေးလျှောက် ပါ၏၊ အကျွန်ုပ်အား ထိုအကြောင်းကို ဟောတော်မူပါလော့။ 5-1088

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
နန္ဒ သမဏဗြာဟ္မဏအားလုံးတို့ကို ပဋိသန္ဓေနေမှု အိုမှုသည် ပိတ်ဖုံး အပ်ကုန် ၏ဟူ၍ ငါမဆို၊ ဤလောက၌ အကြင် သူတို့သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံဖြင့် စင်ကြယ်၏ ဟူသော အယူ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ' ဖြင့် စင်ကြယ်၏ဟူသော အယူ အားလုံးကို ပယ်စွန့်၍ များသောအပြားရှိသော ကောတုဟလမင်္ဂလာ အားလုံး ကိုလည်း ပယ်စွန့်နိုင်၍ တပ်မက်မှု 'တဏှာ' ကို ပိုင်းခြားသိလျက် အာသဝေါ ကင်းကုန်၏၊ ထိုသူတို့ကို သံသရာအယဉ် 'သြဃ' မှ လွန်မြောက်ကုန်ပြီဟု ငါဆို၏။ 6-1089

နန္ဒသည် ဤသို့ လျှောက်၏...
ဂေါတမနွယ်ဖွား မြတ်စွာဘုရား မြတ်စွာဘုရား၏ ကောင်းစွာ ဟောကြားတော် မူအပ်သော ကံကိလေသာ စသော ဥပဓိကို ပယ်တတ်သည့် ထိုစကားကို အကျွန်ုပ် နှစ်သက်ပါ၏၊ ဤလောက၌ အကြင်သူတို့သည် မြင်ရသော ရူပါရုံ ကြား ရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံဖြင့် စင်ကြယ်၏ဟူသော အယူ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ' ဖြင့် စင်ကြယ်၏ဟူသော အယူ အားလုံးကို ပယ်စွန့်၍ များသော အပြားရှိသော ကောတုဟလ မင်္ဂလာ အားလုံးကိုလည်း ပယ်စွန့်နိုင်၍ တပ်မက်မှု 'တဏှာ' ကို ပိုင်းခြားသိလျက် အာသဝေါ ကင်းကုန်၏၊ ထိုသူတို့ကို သံသရာ အယဉ် 'သြဃ' မှ လွန်မြောက် ကုန်ပြီဟု အကျွန်ုပ်လည်း ဆို၏။ (၇)

၇ - နန္ဒမာဏဝပုစ္ဆာ၊ ပါရာယန၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်။

ကောတူ(တု)ဟလမင်္ဂလာ= အုတ်အုတ်ကျက်ကျက်ဖြစ်သောမင်္ဂလာ

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။