နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။

သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Monday, August 23, 2010

သိက္ခာသုံးပါး...



ပဌမ သိက္ခတ္တယသုတ်၊


ရဟန်းတို့ အကျင့်'သိက္ခာ' တို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ် သုံးမျိုးတို့နည်း ဟူမူအဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာတို့တည်း။

ရဟန်းတို့ အဓိသီလသိက္ခာ ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလ ရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤပါတိမောက္ခ သံဝရသီလကို အဓိသီလ သိက္ခာဟု ဆိုအပ်၏။

ရဟန်းတို့ အဓိစိတ္တသိက္ခာ ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့ စတုတ္ထဈာန်သို့ ရောက်၍ နေခြင်းကို အဓိစိတ္တသိက္ခာဟု ဆိုအပ်၏။

ရဟန်းတို့ အဓိပညာသိက္ခာ ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ''ဤကား ဆင်းရဲတည်း'' ဟု ဟုတ်တိုင်းမှန်စွာ သိ၏။ပ။ ''ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း'' ဟု ဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့ သစ္စာ လေးပါး သိခြင်းကို အဓိပညာသိက္ခာ ဟု ဆိုအပ်၏။ ရဟန်းတို့ အကျင့် 'သိက္ခာ' တို့သည် ဤသုံးမျိုး တို့တည်း ဟု မိန့်တော်မူ၏။ 90

၉ - ပဌမ သိက္ခတ္တယသုတ်၊ သမဏ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Thursday, August 5, 2010

သင်တို့လည်း ဤသို့ ကျင့်ရပေမည်...


စုံသလားမမေးနဲ့...
ချစ်သားရဟန်းတို့အတွက် ပြည့်စုံလှပေသော မြတ်ဗုဒ္ဓ၏ အဆုံးအမ...
ဒကာဒကာမတို့ သင်တို့လည်း ကျင့်ရပေမည်...

သည်တစ်ချီတော့ သိက္ခာဝါကြီးသူတို့ကို ဦးစားပေးရန် မလို...

ဆက်ဖတ်သင့်တယ်နော်- Read More...

Wednesday, August 4, 2010

ကိလေသာကင်းသော၊ အပြစ်မရှိသော...


အနင်္ဂဏသုတ် မှ... (ကိလေသာကင်းသော၊ အပြစ်မရှိသော)


အသျှင်မဟာမောဂ္ဂလာန်က ''ငါ့သျှင်သာရိပုတြာ ငါ့အား ဥပမာတစ်ခု ပေါ်လာပါသည်'' ဟု အသျှင်သာရိပုတြာအား လျှောက်ကြား၏။

ငါ့သျှင်မောဂ္ဂလာန် ထို့ပမာကို ဖော်ပြောပါလော့ ဟု မိန့်ဆို၏။

ငါ့သျှင် ငါသည် အခါတစ်ပါး၌ တောင်တို့ဖြင့်။ ခံရံထားသော ရာဇဂြိုဟ်ပြည်၌ နေပါသည်။ ငါ့သျှင် ငါသည် နံနက် အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံ ဝင်သောအခါ ယာဉ်လုပ်သမား၏သား သမီတိသည် ယာဉ်၏ အကွပ်တံကူကို ရွေနေစဉ် ပဏ္ဍု၏သား ယာဉ်လုပ်သမား အမျိုးသားဖြစ်ခဲ့ဖူးသည့် တက္ကတွန်းသည် အနီး၌ ရပ်တည်နေပါသည်။

ငါ့သျှင် ပဏ္ဍု၏သား ယာဉ်လုပ်သမား အမျိုးသားဖြစ်ခဲ့ဖူးသည့် တက္ကတွန်းအား-
''ဤယာဉ်လုပ်သမား၏သား သမီတိသည် ဤအကွပ်တံကူ၏ ဤသည့်အကွေး ဤသည့် အကောက် ဤသည့် အနာအဆာကို ရွေခဲ့ပါမူ ဤအကွပ်တံကူသည် အကွေးအကောက် အနာအဆာ ကင်းလျက် စင်ကြယ်သည် ဖြစ်၍ အနှစ်၌ တည်ရာ၏'' ဟု စိတ်အကြံ ဖြစ်ပေါ်လာ၏။

ငါ့သျှင် ယာဉ်လုပ်သမား ဖြစ်ခဲ့ဖူးသည့် ပဏ္ဍု၏သား တက္ကတွန်း၏ စိတ်အကြံ အတိုင်း ယာဉ်လုပ်သမား၏သား သမီတိသည် ထိုအကွပ်တံကူ၏ ထိုသည့်အကွေး ထိုသည့်အကောက် ထိုသည့် အနာအဆာကို ရွေလေ၏။ ငါ့သျှင် ထိုအခါ ယာဉ်လုပ်သမား ဖြစ်ခဲ့ဖူးသည့် ပဏ္ဍု၏သား တက္ကတွန်းသည် ''မိမိစိတ်ဖြင့် သူတစ်ပါး စိတ်ကို သိသကဲ့သို့ ရွေလေယောင်တကား'' ဟု နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ နှစ်သက် ဝမ်းမြောက်သော စကားကို မြွက်ဆိုလေ၏။

ငါ့သျှင် ဤဥပမာအတူပင် အကြင် ပုဂ္ဂိုလ်တို့သည်...

ယုံကြည်ခြင်း သဒ္ဓါတရား မရှိကုန်ဘဲ အသက်မွေးမှုအတွက်သာ ရဟန်းပြုကုန်၏၊
သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုသူများ မဟုတ်ကြကုန်၊

စဉ်းလဲတတ်ကုန်၏၊
လှည့်ပတ်တတ်ကုန်၏၊
လိမ်လည် ကောက်ကျစ် တတ်ကုန်၏၊
ပျံ့လွင့် ကုန်၏၊
မာန်ထောင် ကုန်၏၊
လျှပ်ပေါ်လော်လည်ကုန်၏၊
နှုတ်ထွက် ကြမ်းကုန်၏၊
ပရမ်းပတာ ပြောဆိုကုန်၏၊
ဣနြေ္ဒတံခါး ပိတ်ဆို့ မထားကုန်၊
အစားအစာ၌ အတိုင်းအရှည်ကို မသိကုန်၊
နိုးကြားမှု၌ အားမစိုက်ကုန်၊
ရဟန်းတရား၌ မငဲ့ကွက်ကုန်၊
သိက္ခာပုဒ်၌ ထက်သန်သော ရိုသေ လေးစားမှု မရှိကုန်၊
လာဘ်များရန်သာ ကျင့်ကုန်၏၊
အဆုံးအမ သာသနာတော်ကို လျော့လျော့ ပေါ့ပေါ့ နာယူကုန်၏၊
ဆုတ်ယုတ်ကြောင်း၌ ရှေ့သွား ပြုကုန်၏၊
နိဗ္ဗာန် 'ဥပဓိ ဝိဝေက'၌ တာဝန်မဲ့ ဖြစ်ကြကုန်၏၊
ပျင်းရိကုန်၏၊
လုံ့လ နည်းကုန်၏၊
သတိ ကင်းကုန်၏၊
ဆင်ခြင်ဉာဏ် မရှိကြကုန်၊
မတည်ကြည် ကြကုန်၊
စိတ်လေကြ ကုန်၏၊
ပညာမဲ့ကြ ကုန်၏၊
ထိုင်းအ,သူများ ဖြစ်ကြ ကုန်၏၊

အသျှင်သာရိပုတြာသည် ဤတရား ဒေသနာတည်းဟူသော ပဲခွပ်ဖြင့် ထိုပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ)စိတ်ဖြင့် သိသကဲ့သို့ ရွေလေယောင်တကား။

အကြင် အမျိုးသားတို့သည်ကား သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြုကြကုန်၏၊ မစဉ်းလဲ တတ်ကုန်၊ မလှည့်ပတ် တတ်ကုန်၊ မလိမ်လည် မကောက်ကျစ် တတ်ကုန်၊ မပျံ့လွင့်ကုန်၊ မာန်မထောင်ကုန်၊ မလျှပ်ပေါ် မလော်လည်ကုန်၊ နှုတ်ထွက် မကြမ်းကုန်၊ ပရမ်းပတာ မပြောဆိုကုန်၊ ဣနြေ္ဒတံခါး ပိတ်ဆို့ထား ကုန်၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိကုန်၏၊ နိုးကြားမှု၌ အားစိုက် ကုန်၏၊ ရဟန်းတရား၌ ငဲ့ကွက်ကုန်၏၊ သိက္ခာပုဒ်၌ ထက်သန်သော ရိုသေလေးစားခြင်း ရှိကုန်၏၊ လာဘ်များရန် မကျင့်ကုန်၊ (အဆုံးအမ သာသနာတော်ကို) လျော့လျော့ ပေါ့ပေါ့ မနာယူကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့ ဖြစ်ကုန်၏၊ နိဗ္ဗာန်'ဥပဓိ ဝိဝေက' ၌ ရှေ့သွား ပြုကုန်၏၊ ဝီရိယ ရှိကုန်၏၊ (နိဗ္ဗာန်သို့) စိတ်ကို စေလွှတ်နေ ကုန်၏၊ သတိရှိ ကုန်၏၊ ဆင်ခြင်Óဏ် ရှိကုန်၏၊ တည်ကြည် ကုန်၏၊ စိတ်မလေလွင့်ကုန်၊ ပညာ ရှိကုန်၏၊ မထိုင်းမအကုန်၊ ထိုအမျိုးသားတို့သည် အသျှင်သာရိပုတြာ၏ ဤတရား ဒေသနာကို ကြားကြကုန်၍ ''အသျှင်တို့ ကောင်းလှပေစွ၊ အသျှင်သာရိပုတြာသည် သီတင်း သုံးဖော်တို့ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေဘိ၏'' ဟု (အမြိုက်အရသာကို သောက်ကုန်ဘိသကဲ့သို့ လည်းကောင်း၊ သုဓာဘုတ်ကို စားကုန်ဘိ သကဲ့သို့ လည်းကောင်း) နှုတ်ရောစိတ်ပါ သောက်ကြ စားကြလေယောင် တကား။

ငါ့သျှင် ဥပမာသော်ကား ငယ်ရွယ်နုပျို၍ အလှပြင်လေ့ရှိသည့် ဦးခေါင်းနှင့် တကွ ရေချိုးပြီးသော မိန်းမ၊ သို့မဟုတ် ယောက်ျားသည် ကြာပန်းကို ဖြစ်စေ၊ မိုးဆွေပန်းကို ဖြစ်စေ၊ စစ်ကြီးပန်း စံပယ်ပန်းကို ဖြစ်စေ ရခဲ့သော် လက်နှစ်ဖက်ဖြင့် ခံယူကာ ဦးခေါင်းပေါ်၌ ပန်ဆင်ရာ သကဲ့သို့ အကြင်အမျိုးသားတို့သည် သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြု ကြကုန်၏၊

မစဉ်းလဲကုန်၊ မလှည့်ပတ် တတ်ကုန်၊ မလိမ်လည် မကောက်ကျစ် တတ်ကုန်၊ စိတ်မပျံ့လွင့်ကုန်၊ မာန်မထောင်ကုန်၊ မလျှပ်ပေါ် မလော်လည်ကုန်၊ နှုတ်ထွက် မကြမ်းကုန်၊ ပရမ်းပတာ မပြောဆိုကုန်၊ ဣနြေ္ဒတံခါးပိတ်ဆို့ထား ကုန်၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိကုန်၏၊ နိုးကြားမှု၌ အားစိုက်ကုန်၏၊ ရဟန်း တရား၌ ငဲ့ကွက်ကုန်၏၊ သိက္ခာပုဒ်၌ ထက်သန်သော ရိုသေ လေးစားခြင်း ရှိကုန်၏၊ လာဘ်များရန် မကျင့်ကုန်၊ အဆုံးအမ သာသနာတော်ကို လျော့လျော့ ပေါ့ပေါ့ မနာယူကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့ ဖြစ်ကုန်၏၊ နိဗ္ဗာန် 'ဥပဓိဝိဝေက' ၌ ရှေ့သွား ပြုကုန်၏၊ လုံ့လ ရှိကြကုန်၏၊ နိဗ္ဗာန်သို့ စိတ်ကို စေလွှတ် နေကုန်၏၊ သတိ ရှိကုန်၏၊ ဆင်ခြင်ဥာဏ် ရှိကုန်၏၊ တည်ကြည်ကုန်၏၊ စိတ်မလေလွင့် ကုန်၊ ပညာရှိ ကုန်၏၊ မထိုင်းမအကုန်၊ ထိုအမျိုးသားတို့သည် အသျှင်သာရိပုတြာ၏ ဤတရား ဒေသနာကို နာကြားရ ကုန်၍-

''အသျှင်တို့ ကောင်းလှပေစွ၊ အသျှင်သာရိပုတြာသည် သီတင်းသုံးဖော်တို့ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေဘိ၏'' ဟု အမြိုက်အရသာကို သောက်ကုန်ဘိ သကဲ့သို့ လည်းကောင်း၊ သုဓာဘုတ်ကို စားကုန်ဘိ သကဲ့သို့ လည်းကောင်း နှုတ်ရောစိတ်ပါ သောက်ကြ စားကြလေယောင်တကား'' ဟု လျှောက်ကြား၏။

ဤသို့လျှင် ထိုအဂ္ဂသာဝက ရဟန္တာ အရှင်မြတ်ကြီး နှစ်ပါးတို့သည် အချင်းချင်း ကောင်းစွာ ဟောပြောသော စကားကို ဝမ်းမြောက်ကြလေ ကုန်သတည်း။ 63

၅ - အနင်္ဂဏသုတ်၊ မှ၊ မူလပရိယာယ၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

ဆရာငါးဦးကိုပြခြင်း...



ဆရာငါးဦးကိုပြခြင်း


မောဂ္ဂလ္လာန် လောက၌ ဆရာငါးဦးတို့သည် ထင်ရှား ရှိကုန်၏၊
ငါးဦးတို့ကား အဘယ်သူတို့နည်း။

မောဂ္ဂလ္လာန် ဤလောက၌ ဆရာအချို့သည်...
စင်ကြယ်သော သီလ မရှိဘဲလျက် ''စင်ကြယ်သော သီလ ရှိ၏''၊ ''ငါ၏ သီလသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် စင်ကြယ်သော သီလ မရှိဘဲလျက် 'စင်ကြယ်သော သီလ ရှိ၏'၊ 'ငါ၏ သီလသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူဤဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ် စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန်အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေးပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ထား၏။ အကြင် အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှားလတ္တံ့'' ဟု သိကုန်၏။ မောဂ္ဂလ္လာန် ဤသို့သော ဆရာကို တပည့်တို့သည် သီလမှ စောင့်ကုန်၏။ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ သီလမှ စောင့်ခြင်းကို တောင့်တ၏။


မောဂ္ဂလ္လာန် နောက်တစ်မျိုးကား
ဤလောက၌ ဆရာ အချို့သည် စင်ကြယ်သော အသက်မွေးခြင်း မရှိဘဲလျက် ''စင်ကြယ်သော အသက် မွေးခြင်း ရှိ၏''၊ ''ငါ၏ အသက် မွေးခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် စင်ကြယ်သော အသက် မွေးခြင်း မရှိဘဲလျက် 'စင်ကြယ်သော အသက် မွေးခြင်း ရှိ၏'၊ 'ငါ၏ အသက် မွေးခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူ ဤအသျှင် ဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ်သော စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန်အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေးပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ထား၏၊ အကြင်အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှားလတ္တံ့'' ဟု သိကုန်၏၊ မောဂ္ဂလ္လာန် ဤသို့သော ဆရာကို တပည့်တို့သည် အသက် မွေးခြင်းမှ စောင့်ကုန်၏၊ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ အသက် မွေးခြင်းမှ စောင့်ခြင်းကို တောင့်တ၏။


မောဂ္ဂလ္လာန် နောက်တစ်မျိုးကား
ဤလောက၌ ဆရာ အချို့သည် မစင်ကြယ်သော တရားဟောခြင်း ရှိလျက် ''စင်ကြယ်သော တရား ဟောခြင်း ရှိ၏''၊ ''ငါ၏ တရား ဟောခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် မစင်ကြယ်သော တရားဟောခြင်း ရှိလျက် 'စင်ကြယ်သော တရား ဟောခြင်း ရှိ၏'၊ 'ငါ၏ တရား ဟောခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူ ဤအသျှင် ဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ် စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန်အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေးပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ထား၏။ အကြင် အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှား လတ္တံ့'' ဟု သိကုန်၏၊ မောဂ္ဂလ္လာန် ဤသို့သော ဆရာကို တပည့်တို့သည် တရား ဟောခြင်းမှ စောင့်ကုန်၏။ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ တရား ဟောခြင်းမှ စောင့်ခြင်းကို တောင့်တ၏။

မောဂ္ဂလ္လာန် နောက်တစ်မျိုးကား
ဤလောက၌ ဆရာအချို့သည် မစင်ကြယ်သော ပြောကြားခြင်း ရှိလျက် ''စင်ကြယ်သော ပြောကြားခြင်း ရှိ၏''၊ ''ငါ၏ ပြောကြားခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် မစင်ကြယ်သော ပြောကြားခြင်းရှိလျက် 'စင်ကြယ်သော ပြောကြားခြင်း ရှိ၏'၊ 'ငါ၏ ပြောကြားခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူ ဤအသျှင် ဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ် စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန် အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေးပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ ထား၏၊ အကြင် အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှား လတ္တံ့'' ဟု သိကုန်၏၊ မောဂ္ဂလာန် ဤသို့သော ဆရာကို တပည့်တို့သည် ပြောကြားခြင်းမှ စောင့်ကုန်၏၊ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ ပြောကြားခြင်းမှ စောင့်ခြင်းကို တောင့်တ၏။

မောဂ္ဂလ္လာန် နောက်တစ်မျိုးကား
ဤလောက၌ ဆရာအချို့သည် မစင်ကြယ်သော ဉာဏ် အမြင်ရှိလျက် ''စင်ကြယ်သော ဉာဏ် အမြင် ရှိ၏''၊ ''ငါ၏ ဉာဏ် အမြင်သည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် မစင်ကြယ်သော ဉာဏ်အမြင် ရှိလျက် 'စင်ကြယ်သော ဉာဏ် အမြင် ရှိ၏'၊ 'ငါ၏ ဉာဏ် အမြင်သည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူ ဤအသျှင် ဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ် စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန်အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေး ပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ထား၏၊ အကြင် အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှား လတ္တံ့'' ဟု သိကုန်၏၊ မောဂ္ဂလ္လာန် ဤသို့သော ဆရာကို တပည့်တို့သည် ဉာဏ်အမြင်မှ စောင့်ကုန်၏၊ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ ဉာဏ်အမြင်မှ စောင့်ခြင်းကို တောင့်တ၏။

မောဂ္ဂလ္လာန် လောက၌ ဤဆရာ ငါးဦးတို့သည် ရှိကုန်၏။
မောဂ္ဂလ္လာန် ငါမူကား စင်ကြယ်သော သီလ ရှိသောကြောင့် ''စင်ကြယ်သော သီလ ရှိ၏''၊ ''ငါ၏သီလသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ငါ့ကိုလည်း တပည့်တို့သည် သီလမှ မစောင့်ကုန်၊ ငါသည်လည်း တပည့်တို့၏ သီလမှ စောင့်ခြင်းကို မတောင့်တ။ စင်ကြယ်သော အသက်မွေးခြင်း ရှိသောကြောင့်။ပ။ စင်ကြယ်သော တရား ဟောခြင်း ရှိသောကြောင့်။ပ။ စင်ကြယ်သော ပြောကြားခြင်း ရှိသောကြောင့်။ပ။ စင်ကြယ်သော ဉာဏ်အမြင် ရှိသောကြောင့် ''စင်ကြယ်သော ဉာဏ်အမြင် ရှိ၏''၊ ''ငါ၏ ဉာဏ်အမြင်သည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ငါ့ကိုလည်း တပည့်တို့သည် ဉာဏ်အမြင်မှ မစောင့်ကုန်၊ ငါသည်လည်း တပည့်တို့၏ ဉာဏ်အမြင်မှ စောင့်ခြင်းကို မတောင့်တ ဟု မိန့်တော်မူ၏။ 334

ဆရာငါးဦးကိုပြခြင်း၊ သံဃဘေဒက္ခန္ဓ၊ စူဠ၀ဂ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Thursday, July 22, 2010

ဆက်ဖတ်သင့်တယ်နော်- Read More...

Monday, July 19, 2010

ရဟန်းဖြစ်ပြီး ခိုး၍ ခြောင်း၍ နားထောင်မှု...

ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု




သိက္ခာပုဒ် အမှတ် ၁၂၇

ဥပဿုတိသိက္ခာပုဒ် - (ဥပဿုတိ=နားထောင်ခြင်း)


ရဟန်းဖြစ်ပြီး ခိုး၍ ခြောင်း၍ နားထောင်မှု...


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်း တို့သည် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့နှင့်အတူ ခိုက်ရန်ဖြစ်ကုန်၏။ သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့သည် ''ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းတို့သည် အရှက်မရှိကုန်၊ ဤရဟန်းတို့နှင့် အတူ ခိုက်ရန်ဖြစ်ခြင်းငှါ မသင့်'' ဟု ပြောဆိုကုန်၏။

သီလကို ချစ်မြတ်နိုးသောသူတို့နှင့် သီလကို မနှစ်သက်သော ဆဗ္ဗဂ္ဂီရဟန်းတို့ အတူတွဲ၍ မရနိုင်ပေ... ခိုက်ရန်ဖြစ်တိုင်း နှစ်ဖက်လုံး မကောင်းဟု ပြောမဖြစ်နိုင်... ယုတ်ညံ့သူခြင်း ခိုက်ရန်ဖြစ်တတ်သလို... မြင့်မြတ်သူနှင့် ယုတ်ညံ့သူတို့လည်း ခိုက်ရန်ဖြစ်တတ်ပေသည်... မြင့်မြတ်သူခြင်းကား ဘယ်သောအခါမှ ခိုက်ရန်မဖြစ်တော့ပေ... (အရိယာသံဃာ)

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ''ငါ့သျှင်တို့ သင်တို့သည် အဘယ့်ကြောင့် ငါတို့ကို အရှက်မရှိ'' ဟု ဆိုကုန်ဘိသနည်း ဟူ၍ ပြောဆိုကုန်၏၊ ငါ့သျှင်တို့ သင်တို့သည် အဘယ်သို့သော အခြင်းအရာဖြင့် ကြားကုန်သနည်းဟု ဆိုသည်ရှိသော် ငါတို့သည် အသျှင်တို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေကုန်၏ ဟု ပြောဆိုကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခိုက်ရန် ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ပြောဆိုကုန်သော ရဟန်းတို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေကုန်ဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ သင်တို့သည် ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ပြောဆိုကုန်သော ရဟန်းတို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေကုန်၏ ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။ပ။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ပြောဆိုကုန်သော ရဟန်းတို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေကုန်ဘိသနည်း။ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော ယောက်ျားတို့ ဤ သင်တို့ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 469

''အကြင်ရဟန်းသည် ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ဆိုကုန်သော ရဟန်းတို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ 'ဤရဟန်းတို့ ပြောဆိုလတံ္တ့သော စကားကို နားထောင်အံ့' ဟု ထိုအကြောင်းကိုသာလျှင် အကြောင်းပြု၍ အခြားအကြောင်း မရှိဘဲ ရပ်တည်ငြားအံ့၊ ထိုရဟန်းအား ပါစိတ် အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ 127 - 78 - 470

ယခင်က ချောင်းနားထောင်လျှင် မဂ်ဖိုလ်မှ အချီးနှီးသော ယောက်ကျားဟုဆို၍ ပါစိတ်အာပတ် သင့်သည် ဆိုခဲ့သော်... ယခုခေတ်တွင် ချောင်း၍ အသံပါ ဖမ်းထားကြပေသေးသည် မည်သို့သော အာပတ်များ ဆက်သင့်မည် မပြောတတ်ပါ...

၈ - ဥပဿုတိသိက္ခာပုဒ် အဖွင့်

အကြင် ဟူသည် အကြင်သို့ သဘော ရှိသော။ပ။ ရဟန်း ဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း'' ဟူ၍ အလိုရှိ အပ်၏။ ရဟန်းတို့၏ ဟူသည် အခြားသော ရဟန်းတို့၏။ ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ပြောဆိုကုန်သော ဟူသည် အဓိကရုဏ်း ဖြစ်ကုန်သော။ စကားသံကို ကြားလောက်ရာအနီးအရပ်၌ ရပ်တည်ငြားအံ့ ဟူသည် ''ဤရဟန်းတို့၏ စကားကို ကြား၍ စောဒနာအံ့ အောက်မေ့စေအံ့ တစ်ဖန် ပြန်၍ စောဒနာအံ့ တစ်ဖန်ပြန်၍ အောက်မေ့စေအံ့ မျက်နှာမလှအောင် ပြုအံ့'' ဟု သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အကြင်အရပ်၌ ရပ်တည်လျက် နာကြားအံ့၊ ပါစိတ်အာပတ် သင့်၏။ နောက်မှ သွားသော ရဟန်းသည် နာကြားအံ့ဟု နှလုံးပိုက်၍ လျင်လျင်မြန်မြန် သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အကြင်အရပ်၌ ရပ်လျက် နားထောင်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရှေ့မှ သွားသော ရဟန်းသည် နာကြားအံ့ဟု နှလုံးပိုက်၍ ချန်နေရစ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အကြင်အရပ်၌ ရပ်တည်၍ နာကြားအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၏ တည်ရာအရပ်သို့လည်းကောင်း၊ နေရာအရပ်သို့ လည်းကောင်း၊ အိပ်ရာအရပ်သို့ လည်းကောင်း လာ၍ တိုင်ပင်သည်ရှိသော် ချောင်းဟန့်ရမည်၊ သိစေရမည်၊ အကယ်၍မူလည်း ချောင်းမဟန့်ငြားအံ့ အကယ်၍မူလည်း မသိစေငြားအံ့၊ ပါစိတ် အာပတ် သင့်၏။ ထိုအကြောင်းကိုသာလျှင် အကြောင်းပြု၍ အခြားအကြောင်း မရှိဘဲဟူသည် စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေခြင်းငှါ တစ်စုံတစ်ခုသော အခြားအကြောင်းသည် မရှိ။ 471

ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ ကြားလောက်ရာ အနီးအရပ်၌ တည်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ ကြားလောက်ရာ အနီးအရပ်၌ တည်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ကြားလောက်ရာ အနီးအရပ်၌ တည်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၏ ကြားလောက်ရာ အနီးအရပ်၌ တည်အံ့ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်း မဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့။ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ 472

''ဤရဟန်းတို့၏ စကားကို ကြား၍ ရှောင်ကြဉ်အံ့ အထူးရှောင်ကြဉ်အံ့ ငြိမ်းစေအံ့ မိမိကိုယ်ကို လွတ်စေအံ့'' ဟု နှလုံးသွင်း၍ သွားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ 473

၈ - ဥပဿုတိသိက္ခာပုဒ်၊ သဟဓမ္မိက၀ဂ်၊ ဘိက္ခုပါစိတ်အခန်း။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Tuesday, July 13, 2010

လောဘ, ဒေါသ, မောဟ တရားတို့သည်...


ပုရိသသုတ်

လောဘ, ဒေါသ, မောဟ တရားတို့သည်...

သာဝတ္ထိနိဒါန်း။ ထိုအခါ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်၏၊ တစ်ခုသော အရပ်၌ ထိုင်နေပြီးသော် ပသေနဒီ ကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား အဘယ်မျှကုန်သော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါလည်းကောင်း၊ ဆင်းရဲခြင်းငှါ လည်းကောင်း၊ ချမ်းသာစွာ မနေရခြင်းငှါ လည်းကောင်း ဖြစ်ပါကုန်သနည်း'' ဟု လျှောက်၏။

မင်းကြီး သုံးပါးသော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်ကုန်၏။

အဘယ်သုံးပါးတို့နည်းဟူမူ-

၁...
မင်းကြီး လိုချင်မှု 'လောဘ'တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

၂...
မင်းကြီး အမျက်ထွက်မှု 'ဒေါသ'တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

၃...
မင်းကြီး တွေဝေမှု 'မောဟ'တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

မင်းကြီး ဤသုံးပါးကုန်သော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

အခွံလျှင် အနှစ်ရှိသော ဝါးပင်၊ကျူပင်စသော အပင်ကို မိမိအသီးသည် ညှဉ်းဆဲ ဖျက်ဆီးသကဲ့သို့၊ မိမိကိုယ်တွင်း၌ ဖြစ်ကုန်သော လောဘ, ဒေါသ, မောဟ တရားတို့သည် မကောင်းသော စိတ်ရှိသော သတ္တဝါကို ညှဉ်းဆဲဖျက်ဆီးကုန်၏ ဟု မိန့်တော်မူ၏။ 113

၂ - ပုရိသသုတ်၊ ပဌမ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Thursday, July 8, 2010

အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏...


အဂ္ဂဓမ္မသုတ်


အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏...


ရဟန်းတို့ တရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်သော တရား ဟု ဆိုအပ်သော အရဟတ္တဖိုလ်ကို မျက်မှောက် ပြုရန် မထိုက်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်

၁... ယုံကြည်မှု 'သဒ္ဓါ' မရှိ၊
၂... ရှက်မှု 'ဟိရီ' မရှိ၊
၃... ကြောက်လန့်မှု 'သြတ္တပ္ပ' မရှိ၊
၎... ပျင်းရိ၏၊
၅... ပညာမဲ့၏၊
၆... ကိုယ်နှင့် အသက်တို့၌ ငဲ့ကွက်မှု ရှိ၏။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်သော တရားဟု ဆိုအပ်သော အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် မထိုက်။

ရဟန်းတို့ တရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်သော တရားဟု ဆိုအပ်သော အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ-
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ယုံကြည်မှု 'သဒ္ဓါ' ရှိ၏၊ ရှက်မှု 'ဟိရီ' ရှိ၏၊ ကြောက်လန့်မှု 'သြတ္တပ္ပ' ရှိ၏၊ ထက်သန်သော လုံ့လရှိ၏၊ ပညာရှိ၏၊ ကိုယ်နှင့် အသက်တို့၌ ငဲ့ကွက်မှု မရှိ။
ရဟန်းတို့ ဤ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်သော တရားဟု ဆိုအပ်သော အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏ ဟု မိန့်တော်မူ၏။ 83

၉ - အဂ္ဂဓမ္မသုတ်၊ အရဟတ္တ၀ဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏...



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...

Thursday, July 1, 2010

အမျိုးသမီး (မာတုဂါမ) နှင့် အတူအိပ်မှု...

သိက္ခာပုဒ် အမှတ် ၅၅


ဒုတိယသဟသေယျသိက္ခာပုဒ်


အမျိုးသမီး (မာတုဂါမ) နှင့် အတူအိပ်မှု...


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံ ဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ သောအခါ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည်သို့ ကြွသွားရာ ညနေချမ်းအချိန်တွင် ကောသလတိုင်း ဇနပုဒ်ရွာတစ်ရွာသို့ ရောက်၏။

ထိုအခါ ထိုရွာ၌ မိန်းမတစ်ယောက်သည် ဧည့်သည်တည်းခိုရန် အိမ်ကို ပြုလုပ်ထား၏။ ထိုအခါ အသျှင်အနုရုဒ္ဓါသည် ထိုမိန်းမထံသို့ ချဉ်းကပ်ပြီးလျှင် ထိုမိန်းမကို ''နှမ အကယ်၍ ဝန်မလေးပါမူကား ဧည့်သည်တည်းခိုရန် အိမ်၌ တစ်ညဥ့်နေလို၏'' ဟု ပြောဆို၏။ အသျှင်ဘုရား နေတော်မူပါလော့ဟု လျှောက်၏။

အခြားခရီးသည်တို့လည်း ထိုမိန်းမထံသို့ ချဉ်းကပ်ပြီးလျှင် ထိုမိန်းမကို ''အရှင်မ သင့်အား အကယ်၍ ဝန်မလေးပါမူကား ဧည့်သည် တည်းခိုရန်အိမ်၌ တစ်ညဥ့်မျှ တည်းခိုကြပါရစေ'' ဟု ပြောဆိုကြကုန်၏။အမောင်တို့ ဤရဟန်းသည် ရှေ့ဦးစွာ ကြွလာ၏၊ ထိုရဟန်း ခွင့်ပြုပါက နေကုန်လော့ဟု ဆို၏။

ထိုအခါ ထိုခရီးသည်တို့သည် အသျှင်အနုရုဒ္ဓါ မထေရ်ထံသို့ ချဉ်းကပ်၍ အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား အသျှင်အား အကယ်၍ ဝန်မလေးပါမူကား ဧည့်သည်တည်းခိုရန် အိမ်၌ တစ်ညဥ့်မျှ တည်းခိုကြပါရစေ'' ဟု လျှောက်ကြကုန်၏။ ဒါယကာတို့ နေကုန်လော့ဟု မိန့်ဆို၏။

ထိုအခါ ထိုမိန်းမသည် အသျှင်အနုရုဒ္ဓါကို မြင်သည်နှင့် တစ်ပြိုင်နက် တပ်မက်စိတ် ဖြစ်နေ၏။ ထိုအခါထိုမိန်းမသည် အသျှင်အနုရုဒ္ဓါထံသို့ ချဉ်းကပ်၍ အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား အသျှင်သည် ဤလူတို့နှင့် ရောပြွန်းသောကြောင့် ချမ်းသာစွာ နေရမည် မဟုတ်ပါ၊ အသျှင်ဘုရား တောင်းပန်ပါသည်၊ အကျွန်ုပ်သည် အသျှင်ဘုရား၏ ညောင်စောင်း 'ခုတင်' ကို အိမ်တွင်း၌ ခင်းပေးပါအံ့'' ဟု လျှောက်၏။ အသျှင်အနုရုဒ္ဓါ ဆိတ်ဆိတ်နေ၍ လက်ခံလေ၏။

ထိုအခါ ထိုမိန်းမသည် အသျှင်အနုရုဒ္ဓါ၏ ညောင်စောင်းကို အိမ်တွင်း၌ ခင်း၍ အဝတ်တန်ဆာ ကောင်းစွာ ဝတ်စားဆင်ယင်ပြီးလျှင် သင်းပျံ့မွှေးကြိုင်သော နံ့သာအနံ့တို့ဖြင့် ကြိုင်လှိုင်စေလျက် အသျှင်အနုရုဒ္ဓါထံသို့ ချဉ်းကပ်၍ အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား အသျှင်သည် အလွန်အဆင်းလှ၏၊ ရှုချင်စဖွယ် ရှိ၏၊ ကြည်ညိုဖွယ် ကောင်းလှ၏။ အကျွန်ုပ် သည်လည်း အဆင်းလှပါသည်။ ရှုချင်စဖွယ်ရှိပါသည်၊ ကြည်ညိုဖွယ်ကောင်းပါသည်။ အသျှင်ဘုရား တောင်းပန်ပါသည်၊ တပည့်တော်မသည် အသျှင်ဘုရား၏ မယားဖြစ်လိုပါ၏'' ဟု လျှောက်၏။

ဤသို့ လျှောက်သောအခါ အသျှင်အနုရုဒ္ဓါ မထေရ်သည် ဆိတ်ဆိတ် နေ၏။

နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ထိုမိန်းမသည် အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား အသျှင်သည် အလွန်အဆင်းလှ၏၊ ရှုချင်စဖွယ် ရှိ၏၊ ကြည်ညိုဖွယ် ကောင်းလှ၏၊ အကျွန်ုပ်သည်လည်း အလွန်အဆင်းလှပါသည်၊ ရှုချင်စဖွယ် ရှိပါသည်၊ ကြည်ညိုဖွယ် ကောင်းပါသည်၊ အသျှင်ဘုရား တောင်းပန်ပါသည်၊ အသျှင်သည် တပည့်တော်မနှင့် ဥစ္စာပစ္စည်း အားလုံးကို သိမ်းပိုက် ခံယူတော်မူပါ'' ဟုလျောက်၏။
အသျှင်အနုရုဒ္ဓါသည် သုံးကြိမ်မြောက်လည်း ဆိတ်ဆိတ်နေ၏။
ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံသည်မည်၏ဟု နေရာတကာမှတ်၍ မရနိုင်ပါ... ဤနေရာတွင် အရှင်အနုရုဒ္ဓါ၏ ဆိတ်ဆိတ်နေခြင်းသည် လက်မခံခြင်း အမှတ်သာ ဖြစ်ပေသည်...

ထိုအခါ ထိုမိန်းမသည် အဝတ်ထဘီကို ချွတ်၍ အသျှင်အနုရုဒ္ဓါ၏ ရှေ့မှ စင်္ကြံလည်း လျှောက်၏၊ ရပ်လည်း ရပ်၏၊ ထိုင်လည်း ထိုင်၏၊ အိပ်လည်း အိပ်၏၊ ထိုအခါ အသျှင်အနုရုဒ္ဓါသည် မျက်စိအစရှိသော ဣနြေတို့ကို အောက်သို့ချ၍ ထိုမိန်းမကို ကြည့်လည်း မကြည့်၊ စကားလည်း မပြော နေတော်မူ၏။


အရှင်အနုရုဒ္ဓါသည်ကား အံ့ဖွယ်ထူးဆန်း ရဟန်းမြတ်ဖြစ်ပေသည်တကား... သာမန်သူလိုကိုယ်လို ရဟန်းသာဆိုလျှင်တော့ ပါရာဇိကလောက်ပေပြီ... လှကလည်းလှ ပစ္စည်းကလည်းပြည့်စုံ အဝတ်ထဘီကိုလည်း ချွတ်၍ပြ နေရာကလည်း နှစ်ဦးခြင်း လိုလိုချင်ချင်လည်း လက္ခံနေ... မလွယ် မလွယ်... ကြည်ညိုပါသည် အရှင်ဘုရား... ကြင့်ရပေဦးမည် အရှင်ကောင်းတို့...

ထိုအခါ ထိုမိန်းမသည် ''အချင်းတို့ အံ့ဖွယ် ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ များစွာသော လူတို့သည် ငါ့ကို အရာအထောင်သော ဥစ္စာပစ္စည်းဖြင့် စေလွှတ်၍ တောင်းရမ်း ကုန်၏၊ စေ့စပ်ကြောင်းလမ်းကြကုန်၏။ ဤရဟန်းသည်ကား ငါကိုယ်တိုင် တောင်းပန်ပါလျက် ငါနှင့် ဥစ္စာပစ္စည်းအားလုံးကို သိမ်းပိုက်ခံယူဖို့ရန် အလိုမရှိ'' ဟု ဆို၍ ထဘီကို ဝတ်ပြီးလျှင် အသျှင်အနုရုဒ္ဓါ၏ ခြေတို့၌ဦးခေါင်းဖြင့် ဝပ်လျှိုးလျက် အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား မိုက်သည့် အလျောက် တွေဝေသည့် အလျောက် မလိမ္မာသည့် အလျောက် အပြစ်သည် တပည့်တော်မကို လွှမ်းမိုး ကျရောက်ခဲ့ပါပြီ။ တပည့်တော်မသည် ဤသို့ မတော်မလျော်သော အမှုကို ပြုမိပါ၏၊ အသျှင်ဘုရား အသျှင်သည် တပည့်တော်မ၏ အပြစ်ကို အပြစ်အားဖြင့် နောင်အခါ စောင့်စည်း ပါရခြင်းငှါ သည်းခံတော်မူပါလော့'' ဟု လျှောက်၏။

သူတော်ကောင်းဓာတ်ကိန်းသူများ အမှားကို အမြဲ တောင်းပန်တာ တွေ့ရတယ်... သူညံ့များကတော့ မိမိအမှားကို အမှားနဲ့ ထပ်ဖုံးကြပြန်ပါတယ်... ဘုန်းကြီးတို့တစ်တွေကော သူတော်ကောင်း တကယ် ဖြစ်လိုသူတွေလား... သူညံ့ဖြစ်နေသူတွေလား... ဆန်းစစ်ကြဖို့ လိုပေပြီ... ပြုပြင်ကြဖို့ လိုနေသည်...

''နှမ ကောင်းပါပြီ၊ မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့် အလျောက် အပြစ်သည် သင့်ကို လွှမ်းမိုးနှိပ်စက်ခဲ့၏၊ သင်သည် ဤသို့ မတော် မလျော်သော အမှုကို ပြုမိ၏၊ နှမ သင်သည် အကြင်ကြောင့် အပြစ်ကို အပြစ်အားဖြင့် မြင်၍ တရားနှင့်လျော်စွာ ကုစား၏၊ ထို့ကြောင့် သင်၏ ထိုအပြစ်ကို ငါတို့ သည်းခံကုန်၏။ နှမ အကြင်သူသည် အပြစ်ကို အပြစ်အားဖြင့် မြင်၍ တရားနှင့် လျော်စွာ ကုစား၏၊ နောင်အခါ၌လည်း စောင့်စည်း၏၊ ဤသို့ ပြုခြင်းသည် ဘုရား၏ အဆုံးအမ၌ ကြီးပွားကြောင်းသာလျှင် ဖြစ်၏'' ဟု မိန့်တော်မူ၏။

အမှားကိုအမှားလို့သိပြီး ကုစားခြင်းဟာ မြတ်ဗုဒ္ဓသာသနာမှာ ကြီးပွားကြောင်းတဲ့ သူတော်ကောင်းဖြစ်လိုသူတွေက အမှားကို တောင်းပန်ကြသလို... သူတော်ကောင်းတွေက သည်းခံခွင့်လွှတ်ကြပြန်ပါတယ်... သည်လိုသာဆို လောကကြီးဟာ ငြိမ်းချမ်းသာယာ ပျော်ရွှင်ရမယ်... လူသတ်လက်နက်တွေ ကွယ်ပျောက်သွားမှာ အမှန်ပါပဲ...

ထိုအခါ ထိုမိန်းမသည် ထိုညဥ့်လွန်သဖြင့် အသျှင်အနုရုဒ္ဓါကို မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ဖြင့် ရောင့်ရဲသည့် တိုင်အောင် တားမြစ်သည့် တိုင်အောင် ကိုယ်တိုင် လုပ်ကျွေးလျက် ဆွမ်းစားပြီး၍ သပိတ်မှ လက်ဖယ်ပြီးသောအခါ အသျှင်အနုရုဒ္ဓါကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏။

တစ်ခုသော နေရာ၌ ထိုင်နေသော ထိုမိန်းမကို အသျှင်အနုရုဒ္ဓါသည် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေ၏။ ထိုအခါ ထိုမိန်းမသည် အသျှင်အနုရုဒ္ဓါက တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည် စေကာ တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေအပ်ပြီးဖြစ်ရကား အသျှင်အနုရုဒ္ဓါအား-

''အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ အသျှင်ဘုရား ဥပမာသော်ကား ''မှောက်ထားသည်ကို လှန်ပြဘိသကဲ့သို့ လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ပြ ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိ သကဲ့သို့ လည်းကောင်း၊ 'မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်' ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိ သကဲ့သို့ လည်းကောင်း ဤအတူသာလျှင် အသျှင်အနုရုဒ္ဓါသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏။

အသျှင်ဘုရား ထိုတပည့်တော်မသည်...
ထိုမြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
အသျှင်သည် တပည့်တော်မကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်သော ဥပါသိကာမ ဟူ၍ မှတ်တော်မူပါ'' ဟု လျှောက်၏။

ဆွမ်းအမကို အရှင်ကောင်းတွေက တရားဟောပြီး ကျေးဇူးဆပ်တယ်တဲ့... ဆွမ်းအမမှာ အကျိုးကြီးလိုက်တာ အသိမှန် အမြင်မှန်လို့ ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သူ ဥပါသိကာမ ဖြစ်သွားပြီ... ခုတော့ကာ တစ်ချို့က တရားတိုတိုဟောပါတဲ့... တစ်ချို့က သည်ဘုန်းကြီးတွေ ကျေးဇူးတင်ပါတယ် လည်း မပြောဘူးတဲ့... သူတို့က ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလောက်ကိုပဲ တန်ဖိုးလို့ ထင်ထားတတ်ကြတော့တယ်... ဆင်းရဲခြင်း အမျိုးမျိုးဘေးမှ လွတ်ကင်းစေသော သီလပေးခြင်း တရားဟောခြင်း မေတ္တာပို့ခြင်းကို ကျေးဇူးဆပ်တယ်လို့ မသိမမြင်ကြ မထင်ကြတော့ပေ... မြတ်ဗုဒ္ဓသာသနာ ကုန်ဆုံးဖို့ရာ လက္ခဏာတွေဟု ထင်မိပေသည်...

ထိုအခါ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည်သို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏၊ အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်အနုရုဒ္ဓါသည် မာတုဂါမနှင့် အတူ အိပ်ဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ထိုအခါ ထိုရဟန်းတို့သည် အသျှင်အနုရုဒ္ဓါကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင် ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။

''အနုရုဒ္ဓါ သင်သည် မာတုဂါမနှင့် အတူအိပ်၏ ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ အနုရုဒ္ဓါ သင်သည် အဘယ့်ကြောင့် မာတုဂါမနှင့်အတူ အိပ်ဘိ သနည်း။ အနုရုဒ္ဓါ ဤ သင်ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 55

''အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ အိပ်ခြင်းကို ပြုငြားအံ့၊ 55- 6- 56
ထိုရဟန်း အား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။

ဤသို့ မဖေါက်မပြန် အရှင်ကောင်းကိုတောင်မှ မာတုဂါမနှင့် တမိုးထဲအောက်၌ အိပ်မိ၍ အကဲ့ရဲ့ခံရသည်... အပြစ်တင်ခံရသည်... သူတော်ကောင်းတွေက ကဲ့ရဲ့ကြပေသည်... သို့အတွက် သီလသိက္ခာ ဖြည့်ကျင့်လိုသော ဆရာတော်ဘုရားများ ခရီးသွားလျှင် ညပိုင်းလည်း ထိုင်၍သာ နေကြသည်ဟု ကြားဖူးပါသည်... နိသဇ္ဇိဓုတင်ဆောင် ရဟန်းများ အာပတ်မသင့် အလွန်ကောင်းပေသည်...


၆ - ဒုတိယ သဟသေယျသိက္ခာပုဒ် အဖွင့်

အကြင် ဟူသည် အကြင်သို့ သဘော ရှိသော။ပ။

ရဟန်း ဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း'' ဟူ၍ အလိုရှိ အပ်၏။

မာတုဂါမဟူသည် လူမိန်းမတည်း၊ ဘီလူး နတ်,မ မဟုတ်၊ ပြိတ္တာ,မ မဟုတ်၊ တိရစ္ဆာန်,မ မဟုတ်၊ အယုတ်ဆုံးအားဖြင့် ယနေ့မွေးဖွားသော သူငယ်မပင် ဖြစ်စေကာမူ မာတုဂါမ မည်၏၊ ထို့ထက်ကြီးသော မိန်းမဖြစ်မူကား ဆိုဖွယ်ရာမရှိ။

အတူ ဟူသည် တစ်ပေါင်းတည်း။
အိပ်ရာနေရာ မည်သည် အမိုးအလုံးစုံ ရှိသော အကာအရံ အလုံးစုံရှိသော နေရာ၊ အများအားဖြင့် အမိုးရှိသော အများအားဖြင့် အကာအရံရှိသော နေရာတည်း။

အိပ်ခြင်းကို ပြုငြားအံ့ဟူသည် နေဝင်သောအခါ၌ မာတုဂါမအိပ်နေသော် ရဟန်းသည် အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း အိပ်နေသော် မာတုဂါမသည် အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ နှစ်ဦးလုံး မူလည်း အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။ ထ၍ အဖန် တလဲလဲ အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။ 57

မာတုဂါမကို မာတုဂါမဟု အမှတ်ရှိသည်ဖြစ်၍ အတူအိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
မာတုဂါမ၌ ယုံမှားရှိသည်ဖြစ်၍ အတူအိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ မာတုဂါမ၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ အတူအိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ အမိုးတစ်ဝက် အကာအရံတစ်ဝက် ရှိသော ကျောင်း၌ အိပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဘီလူးမနှင့် သော်လည်းကောင်း၊ ပြိတ္တာမနှင့် သော်လည်းကောင်း၊ ပဏ္ဍုက်နှင့် သော်လည်းကောင်း၊ တိရစ္ဆာန်မနှင့် သော်လည်းကောင်း အတူအိပ်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မာတုဂါမ မဟုတ်သူ၌ မာတုဂါမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မာတုဂါမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မာတုဂါမ မဟုတ်သူ၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။ 58

အမိုးအလုံးစုံ ရှိ၍ အကာအရံလုံးဝ မရှိသော နေရာ၊ အကာအရံအလုံးစုံ ရှိ၍ အမိုး လုံးဝ
မရှိသော နေရာ၊ အများအားဖြင့် အမိုးမရှိသော အများအားဖြင့် အကာအရံမရှိသော နေရာ၌ အာပတ် မသင့်။ မာတုဂါမအိပ်သော် ရဟန်းသည် ထိုင်နေအံ့၊ ရဟန်းအိပ်သော် မာတုဂါမ ထိုင်နေအံ့၊ နှစ်ဦးလုံးမူလည်းထိုင်နေကုန်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ 59

တစ်အိမ်ထဲမှာ မာတုဂါမနှင့် ရဟန်း အတူနေခဲ့ရသော် ဘုရားစကား နားထောင်လိုပါလျှင်... တစ်ဦးအိပ်လျှင် တစ်ဦး ထိုင်နေကြပါကုန်... ကျင့်ထားရပေဦးမည်...

၆ - ဒုတိယသဟသေယျသိက္ခာပုဒ်၊ ၁ - မုသာဝါဒဝဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆက်ဖတ်သင့်တယ်နော်- Read More...